တိလေးတွေကို မကျွေးသင့်တဲ့ ဟူးမန်းတို့ရဲ့အစားအစာများ

Posted in အိမ်မွေးတိရစ္ဆာန်


တိလေးတွေက တွေ့ရာလျှောက်မစားဘဲ ကိုယ်ကျွေးတဲ့ အစာခွက်ထဲက အစာပဲစားတယ်ဆိုတိုင်း ကျေနပ်နေလို့ မဖြစ်ပါဘူး။ တခါတလေမှာ သတိမထားဘဲ သူတို့လေးတွေ ကျန်းမာရေးအတွက် မကောင်းစေတဲ့ အစာတွေလည်း ကျွေးမိ၊ စားမိတတ်ကြတာပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေကတော့ သူတို့မကြိုက်တာ စားမှာမဟုတ်ဘူးလို့ ထင်မိကြပေမဲ့ လူတွေနည်းတူ သူတို့လည်း အရသာရှိမယ်ဆို မတည့်တာ ကြိုက်တတ်၊ စားတတ်ကြပါသေးတယ်။ ဒီတော့ ကိုယ့်တိလေးကို သူပုံမှန်စားတဲ့ အစားအစာတွေအပြင် ကိုယ်စားတဲ့အတိုင်း ကျွေးမယ်ဆို တချို့အစားအစာတွေက လူတွေရဲ့ ခန္ဓာကိုယ်အရ ခံနိုင်ရည်ရှိပေမဲ့ တိလေးတွေမှာတော့ ခံနိုင်ရည်မရှိဘဲ ကြာလေ ကျန်းမာရေးအတွက် မကောင်းစေတာပါ။ ဒါကြောင့် တိပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်တိလေးရဲ့ ကျန်းမာရေးအတွက် ဘယ်အစားအစာတွေက သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာ သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။ 

ကဖိန်း

ကဖိန်းဆိုတာဟာ အာရုံကြောတွေ လှုံ့ဆော်ပေးတဲ့ ဆေးဝါးမျိုးဖြစ်တဲ့အတွက် လူတွေမှာဆို စိတ်ကြည်လင် တက်ကြွစေဖို့ ကဖိန်းပါတဲ့ ကော်ဖီကို တော်တော်များများသောက်တတ်ကြပါတယ်။ ဒါပေမဲ့ တိလေးတွေမှာတော့ ခန္ဓာကိုယ်အရွယ်အစားရယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဥ်တွေ ကွဲပြားတာကြောင့် ကဖိန်းဓာတ်လွန်ကဲမှုက ကြောင်တွေမှာဆို အသက်သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ခွေးလေးတွေမှာဆိုလည်း နှလုံးခုန်နှုန်း မမှန်တာ၊ အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်စေနိုင်တာမို့ ကဖိန်းဓာတ်ပါတဲ့ အစားအစာတိုင်းကို တိလေးတွေကို မကျွေးမိ‌‌အောင် ရှောင်ကြဉ်ပေးသင့်ပါတယ်။

သွားရည်စာများ

အသင့်စား သွားရည်စာ အစားအသောက်တွေက စားရတာ သဘောတွေ့ကြပေမဲ့ သက်ရှိတိုင်းအတွက် ဆိုးကျိုးတွေ များလှပါတယ်။ ဆားနဲ့ သကြား ပါဝင်မှုများတဲ့အပြင် အဝလွန်စေတဲ့ ကယ်လိုရီလည်း ပေါပေါများများပါတာမို့ တတ်နိုင်သလောက် စမကျွေးမိဖို့ လိုပါတယ်။ အာလူးကြော်စတဲ့ ဆားပါဝင်မှုများတဲ့ သွားရည်စာတွေဟာလည်း တိလေးတွေ အစားများတဲ့အခါ ရေဓာတ်အလွန်အကျွံ ခမ်းခြောက်တာ၊ အော့အန်တာ၊ ဝမ်းလျောတာ၊ စိတ်ဓာတ်ကျတာတွေအထိပါ ဖြစ်စေနိုင်ပါတယ်။ ကလေးတွေလို တိလေးတွေဟာလည်း သွားရည်စာ အစားများတဲ့အခါ တကယ်အာဟာရဖြစ်စေတဲ့ အစားအစာတွေကို မစားတော့တာမျိုး ဖြစ်တတ်လို့ ရှောင်သင့်တဲ့ အစားအစာထဲ ပါဝင်တာပါ။ 

အစေ့အဆန်များ

သစ်ကြားသီး၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေက အဆီနဲ့ အဆီဓာတ်တွေ ပေါပေါများများပါတဲ့ အစားအစာတွေပါ။ ဒီအဆီဓာတ်တွေက တိလေးတွေအတွက် အော့အန်တာ၊ ဝမ်းလျောတာအပြင် ပန်ကရိယရောင်တာလည်း ဖြစ်စေတတ်ပါတယ်။ ကိုယ်က ဒီလိုအစေ့အဆန်တွေ စားရနှစ်သက်တယ်၊ တိလေးတွေကိုလည်း ကျွေးမိတယ်ဆို သေချာစောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အိမ်တွင်းမှာ မွေးလေ့ရှိတဲ့ တိလေးတွေအတွက် အစေ့အဆန်စားတာက အန္တရာယ်ဖြစ်စေနိုင်ပြီး အော့အန်တာမျိုးဖြစ်နေပြီဆို နီးစပ်ရာ တိရစ္ဆာန်ကုဆရာဝန် ပြသပြီး ပမာဏဘယ်လောက်ကျွေးလိုက်၊ စားလိုက်လည်းဆိုတာလည်း ကြည့်ထားသင့်တာပါ။ 

ထောပတ်သီး

လူတွေမှာ ကျန်းမာရေးနဲ့ အလှအပအတွက် နာမည်ကြီးတဲ့ ထောပတ်သီးက တိလေးမှာတော့ ဝေးဝေးရှောင်ထားသင့်တဲ့ အသီးအနှံဖြစ်နေပါတယ်။ ထောပတ်သီးမှာပါတဲ့ Persin ဆိုတဲ့ဓာတုပစ္စည်းက တိလေးတွေမှာ စားလိုက်ရင် အန္တရာယ်ဖြစ်စေတဲ့၊ အဆိပ်သင့်စေတဲ့ဓာတ်တွေ ပါနေပါတယ်။ အိမ်မှာမွေးတဲ့တိတွေအပြင် ငှက်၊ ယုန်၊ မြင်း၊ သိုး၊ ဆိတ်တွေ အထိ အဆုတ်၊ နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေ ဖြစ်စေနိုင်လို့ ထောပတ်သီးက စားဖို့မသင့်တော်တဲ့ အစားအစားပါပဲ။ စပျစ်သီးလည်း အပါအဝင်ပါ။ ဒါကြောင့် အထူးသဖြင့် ခွေးလေးတွေကို ထောပတ်သီးကို ရှောင်ကျွေးသင့်ပြီး ကိုယ်ကိုယ်တိုင် ကြိုက်လို့စားဖြစ်ရင်တောင် တိလေး မစားမိစေဖို့ ဂရုထားသင့်ပါတယ်။ 

ကြက်သွန်နီ/ ကြက်သွန်ဖြူ

ချက်ပြုတ်ကြော်လှော်ကြတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့က လူတွေအတွက် အင်မတန်အသုံးဝင်ပြီး ဟင်းလျာတွေကို အရသာရှိစေပါတယ်။ ဒါနဲ့ ပြောင်းပြန် တိလေးတွေမှာတော့ စားမိရင် သွေးနီဥလျော့နည်းစေပြီး ကြက်သွန်ကို အစိမ်းစားမိရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေတတ်တာပါ။ ကြော‌င်လေးတွေမှာဆို ပိုအန္တရာယ်များပြီး ခွေးလေးတွေမှာလည်း ပမာဏများများစားမိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ တချို့တိလေးတွေကတော့ ကြက်သွန်အနံ့ကို မကြိုက်လို့၊ မွန်လို့ ဝေးဝေးနေကြပေမဲ့ စိတ်ချရအောင် ကြက်သွန်တွေနဲ့ လှီးချွတ်၊ဟင်းချက်တဲ့အခါ မီးဖိုချောင်ကို တတ်နိုင်သလောက် ခွေးလေးတွေ၊ ကြောင်လေးတွေ မလာနိုင်အောင် တံခါးပိတ်ထားတာမျိုး လုပ်သင့်ပါတယ်။

မှို

မှိုက လူတွေမှာတောင် သတိထားစားရတဲ့ အစားအစာဖြစ်တာကြောင့် တိလေးတွေမှာဆို ပိုပြီး‌တောင် ဂရုစိုက်ကျွေးသင့်ပြီး ဖြစ်နိုင်ရင် လုံးဝမကျွေးတာအကောင်းဆုံးပါပဲ။ အထူးသဖြင့် ကြောင်‌လေးတွေအတွက် အဆိပ်သင့်စေတဲ့ ဓာတ်တွေပါဝင်တာမို့ ကိုယ်တွင်းအဂါ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်ပြီး အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ တိလေးတွေကို တမင်သက်သက် မှိုနဲ့ပတ်သတ်တာတွေ မကျွေးမိရင်တောင် လူတွေစားတတ်ကြတဲ့ အစားအစာထဲ မှိုပါဝင်တာတွေ၊ မှိုနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေ ရှိတတ်တာမို့ မပေါ့ဆသင့်ဘဲ တိလေးတွေရဲ့ အစားအသောက်ကို စောင့်ကြည့်ကျွေးသင့်တာပါ။

တိလေးတွေကို စောင့်ရှောက်ကျွေးမွေးတဲ့အခါ ကလေးတစ်ယောက်ကို သွန်သင်ထိန်းကျောင်းသလို ဂရုပြုစရာတွေ များလှပါတယ်။ အခုပြောပြခဲ့တဲ့ အစားအစာအချို့က လူတွေပုံမှန်စားနေကျ အစားအစာတွေပေမဲ့ သတိမထားမိဘဲ ကျွေးမိတဲ့အခါ တိလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာပါ။ ဒါကြောင့် တိလေးတို့ အစာစားတဲ့အခါ ဒီအစားအစာတွေ တတ်နိုင်သလောက် ရှောင်ပေးပြီး အခန့်မသင့်လို့ စားမိတဲ့အခါ အန်တာ၊ အစာအဆိပ်သင့်တာ စတဲ့ လက္ခဏာတွေပြပြီဆို အမြန်ဆုံး တိရစ္ဆာန်ကုဆရာဝန် ပြသပြီး ပမာဏဘယ်လောက်စားလိုက်တယ်ဆိုတာပါ သတိထားပြီး ပြောပြသင့်ပါတယ်။ 


Share

Related Posts