ခရီးသွားရင် ဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်ကြရအောင်

Posted in ကျန်းမာရေး


ကိုယ်မရောက်ဖူးတဲ့ နေရာအသစ်တွေကို ခရီးသွားရတာက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စွန့်စားမှုတစ်ခုဖြစ်ပေမယ့် ခရီးသွားရင် ဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ကြိုတင်ပြင်ဆင်ထားဖို့ကလည်း  အရေးကြီးပါတယ်။ ဝမ်းပျက်ဝမ်းလျှောလို့ဆိုလိုက်တာနဲ့ ဝမ်းပျော့ပျော့သွားတာတွေ၊ ဗိုက်နာတာ၊ မအီမသာဖြစ်တာတွေနဲ့ အန်တာ အစရှိတဲ့ မခံစားနိုင်စရာ ရောဂါလက္ခဏာတွေ ပါဝင်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ ခရီးသွားရင် ဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်ချေကို အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်လို့ရနိုင်မယ့် နည်းလမ်းတွေ ရှိပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ခရီးသွားရင်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပက်သက်ပြီး  မဖြစ်မနေသိထားသင့်တဲ့ အချက် (၄) ချက်ကို ဖော်ပြပေးထားပါတယ်။

ကိုယ်သုံးဆောင်မယ့် အစားအသောက်ကို သတိထားရွေးချယ်ပါ

ရေသန့်ဘူး - မဖောက်ရသေးတဲ့ ရေသန့်ဘူးထဲက ရေကိုသာ သောက်သုံးပါ။ နောက်ပြီး ရေသန့်နဲ့ရေခဲတုံးဆိုတာ မသေချာရင် ကိုယ့်ရဲ့သောက်စရာတွေထဲမှာ ရေခဲတုံးထည့်မသောက်ပါနဲ့။

ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာများ - ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေ ပေါက်ဖွားနိုင်ချေနည်းတဲ့အတွက်ကြောင့် သေသေချာချာ ကျက်အောင် ချက်ပြုတ်ထားတဲ့ ပူပူနွေးနွေးအစားသောက်တွေကိုပဲ စားသုံးပါ။ 

လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားသော အစားအစာများ - လတ်လတ်ဆတ်ဆတ်နဲ့ ချက်ချင်း ချက်ပြုတ်ပြင်ဆင်ပေးထားတဲ့ ဟင်းပွဲတွေကိုသာ ရွေးချယ်စားသုံးပေးပါ။ နောက်ပြီး ဘူဖေးစတိုင်နဲ့ တည်ခင်းတဲ့ အစားအသောက်တွေက ပြင်ဆင်တည်ခင်းထားတဲ့ ကြာချိန်ရှိတာမို့ သတိပြုသင့်ပါတယ်။

လမ်းဘေးအစားစာတွေကို သတိထားပါ

 ဆိုင်ကို ရွေးချယ်ပါ - စားသုံးသူများနေတဲ့ ဆိုင်တွေရဲ့ အစားအသောက်တွေက လတ်ဆတ်ပြီး စားဖို့စိတ်ချရတာကြောင့် လမ်းဘေးအစားအစာတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ စားသုံးသူများတဲ့ ဆိုင်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

မစားသင့်တဲ့ အစားအစာများ - မသန့်ရှင်းတဲ့ အစားအစာတွေ စားမိတာကို လျှော့ချဖို့ အသားအစိမ်းတွေ၊ မကျက်တကျက်ချက်ထားတဲ့ ပင်လယ်စာတွေ၊ ဥတွေနဲ့ အသားတွေစားတာကို ရှောင်ပါ။ အသီးအရွက်တွေကို သေသေချာချာကျက်အောင် ချက်ပြုတ်စားသုံးပြီး ကိုယ်တိုင် အခွံနွှာလှီးထားတာ မဟုတ်တဲ့ သူများလှီးထားတဲ့ အသီးအနှံတွေ စားတာမျိုးကိုရှောင်ပါ။

ရေဓာတ်မဆုံးရှံးအောင်နေပါ၊ ကြိုတင်ပြင်ဆင်ထားပါ။

ရေဓာတ် - အထူးသဖြင့် ပူပြင်းတဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းလိုနေရာမျိူးကို သွားမှာဆိုရင်တော့ ရေဓာတ်ကောင်းကောင်းပြည့်ဝဖို့အတွက် အရည်များများသောက်ပေးဖို့ လိုအပ်ပါတယ်။ အကယ်လို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လာခဲ့ရင်တောင် ရေဓာတ်ဆုံးရှုံးတာမျိုးမဖြစ်ရလေအောင် သောက်သုံးလို့ရတဲ့ ရေဓာတ်ဖြည့်ဓာတ်ဆားတွေကို သွားလေရာ ယူဆောင် သွားသင့်ပါတယ်။

လက်ကို သန့်ရှင်းစင်ကြယ်အောင်ထားပါ။

မကြာခဏ လက်ဆေးပါ -လက်ကို ရေသန့်သန့်နဲ့ ဆပ်ပြာသုံးပြီး မကြာခဏဆေးပါ။ အထူးသဖြင့် အစာမစားမီနဲ့  သန့်စင်ခန်းသုံးပြီးတိုင်းမှာ လက်ဆေးပါ။ ရေသန့်သန့် မရနိုင်တဲ့အခြေအနေမျိုးတွေအတွက် လက်သန့်ဆေးရည်ဘူး အသေးလေးတစ်ဘူးကို သယ်သွားဖို့မမေ့ပါနဲ့။

ကာကွယ်ဆေးများနှင့် သောက်ဆေးများကို ကြိုတင်ပြင်ဆင်ထားပါ။

ဝမ်းပျက်ခြင်းဟာ ကာလသားဝမ်းနဲ့ တုတ်ကွေးကဲ့သို့သော ဘက်တီးရီးယားကူးစက်မှုတို့နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့ ခရီးမသွားခင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်အတွက် ဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် ထိရောက်မှုအပြည့်ရှိစေဖို့ ခရီးမသွားမှီ အနည်းဆုံး နှစ်ပတ်အလိုထဲက ကြိုတင် ထိုးထားသင့်ပါတယ်။ အကယ်လို့ ပြင်းထန်ဝမ်းလျှောခြင်းဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်ထံ သွားရောက်ပြသပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူသင့်ပါတယ်။

အပေါ်မှာ ပြောပြသွားတဲ့ အချက် (၅) ချက်ကို လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ ခရီးသွားရင်း နေမကောင်းဖြစ်မှာကို စိတ်ပူစရာမလိုဘဲ ခရီးစဉ်တစ်လျှောက် အမှတ်တရကောင်းတွေ ဖန်တီးဖို့ကိုပဲ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ဘေးကင်းလုံခြုံတဲ့ခရီးစဉ်လေးတွေကို ပိုင်ဆိုင်ရဖို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။


Share

Comments

Related Posts