ရေသောက်ပျင်းသူများအတွက် ရေဓာတ်ဖြည့်သောက်စရာ (၅) မျိုး

Posted in အစားအစာ


ရေအသက် တစ်မနက်ဆိုသလို အသက်ရှင်နေထိုင်ဖို့အတွက် ရေက လူသားတွေအတွက် အရေးပါတဲ့အရာတစ်ခုပါပဲ။ ရေသောက်တာဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ပြောမကုန်နိုင်‌အောင် ရှိကြ၊ သိကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေသောက်နည်းတဲ့သူတွေ ခုထိရှိကြတုန်းပါ။ ‌ရေကို အနားမှာထားပြီး နည်းနည်းစီသောက်နေဖို့ လိုအပ်တဲ့အပြင် ဒီတိုင်း ရေချည်းပဲသောက်နေတာမျိုးကျ ငြီး‌ငွေ့တာလည်း ဖြစ်ကြတာမို့ ရေအပြင် တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာလေးတွေကို ဒီဆောင်းပါးမှာ မျှဝေလိုက်ပါတယ်။ သေချာတာကတော့ ကိုယ့်အနီးအနားမှာ တွေ့နေ၊ သောက်နေမိတတ်တဲ့ ဒီသောက်စရာတွေက ရေလောက်နီးပါးကို ကျန်းမာရေးအတွက် အကျိုးပြုနေတာကို အံ့သြဖွယ်ရာတွေ့ရမှာပါ။  

ရေနွေးကြမ်း 

မြန်မာ့ဓလေ့အရ ဘယ်အချိန် ဘယ်နေရာရောက်‌ရောက် ဘယ်လိုအစားအစာနဲ့ ဖြစ်ပါစေ တွဲဖက်သောက်တတ်ကြတဲ့ ရေနွေးကြမ်းဟာဆိုရင် ကျန်းမာရေးအရ အထောက်အကူပြုတဲ့ သောက်စရာတွေထဲ တစ်မျိုး အပါအဝင်ပါပဲ။ ခံတွင်းရှင်းစေပြီး လက်ဖက်ခြောက်ရဲ့ အပင်ကနေထုတ်လုပ်တဲ့ Flavonoids ပါဝင်တာမို့ နှလုံးကျန်းမာရေးကို ကောင်းစေပြီး ခန္ဓာကိုယ်ကြွက်သားတွေကို ကျန်းမာစေပါတယ်။ ‌‌‌ရေ အစားထိုး ‌ရေနွေးကြမ်းသောက်ပေးတာက ရေဓာတ်ဖြည့်ဆည်းနိုင်ပြီး သကြားတွေ၊ ကယ်လိုရီတွေလည်း မပါတာမို့ ကျန်းမာလှပချင်သူ အိမ်ရှင်မများအတွက်လည်း ကွက်တိပါပဲ။ 

 အုန်းရည် 

အုန်းခွံနံ့မွှေးမွှေးလေးနဲ့ သောက်လိုက်တိုင်း အကျိုးကျေးဇူးတွေ များစေတဲ့ သဘာဝ အမောပြေသောက်ဖွယ်ရာလေးကတော့ အုန်းရည်ပါပဲ။ လှုပ်လှုပ်ရှားရှားနဲ့ အားကစားအပြင်းထန်လုပ်ကြသူတွေ၊ နေပူထဲအလုပ်လုပ်ရသူတွေအတွက်ဆို နေ့စဉ်ကို သောက်သုံးသင့်တဲ့ အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်ဆိုတဲ့ အီလက်ထရိုလိုက်တွေ ပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ ရေဓာတ်ကို ထိန်းညှိပေးပါတယ်။ အုန်းရည်ကို ဒီတိုင်းကြီး သောက်ရတာ မကြိုက်သူများအတွက်လည်း Sparkling water နဲ့တွဲဖက်သောက်တာဖြစ်ဖြစ်၊ Smoothies လုပ်သောက်ဖြစ်ဖြစ် နှစ်သက်သလို သောက်လို့ရပါသေးတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောဂါရှင်တွေ အတွက်တော့ အုန်းရည်ကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။  

အဆီထုတ်နွားနို့ 

အရိုးတွေသန်မာစေတဲ့ ကယ်ဆီယမ်ဓာတ်အတွက် အလိုအပ်ဆုံး နွားနို့ကတော့ ဝယ်ရလည်း လွယ်၊ အာဟာရလည်း ဖြစ်ပြီး အချိန်နေရာမရွေး သောက်သုံးလို့ရလို့ အရမ်းအဆင်ပြေတဲ့ သောက်စရာတစ်မျိုးပါ။ အဆီထုတ်ထားတဲ့ နွားနို့က ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်ခန္ဓာထဲက ပရိုတင်းနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကို မျှတအောင်လုပ်‌ဆောင်ပေးပါတယ်။ အလှအပအတွက် အသားရည်နဲ့ ဆံပင်ကို အထောက်အကူပြုတဲ့အပြင် နှလုံးကျန်းမာ‌ရေးနဲ့ အစာခြေလုပ်ငန်းစဉ်ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေများတဲ့ အပြင်ကိုမှ နေ့စဉ် ညတိုင်း နွားနို့ပူပူလေး သောက်မယ်ဆို နှစ်ခြိုက်စွာအိပ်ပျော်စေလို့ ပုံမှန်သောက်ပေးသင့်တာပါ။ 

ကော်ဖီ  

ကော်ဖီအချစ်တော်တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်မှာပါပဲ။ အယ်ဇိုင်းမားရောဂါ၊ အသည်းရောဂါနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေတို့ကို လျော့ချပေးတဲ့အပြင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိလို့နေတာပါ။ ကော်ဖီမှာက ကိုယ်တွင်းအင်္ဂါရောင်ရမ်းခြင်းနဲ့ ရောဂါဘယတွေကို ကာကွယ်နိုင်တဲ့ Antioxidants တွေပါဝင်ပြီးတော့ ကော်ဖီသောက်သူတွေက မသောက်သူတွေထက် အသက်ပိုရှည်နိုင်တာတောင် တွေ့ရပါတယ်။ ဒီလိုဆိုတိုင်းလည်း အချိန်တိုင်း ကော်ဖီသောက်နေတာကလည်း ဆိုးကျိုးတွေ အများကြီးရှိတာကြောင့် မိမိ ကိုယ်ခန္ဓာ၊ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီသင့်တော်တဲ့ပမာဏ ဖြစ်ဖို့တော့ လိုပါတယ်နော်။ 

 အသီးဖျော်ရည်စုံ

ကျန်းမာလှပပြီး ရေဓာတ်ပြည့်ဝနေဖို့ ရေချည်းပဲ သောက်နေရတာကလည်း ငြီး‌ငွေ့စရာဖြစ်မှာပါ။ ကိုယ်ကြိုက်တဲ့ အသီးအနှံလေးတွေကို အခွံခွာ၊ ရောမွှေပြီး အသီးဖျော်ရည်လေး ဖျော်သောက်လိုက်တာကလည်း အရသာရှိပြီး ခန္ဓာကိုယ်အတွက် ရေဓာတ်လည်း ဖြည့်ပြီးသားလည်း ဖြစ်တာပေါ့။ အသားဓာတ်တွေ၊ အမျှင်ဓာတ်တွေနဲ့ အဆီဓာတ်တွေ ပေါပေါများများပါတဲ့ အသီးမျိုးစုံက ဒီလို တစ်ခွက်ထဲမှာ ပါဝင်တာမို့ ကျန်းမာရေးနဲ့ အလိုက်ဖက်ဆုံး သောက်စရာတမျိုးပါပဲ။ ဒီလို အသီးတွေအစုံထည့်ထားတဲ့ ထဲမှာပဲ ဒိန်ချဉ်၊ နွားနို့နဲ့ ချီယာစေ့ စတာတွေပါ ထည့်သောက်မယ်ဆိုရင် အာဟာရလည်းရှိ၊ ကိုယ်ခန္ဓာအတွက်လည်း အကျိုးကျေးဇူးတွေ များပြားနေမှာ အမှန်ပါပဲ။  

ကျန်းမာရေးအတွက် ရေချည်းပဲသောက်တာထက် အပေါ်မှာ ပြောပြထားတဲ့ သောက်စရာ (၅) မျိုးက ရေထက်စာရင် လျှာအရသာလေးလည်းရ၊ သောက်ရတာလည်း စိတ်ကျေနပ်စရာလည်း ဖြစ်စေမှာပါ။ ရေကို အဓိကထားပြီး သောက်သုံးရင်းနဲ့ ဒီအာဟာရပြည့်ဝတဲ့ သောက်စရာတွေကို သင့်တော်တဲ့ ပမာဏဖြင့်သာ ပုံမှန်သောက်ပေးရင်း ကျန်းမာပြီး ရေဓာတ်ပြည့်ဝတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်လိုက်ရအောင်နော်။ 


Share

Related Posts