ဆွဲဆောင်မှုရှိတယ်ဆိုတာ

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


လူမှုဆက်ဆံရေးကောင်းမွန်မှုမှာ ရုပ်ပိုင်းဆိုင်ရာ ချောမောခန့်ညားမှုက တစ်ထောင့်တစ်နေရာကနေ အရေးပါတယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာအရ အများသူငှာရဲ့ အမြင်မှာ ချစ်ခင်နှစ်လိုဖွယ်ကောင်းနေမှုက လူမှုဆက်ဆံရေးမှာ ပိုဆွဲဆောင်မှုရှိစေပါတယ်။ တခြားသူတွေရဲ့ နှစ်သက်ခင်မင်မှုကို အမြဲတစေ လိုလားကြတဲ့လူတွေ ဖြစ်တဲ့အလျောက် အများအားဖြင့် ယောင်္ကျား၊ မိန်းမ မရွေး တန်ဖိုးကြီးတဲ့ အဝတ်အစားတွေ၊ ပြင်ဆင်ချယ်သမှုတွေကို ဦးစားပေးတတ်ကြပြီး ဒါကို ဆွဲဆောင်မှုတစ်ခု အနေနဲ့ မှတ်ယူတတ်ကြမှာပါ။ လူတစ်ဦးရဲ့ ဆွဲဆောင်မှုရှိခြင်းဆိုတာမှာ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပြင် စိတ်နေစိတ်ထား၊ အပြုအမူ၊ အတွေးအခေါ် တွေပေါ် လည်း မူတည်သေးတာမို့ အမှန်တကယ် ဆွဲဆောင်မှုရှိရှိနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ အလေ့အကျင့်ကောင်းတွေကို ဆက်ဖတ်ကြည့်လိုက်ရအောင် 

အကောင်းမြင်မှုရှိပါ

အကောင်းမြင်စိတ်ရှိတဲ့သူက ဘယ်လိုအခြေအနေမှာမဆို ကောင်းရာကောင်းကြောင်းသာ တွေးခေါ်ပြုမူတဲ့အတွက်ကြောင့် ဘေးပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်စိတ် ကူးစက်စေပါတယ်။ မတူညီတဲ့ ရှုထောင့်ကနေ တခြားသူတွေရဲ့ ကောင်းကွက်တွေကိုလည်း ပိုမြင်နိုင်တဲ့အတွက် လူမှုဆက်ဆံရေးမှာ လူချစ်လူခင် ပေါစေပြီး ကောင်းမွန်တဲ့ခံစားချက်တွေကို ဝေမျှပေးနိုင်တာပါ။ အကောင်းမြင်စိတ်ထားရှိနိုင်ဖို့ဆို သူတစ်ပါးက ကိုယ့်အပေါ်  သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြုလုပ်လိုက်တဲ့ အမှားကို အတတ်နိုင်ဆုံး ခွင့်လွှတ်နိုင်တဲ့ အရည်အချင်းရှိဖို့လိုပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ့်အချိန်နဲ့ အားအင်တွေကို တခြားသူတွေအတွက် ခွဲခြားမှုမရှိဘဲ ကောင်းမွန်ပျော်ရွှင်စေတဲ့ စိတ်နဲ့ ကူညီစောင့်ရှောက်တတ်လို့ စံထားသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။ အရေးကြီးဆုံးကတော့ ကိုယ့်မှာမရှိတဲ့အရာကိုပဲ ရှိအောင် အာရုံစိုက်နေမယ့်အစား လက်ရှိလက်ဝယ်ရှိနေတဲ့ အရာတွေပေါ်မှာ တန်ဖိုးထားပြီး အကောင်းမြင်စိတ်လေးနဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ပါပဲ။ 

နားထောင်တတ်သူ ဖြစ်ပေးပါ

တစ်ခါတစ်လေမှာ တစ်ဖက်လူက စိတ်အားထက်သန်စွာနဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ပြောနေပေမယ့် နောက်တစ်ဖက်လူက စိတ်ပါဝင်စားမှုမပြဘူးဆို နှစ်ဦးနှစ်ဖက်လုံးအတွက် ဆက်ဆံရေးကောင်း မတည်ဆောက်နိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ လူမှုရေးဆက်ဆံရေးမှာ ဆွဲဆောင်မှုရှိတယ်ဆိုတာမှာ အမှန်တကယ်နားထောင်တတ်သူ ဖြစ်ဖို့ အရေးကြီးပါသေးတယ်။ ဒါမှ တစ်ဖက်သူက စကားပြောဆိုချင်စိတ်ရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရင်ဖွင့်ပြောပြချင်စရာ လူတစ်ဦးအဖြစ် ဆက်ဆံရေးမှာ ကောင်းကျိုးတွေ ရနိုင်ပါတယ်။ နားထောင်တတ်သူတစ်ဦးဖြစ်တဲ့အတွက် တစ်ဖက်လူမှာ အရေးပါမှုနဲ့ စိတ်ကျေနပ်မှု ခံစားရစေပြီး သူ့ဆီက အတွေ့အကြုံကောင်းတွေလည်း နားထောင်ရကာ ကိုယ့်ဘက်ကပေးတဲ့အကြံညဏ်ကိုလည်း တလေးတစားရှိစေပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်မှုရှိပါ

လူအများနဲ့ စတင်တွေ့တွေ့ချင်းမှာ အပြင်ပုံပန်းသွင်ပြင် ကြည့်ပျော်ရှုပျော်ရှိဖို့ကလည်း အပေါ်မှာ ပြောပြထားတဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်နေမှု နီးပါး အရေးပါပါတယ်။ ဘယ်လောက်ပဲ ကြင်နာတတ်၊ ကူညီတတ်၊ နားထောင်ပေးတတ်သူ တစ်ဦးဖြစ်နေပါစေ ကိုယ့်ကိုယ်ကို အချိန်ပေး ချစ်ပေး၊ ဂရုစိုက်ပေးမှုမရှိဘူးဆိုလည်း အချင်းနှီးပါပဲ။ ကိုယ့်ကိုယ်ကို ပြုမူဆက်ဆံတဲ့ပုံစံက တခြားသူတွေက ကိုယ့်ကို ဘယ်လိုမြင်ပြီး ဆက်ဆံလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး တစ်ဖက်မှာလည်း တခြားသူတွေအမြင်ကိုလည်း အာရုံစိုက်မိပြီး ကိုယ့်ကိုမပျောက်ဆုံးစေဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း အမြဲတမ်းလိုက်မနေဘဲ ကိုယ်နဲ့ အမှန်တကယ် သင့်တော်လိုက်ဖက်တဲ့ အဝတ်အစားအပြင်အဆင်၊ ယုံကြည်မှုရှိတဲ့ အပြုံး၊ ယဥ်ကျေးနှိမ့်ချတတ်တဲ့ အမူအရာတွေက ဆွဲဆောင်မှုရှိဖို့အတွက်‌ လှေကားထစ်တွေဖြစ်စေမှာပါ။ 

နှိမ့်ချကျိုးနွံမှုရှိပါ

ကိုယ့်ကို ယုံကြည်မှုရှိတာက အ‌ရေးပါတဲ့ အရည်အသွေးဖြစ်ပေမယ့် ပုံမှန်ထက် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေတာ၊ ယုံကြည်မှုနည်းနေတာကလည်း ဆွဲဆောင်မှုလျော့ကျစေတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို နှိမ့်ချမှုနဲ့ ယုံကြည်မှုရှိတယ်ဆိုတာမှာ အရာအားလုံးထက် ကိုယ်လုပ်ဆောင်ရမယ့် အလုပ်နဲ့ ပန်းတိုင်ကို သေချာသိပြီး လုပ်ဆောင်နေကာ မိမိကိုယ်ကို နှိမ့်ချမှုရှိမယ်ဆို လူအများ လေးစားအားထားရတဲ့သူဖြစ်လာမှာပါ။ တစ်စုံတစ်ယောက်ကို အကူအညီပေးတဲ့အခါမှာလည်း မျှော်လင့်ချက်ပြန်မထားဘဲ စိတ်သန့်သန့်နဲ့ ကူညီတတ်မယ်ဆို ကိုယ့်အတွက်ရော တခြားသူအတွက်ပါ ကောင်းမွန်တဲ့ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မှာမို့ ဒါက စိတ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုရှိစေခြင်း တစ်မျိုးပါပဲ။

ဒီအပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေက လူမှုဆက်ဆံရေးမှာ ဆွဲဆောင်မှုရှိစေခြင်းရဲ့ အချက်လေးတွေထဲက အချို့ဖြစ်ပြီး မိမိကိုယ်ကိုအတွက် ပိုကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် အထောက်အကူကောင်းတွေ ဖြစ်မှာပါ။ 


Share

Comments

Related Posts