မိဘအုပ်ထိန်းမှုပုံစံနဲ့ သားသမီးတို့ရဲ့ဘဝလမ်းကြောင်း

Posted in မိဘအုပ်ထိန်းခြင်း


မိဘတွေရဲ့ အုပ်ထိန်းမှုက ကလေးတစ်ယောက်ရဲ့ ဘဝကို ပုံဖော်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီးတော့ ကိုယ့်ရဲ့   အုပ်ထိန်းမှုပုံစံအလိုက် ကလေးရဲ့ အဘက်ဘက်ကဖွံဖြိုးတိုးတက်မှုတွေအပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်စေမှာပဲဖြစ်ပါတယ်။ အုပ်ထိန်းမှုပုံစံတိုင်းမှာ ထူးခြားတဲ့ယုံကြည်ချက်တွေ၊ အမူအကျင့်တွေနဲ့ ချဉ်းကပ်ပုံတွေ ရှိတတ်ကြပြီး အဲ့ဒါတွေက ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့  ဉာဏ်ရည်ဖွင့်ဖြိုးတိုးတက်မှုတွေအပေါ်မှာ လွှမ်းမိုးထားနိုင်မှာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးထဲမှာဆိုရင်တော့ မတူညီတဲ့အုပ်ထိန်းမှုပုံစံတွေက ကလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာကို လေ့လာသွားမှာဖြစ်ပြီး ဒီအုပ်ထိန်းမှုပုံစံတွေက ကလေးတစ်ယောက်ရဲ့ စရိုက်၊ အမူအကျင့်နဲ့ အနာဂတ်အလားအလာတွေကို ဘယ်လို ပုံဖော်သွားမလဲဆိုတာကိုလည်း မီးမောင်းထိုးပြပေးသွားမှာပဲဖြစ်ပါတယ်။

တင်းကြပ်တဲ့ မိဘအုပ်ထိန်းမှုပုံစံ

အာဏာရှင်ဆန်တဲ့ အုပ်ထိန်းမှုပုံစံရဲ့ ဝိသေသလက္ခဏာရပ်တွေကတော့ တင်းကြပ်တဲ့စည်းမျဉ်းတွေ၊ မြင့်မားတဲ့တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေမရှိသလောက်နည်းပါခြင်း ( သို့မဟုတ်) လုံးဝမရှိခြင်းစတာတွေပဲဖြစ်ပါတယ်။ ဒီ အုပ်ထိန်းမှုပုံစံက “ငါလုပ်ဆိုလုပ်လိုက်” ဆိုတဲ့ အမိန့်ဆန်ဆန်အုပ်ထိန်းမှုပုံစံဖြစ်တာကြောင့် ကလေးရဲ့ လိုအင်ဆန္ဒနဲ့ စိတ်ခံစားချက်တွေကို မိဘဘက်က တုံ့ပြန်မှုမရှိ၊ လျစ်လျူရှုထားပြီး  ထိန်းချုပ်ထားတဲ့ အုပ်ထိန်းမှုပုံစံမျိုးပဲဖြစ်ပါတယ်။

အာဏာရှင်ဆန်တဲ့ အုပ်ထိန်းမှုပုံစံက ကလေးတစ်ယောက်ရဲ့ ဘဝကို အခုလို သက်ရောက်မှုတွေဖြစ်စေမှာပဲဖြစ်ပါတယ်-

  • နာခံကျိုးနွံမှုနဲ့ စည်းကမ်းရှိမှု စတာတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်ပေမယ့်လည်း အမှီအခိုကင်းခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခြင်းစတဲ့ အရည်အချင်းတွေ နည်းပါးလာဖို့ အလားအလာများပါတယ်။
  • စိုးရိမ်ကြောင့်ကြမှုများတတ်ပြီး မိမိကိုယ်ကိုယ်အထင်ကြီးလေးစားမှု နည်းပါးခြင်းနဲ့ စိတ်ခံစားချက်တွေကို ဖော်ပြရာမှာလည်း အခက်အခဲဖြစ်စေနိုင်ပါတယ်။

ဒီအုပ်ထိန်းမှုပုံစံနဲ့ကြီးပြင်းလာတဲ့ ကလေးတွေက စည်းကမ်းတစ်ခုက ဘာလို့ချထားတယ်ဆိုတဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို မသိတာတောင် စည်းကမ်းလိုက်နာတတ်လေ့လည်း ရှိကြမှာပဲဖြစ်ပါတယ်။
လိုတာထက်ပိုပြီး အလိုလိုက်တတ်တဲ့ မိဘအုပ်ထိန်းမှုပုံစံ

ထိန်းချုပ်မှုမရှိတဲ့အုပ်ထိန်းမှုပုံစံရဲ့ ဝိသေသလက္ခဏာရပ်တွေကတော့ သက်ညှာမှုရှိခြင်း၊ အထိန်းအကွပ်နည်းခြင်းနဲ့ ကလေးရဲ့ လိုအင်ဆန္ဒတွေ၊ လုပ်ရပ်တွေအပေါ်  မျက်နှာသာပေး လိုက်လျောတတ်ခြင်း စတာတွေပဲဖြစ်ပါတယ်။

ထိန်းချုပ်မှုမရှိ လိုက်လျောတတ်တဲ့ အုပ်ထိန်းမှုပုံစံဟာဆိုရင်တော့ ကလေးတစ်ယောက်ရဲ့ ဘဝကို အခုလို သက်ရောက်မှုတွေဖြစ်စေမှာပဲဖြစ်ပါတယ်-

  • ဒီကလေးတွေက အခြားကလေးတွေထက် ရပိုင်ခွင့်တွေကို ပိုတောင်းဆိုတတ်ပြီးတော့ စည်းကမ်းမဲ့တတ်ပါတယ်။
  • စည်းကမ်းတွေလိုက်နာရာမှာနဲ့ အထိန်းအကွပ်ရှိဖို့ရာမှာ အခက်အခဲတွေ့တတ်ပါတယ်။
  • ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းနဲ့ တာဝန်ယူနိုင်စွမ်းတွေလည်း လျော့နည်းနိုင်မှာပဲဖြစ်ပါတယ်။

လုပ်ပိုင်ခွင့်ပေးထားတဲ့ မိဘအုပ်ထိန်းမှုပုံစံ

ဒီအုပ်ထိန်းမှုပုံစံက ကြည့်လိုက်မယ်ဆိုရင် ပထမဆုံးဖော်ပြထားတဲ့ အုပ်ထိန်းမှုပုံစံနဲ့ဆင်သယောင်ထင်ရပေမယ့် တကယ်တမ်းမှာတော့ စည်းကမ်းတင်းကျပ်သလို နွေးထွေးမှုရှိခြင်း၊ ကလေးအပေါ် စိတ်ပါဝင်စားမှုရှိပြီး တုံ့ပြန်တတ်မှုနဲ့ တိကျပြတ်သားတဲ့ မျှော်မှန်းချက်တွေရှိမှုစတဲ့ အချက်တွေမှာတော့ ကွာခြားသွားပါတယ်။ ဒီအုပ်ထိန်းမှုပုံစံက စည်းကမ်းသတ်မှတ်ချက် အကန့်အသတ်တွေထားသလို တစ်ဖက်ကလည်း အမှီအခိုကင်းကင်းရပ်တည်နိုင်ဖို့ကို အားပေးတဲ့ ညီညွတ်မျှတတဲ့ အုပ်ထိန်းမှုပုံစံအမျိုးအစားပဲဖြစ်ပါတယ်။

ဒီအုပ်ထိန်းမှုပုံစံက ကလေးတစ်ယောက်ကို ဒီလိုတွေဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ် -

  • ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားစေပြီး စည်းကမ်းရှိစေနိုင်သလို ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
  • စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်ကို မြှင့်တင်ပေးပြီး ခံစားချက်တွေကို ထိထိရောက်ရောက် ထုတ်ဖော်ပြောဆိုနိုင်စွမ်းကိုလည်း တိုးတက်စေမှာပဲဖြစ်ပါတယ်
  • လူမှုဆက်ဆံရေးစွမ်းရည်ကိုလည်း အားကောင်းစေသလို ရွယ်တူတွေနဲ့ အရွယ်ရောက်ပြီးသူတွေကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို မွေးမြူစေနိုင်မှာပဲဖြစ်ပါတယ်။
  • မြင့်မားတဲ့ပညာရေးအဆင့်အတန်းကိုလည်း ရရှိစေနိုင်သလို ပညာရေးမှာလည်း မြင့်မြင့်မားမားဖြစ်နိုင်သလို အောင်မြင်ဖို့ရာအတွက်လည်း လှုံ့ဆော်ပေးနိုင်မှာပဲဖြစ်ပါတယ်။

လျစ်လျူရှုပြီး ပါဝင်ပတ်သက်မှုမရှိတဲ့ မိဘအုပ်ထိန်းမှုပုံစံ

ဒီအုပ်ထိန်းမှုပုံစံရဲ့ ဝိသေသလက္ခဏာရပ်တွေကတော့ ကလေးရဲ့လိုအပ်ချက်တွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာပါဝင်ပတ်သက်မှု၊ အာရုံစိုက်မှုနဲ့ တုံ့ပြန်မှုကင်းမဲ့ခြင်း စတာတွေပဲဖြစ်ပါတယ်။

ဒီအုပ်ထိန်းမှုပုံစံနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေမှာဆိုရင် ဒီလို အကျင့်စရိုက်တွေ ရှိတတ်ပါတယ် -

  • လျစ်လျူရှုခံရတဲ့ ခံစားချက်၊ စိတ်လုံခြုံမှုနည်းခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးနည်းတယ်စတဲ့ ခံစားချက်များခံစားရခြင်း
  • စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ထိန်းသိမ်းနိုင်စွမ်း လျော့နည်းတတ်ခြင်း
  • ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှု မရှိတာကြောင့် ပညာရေးနဲ့ အကျင့်စရိုက်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေရှိတတ်ခြင်း စတာတွေပဲဖြစ်ပါတယ်။

အုပ်ထိန်းမှုပုံစံတစ်ခုစီတိုင်းမှာ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုပေမယ့် လေ့လာသူတွေကတော့ authoritative parenting style က ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ ရလဒ်တွေ အများဆုံးရရှိလေ့ရှိတယ်လို့ ဆိုကြပါတယ်။ ထိရောက်တဲ့ အုပ်ထိန်းမှုပုံစံတစ်ခုမှာ စည်းကမ်းသတ်မှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်းနဲ့ ကလေးတွေကို သူတို့ရဲ့ ထူးခြားတဲ့ အားသာချက်တွေ၊ ကိုယ်ပိုင်လက္ခဏာတွေကို ရှာဖွေဖော်ထုတ်နိုင်စေခြင်းတို့အကြား ဟန်ချက်ညီညီရှာဖွေခြင်း ပါဝင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ မတူကွဲပြားတဲ့ အုပ်ထိန်းမှုပုံစံတွေရဲ့ အကျိုးသက်ရောက်မှုကို နားလည်သဘောပေါက်သွားခြင်းက ဖေဖေမေမေတို့ကို အမြင်ကျယ်ကျယ် ရွေးချယ်မှုတွေပြုလုပ်ရာမှာနဲ့ ကလေးရဲ့ ဖွံဖြိုးမှု၊အလားအလာတွေ မြေတောင်မြှောက်ပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ရာ အားပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

 


Share

Comments

Phyo Su

ကလေးဘဝမှာ အရမ်းထိန်းချုပ်ခံရရင် အရာရာကို မပြောရဲ မလုပ်ရဲဖြစ်လိမ့်မယ် ဖြစ်သင့်မှန်းသိတယ် မပြောရဲပဲ ဖြစ်နေမယ် ကလေးလေး‌ေတွကိုလွတ်လပ်စွာနဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ အမှန်အမှား အဆိုးအကောင်းကို ခွဲခြား တတ်ပြီး လောကကြီးရဲ့ သဘောတရားတွေ ကို သင်ယူစေလိုတယ်

Zu zue

ကလေးတွေဟာ ကမ္ဘာကြီးရဲ့အနာဂတ်ပါ။ကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့ အခွင့်ရေးဟာ ကျွန်မတို့ပေါ် မူတည်နေတဲ့အတွက် ကလေးတွေကိုဆုံးမတဲ့ မိဘတွေက ဒီလိုဆောင်းပါတွေကို ဖတ်ထားသင့်ပါတယ်

Related Posts