ကလေးများနှင့် အတုယူခြင်း

Posted in မိဘအုပ်ထိန်းခြင်း


နုနယ်ငယ်ရွယ်တဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် စံပြုရတဲ့ အလေ့အကျင့်ကောင်းနဲ့ ဘဝနေထိုင်မှုတွေဆိုတာ အမြဲအတူရှိနေတဲ့ မိဘနှစ်ပါးနဲ့ နေထိုင်ရာပတ်ဝန်းကျင်ကနေ အများဆုံး တွေ့မြင်လေ့လာရတာမျိုးပါ။ အခုခေတ်ကာလမှာ မွေးဖွားကြတဲ့ ကလေးတွေဆိုတာလည်း ငယ်ရွယ်စဥ်ကတည်းက အရာရာကို စူးစမ်းလေ့လာလိုစိတ် ပြင်းထန်ပြီး ပတ်ဝန်းကျင်က တွေ့မြင်ကြားရသမျှတွေကို လူကြီးတွေ လုပ်ပုံကိုင်ပုံအတိုင်း အံ့သြဖို့‌ကောင်းစွာ အတုယူလုပ်ဆောင်နိုင်စွမ်း မြင့်မားလာကြပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေကို အနီးစပ်ဆုံး ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက်ကြတဲ့ မိဘတွေအနေနဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ အနေအထိုင်၊ အပြုအမူတွေကို သင်ပေးသင့်တာ သင်၊ ရှောင်ပေးသင့်တာ ရှောင်ရင်း ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အရေးကြီးပါတယ်နော်။ “အတုမြင် အတတ်သင်” ဆိုတဲ့အတိုင်း ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အလေ့အကျင့်ကောင်းတွေ သင်ယူပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတွေကို ကြည့်ကြည့်လိုက်ကြမလား။

ချီးကျူး၊ အသိမှတ်ပြုခြင်း

အာရှနိုင်ငံတွေရဲ့ မိဘအများစုမှာ ကိုယ့်သားသမီးတွေကို အရိပ် တကြည့်ကြည့်နဲ့ အသေးစိတ်ကအစ ထိန်းချုပ်စောင့်ရှောက်ကာ တခြားသူတွေထက် တိုးတက်အောင်မြင်စေလိုစိတ် များကြပါတယ်။ မိဘတွေရဲ့ မျှော်မှန်းထားတာလောက် ဖြစ်မလာတဲ့အခါမျိုးတွေ ရှိလာနိုင်တဲ့အတွက် အားမလိုအားမရဖြစ်မှုတွေ၊ မကောင်းမြင်စိတ်တွေနဲ့ ကလေးရဲ့အတတ်နိုင်ဆုံး လုပ်ဆောင်မှုတွေကို မမြင်နိုင်တော့တာမျိုး ဖြစ်ကြပါတယ်။ ဒီလိုလုပ်တာက ကလေးအတွက်လည်း ကိုယ်ပိုင်အမြင်နဲ့ ဘဝပျောက်ဆုံးကာ သိမ်ငယ်မှုဖြစ်လာနိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ အနာဂတ်မှာပါ ဆိုးကျိုးတွေဖြစ်နိုင်တာကြောင့် အောင်မြင်မှုသေးသေးလေးတွေ ရလာရင်တောင် အကောင်းမြင်စိတ်နဲ့ ကြိုးစားမှုတွေကို အသိမှတ်ပြု၊ လက်ခံပေးသင့်ပါတယ်။ ကလေးငယ်တွေကိုမှ မဟုတ်ဘဲ မိသားစုအချင်းချင်းမှာလည်း အကောင်းမြင်ပြီး ချီးကျူးပေးတဲ့ စကားကောင်းလေးတွေ ခဏခဏပြောပေးမယ်ဆို အတုယူဖို့ကောင်းတဲ့ အလေ့အကျင့်လေးစွဲသွားပြီး ဘယ်လိုအခြေအနေမှာမဆို အတတ်နိုင်ဆုံး အကောင်းမြင်စိတ်လေးနဲ့ ကြိုးစားလိုစိတ် ရစေမှာပါ။

ပြောဆို၊ ဆူ‌‌ငေါက်ခြင်းမပြုခြင်း

“နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ” ဆိုတဲ့အတိုင်း ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်သင်ကြားမှုတွေက ပြောနေစရာမလိုအောင် မိဘအုပ်ထိန်းမှုတွေမှာ မရှိသင့်တဲ့ အပြုအမူဆိုးတွေဖြစ်ပြီး နှုတ်နဲ့ စကားကြမ်းကြမ်းတွေပြောတာကလည်း ရှောင်ကြဥ်သင့်တဲ့ အလေ့အထတွေပါပဲ။ ကလေးငယ်တွေကို တိုက်ရိုက်မပြောရင်တောင် မိသားစုဝင်တွေ အချင်းချင်းမှာလည်း ကလေးတွေရှေ့ စိတ်သဘောထားမတူညီကြတာတွေကို တည်တည်ငြိမ်ငြိမ် မဖြေရှင်းဘဲ အော်ဟစ်ဆူပူ ကြိမ်းမောင်းတာတွေကို အတတ်နိုင်ဆုံး မလုပ်သင့်တာပါ။ ဒါတွေက အချိန်ကြာလာရင် ကလေးမှာလည်း စိတ်ဒဏ်ရာဖြစ်လာနိုင်ပြီး အသက်ကြီးလာတဲ့အခါမှာလည်း နှုတ်ကြမ်း၊ စိတ်ကြမ်းဖြစ်ဖို့ လွယ်ပါတယ်။ တစ်ဖက်မှာလည်း အရာအားလုံးက ကိုယ့်သဘောဆန္ဒအတိုင်း မဖြစ်နိုင်တဲ့အကြောင်း၊ လူအချင်းချင်း သဘောမတူညီတတ်မှုတွေက ပုံမှန်ဖြစ်တဲ့အကြောင်းနဲ့ ဒါကို လက်ခံပြီး တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံညှိနှိုင်းနိုင်ဖို့တွေကို ကြိုးစားသင်ယူပေးဖို့ လိုအပ်ပါတယ်။

ပြဿနာတွေကို တူတူဖြေရှင်းခြင်း

မိသားစုဆိုတာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် အရာအားလုံးကို ဝေမျှခံစားကြတဲ့ အသင်းအဖွဲ့ကောင်းတစ်ခုဆိုတာ ကလေးငယ်တွေကို ပေးသိစေဖို့ လိုပါတယ်။ ကလေးတွေရှေ့မှာ မိဘတွေက ဘဝမှာ ကြုံလာတဲ့ပြဿနာတွေကို တူတူဖြေရှင်းကြတာ၊ ကိုယ်စီ အခက်အခဲတွေကို ရင်ဖွင့်ပြောပြကြတာတွေကို ဘက်လိုက်မှုမပါဘဲ မျှမျှတတ ဖြေရှင်းနိုင်ဖို့အရေးကြီးသေးတာပါ။ ကူညီရိုင်းပင်းတတ်ဖို့နဲ့ အသင်းအဖွဲ့စိတ်ဓာတ်လေး ပိုင်ဆိုင်ဖို့ရာ ကလေးငယ်တွေကို ဘက်လိုက်ခြင်းကင်းပြီး အပြုသ‌ဘောဆောင်တဲ့ ပြဿနာဖြေရှင်းပုံတွေကို ရှေ့ဆောင်လမ်းပြပေးလိုက်ပါ။ ဒါကတော့ ကလေးတွေ အခက်အခဲကြုံလာတဲ့အခါလည်း တစ်ယောက်တည်း ကြိတ်ခံစား၊ မဖြေရှင်းဘဲ အကူအညီတောင်းခံပြီး မိသားစုဝင်တွေကြား ဝေမျှနိုင်ဖို့လည်း လိုအပ်ပြီး ကြုံလာသမျှ အတူတူ ဖြေရှင်းပြေလည်သွားစေဖို့ အလေ့အကျင့်လေး မွေးမြူပေးနိုင်ဖို့ပါပဲ။ 

ချစ်ကြောင်းပြသခြင်း

အရေးကြီးဆုံးနဲ့ လူတော်တော်များများ မေ့နေတတ်ကြတဲ့ အရာကတော့ အချင်းချင်း ချစ်ခင်ကြင်နာပေးခြင်းပါပဲ။ အတုယူလွယ်တဲ့ ကလေးတွေအပြင် မိသားစုဝင်အချင်းချင်းမှာ ချစ်ခင်ဂရုစိုက်ပေးတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေ သိပ်မရှိကြဘဲ အိမ်သားတွေအချင်းချင်းမှာလည်း အတူရှိတဲ့အချိန်တွေများလာတဲ့အလျောက် ဒါတွေက ပြောဖို့ ချစ်ပေးဖို့ တကူးတက မလိုအပ်ပါဘူးလို့ ထင်ထားကြတာများပါတယ်။ မိသားစုဝင်တွေအချင်းချင်း လက်ဆောင်ဝယ်လာပေးတာ၊ ချစ်ခင်လေးစားကြောင်းတွေ ပြောပေးတာ၊ ကူညီရိုင်းပင်းတာတွေကို မြင်ရကြားရတဲ့ ကလေးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ သူကိုယ်တိုင်လည်း ချစ်ခင်တတ်ပြီး တခြားသူတွေကို ကိုယ်ချင်းစာ၊ ချစ်ခင်တတ်သူလေးတွေ ဖြစ်လာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း ကောင်းကျိုးတွေရပြီး ကျန်းမာပျော်ရွှင်တဲ့ဆက်ဆံရေးတွေဆိုတာ ဒီလိုပါလားဆိုတဲ့ လေးစားအတုယူစိတ်တွေ ဖြစ်စေတာပါ။

မိဘတွေအနေနဲ့ အမှုမဲ့ အမှတ်မဲ့ ပြောဆိုပြုမူမိတဲ့ အလေ့အထတွေဟာ နေ့တိုင်းအနားမှာရှိပြီး လေ့လာသင်ယူနေတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် မှားယွင်းတဲ့ အတုယူစရာမဖြစ်ဖို့ အ‌ရေးကြီးပါတယ်။ ဒါကြောင့် အတုယူ၊ စံပြုထိုက်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့အတူ ယဥ်ကျေးလိမ္မာ သိတတ်တဲ့ ကလေးငယ်တွေဖြစ်အောင် အပေါ်မှာပြောပြထားတဲ့ အချက်လေးတွေ ဂရုပြုလိုက်နာပေးဖို့ အကြံပြုလိုက်ပါတယ်နော်။ 



Share

Comments

Related Posts