အိမ်မွေးတိရစ္ဆာန်လေးတွေ စမွေးတော့မယ်ဆိုရင်

Posted in အိမ်မွေးတိရစ္ဆာန်


အိမ်မွေးတိရိစ္ဆာန် စတင်မွေးမြူခြင်းဟာ ဘဝကို ပို အရောင်အသွေးစုံ၊ အသံစုံပြီး နွေးထွေးစေမယ့် သက်ရှိလေး ထပ်မံဝင်ရောက်လာခြင်းပါပဲ။ ရောင်စုံ၊ သံစုံ ပျော်ရွှင်စရာနဲ့အတူ တာဝန်ယူမှုနဲ့ တချို့သော စိန်ခေါ်မှုတွေပါ တွဲပါ လာတယ်ဆိုတာကိုလည်း သတိချပ်မိစေချင်ပါတယ်။ တိ‌လေးတစ်ကောင်စမွေးဖို့ ပြင်ဆင်နေသူတွေအတွက်  ပိုင်ရှင်ရော တိလေးပါ ပျော်ရွှင်အဆင်ပြေစေဖို့ အခြေခံလိုအပ်ချက်တွေကို အောက်ပါဆောင်းပါးတိုမှာ ကြည့် လိုက်ကြစို့လား။

ပျော်ရွှင်မှုနဲ့ တာဝန် ယှဥ်တွဲယူရခြင်း 

အိမ်ပြန်လာတဲ့အခါ ဆီးကြိုပေးမယ့် သက်ရှိလေး၊ နှလုံးသားကိုနွေးထွေးစေမယ့် မိသားစုဝင်လေးကို မွေးစား လိုက်ခြင်းဟာ ပျော်စရာသက်သက်တင်မကဘဲ တာဝန်ယူရမယ့်အပိုင်းတွေပါ ရှိလာပါပြီ။ တိလေး တွေဆိုတာ ဒီတိုင်း ချစ်စရာအရုပ်ကလေးလိုမဟုတ်ဘဲ သက်ရှိလေးဖြစ်တာကြောင့် သူတို့ပေါ်မှာ မြှုပ်နှံရမယ့် အချိန်၊ ငွေအား၊ လူအား၊ စိတ်အင်အား နဲ့ ဂရုစိုက်မှုတွေ ပေးဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်စိုက်ထုတ်နိုင်မယ့် ခွန်အားနဲ့ ကိုက်ညီတဲ့ တိအမျိုးအစားကို ရွေးချယ်ဖို့ကလည်း အရေးကြီးတဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်တာပေါ့။ ကိုယ့်ရဲ့ လူနေမှု ပုံစံ၊ အိမ်နေရာ ပတ်ဝန်းကျင် အကျယ်အဝန်း၊ အကြိုက်တွေပေါ်မူတည်ပြီး ကိုယ်နဲ့အဆင်ပြေမယ့် တိလေးကို ရွေးချယ်သင့်ပါတယ်။ ခွေးလေးတစ်ကောင်မွေးမယ်ဆိုရင် တစ်နေ့တစ်ခါ/နှစ်ခါ လမ်းထွက်လျှောက်ပေးနိုင် သလားစဥ်းစားသင့်သလို၊ ကိုယ်က နေရာသိပ်မကျယ်တဲ့တိုက်ခန်းနေထိုင်သူဆိုရင် အရွယ်အစားသေးငယ်တဲ့ တိလေးတွေကို စဥ်းစားသင့်ပါတယ်။

တိလေးရှိတဲ့ အိမ်တစ်အိမ်အသွင် ပြင်ဆင် 

ကိုယ်နဲ့ကိုက်ညီမယ့် အိမ်မွေးတိအမျိုးအစားကို ရွေးချယ်ပြီးပြီဆိုရင် စဥ်းစားရမယ့် နောက်တဆင့်က ဝယ်ယူမှာ လား (တိဂေဟာတွေကနေ) မွေးစားမှာလား ဆိုတာပါပဲ။ တော်တော်များများကတော့ ဒီအဆင့်ကို ကျော်သွားပြီး တိုက်ရိုက်ပဲ ဝယ်ယူကြတာ များမယ်ထင်ပါတယ်။ နဲနဲပိုပြီး ကရိကထများမယ် ဆိုပေမယ့် တိဂေဟာတွေက အိမ်မွေးတိလေးတွေကိုလည်း မွေးစားဖို့ ထည့်သွင်းစဥ်းစားစေချင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ အိမ်မွေးတိ အရောင်းဆိုင်က တိလေးတစ်ကောင်ဝယ်ယူတဲ့အခါ မျိုးကောင်းရိုးကောင်း၊ အကျင့်စရိုက်ကောင်းရှိမယ်ဆိုတဲ့ အားသာချက်ရှိသလို ဂေဟာကတိလေးကို မွေးစားခြင်းကလည်း သူတို့အတွက် ခိုနားစရာ အိမ်ကလေးဖြစ်ပေး နိုင်လို့ပါ။ တိလေးတစ်ကောင်ကို အိမ်ခေါ်ခဲ့ပြီဆိုရင် သူတို့အတွက် အစာခွက်၊ ရေခွက်၊ ကစားစရာ၊ အိပ်ယာ စတဲ့ အခြေခံအသုံးအဆောင်လေးတွေကိုပါ ဝယ်ပေးခဲ့ဖို့ မမေ့နဲ့နော်။ ပြီးတော့ တိလေးကို လိုအပ်တဲ့ အခြေခံ ကာကွယ်ဆေးတွေ ထိုးပေးဖို့လည်း လိုပါသေးတယ်။ ဒီလိုနဲ့ မိသားစုဝင်အသေးလေးရဲ့ အသုံးအဆောင်၊ အသံ ဗလံ၊ ချစ်စရာအပြုအမူလေးတွေက တိလေးရှိတဲ့အိမ်တစ်အိမ်နဲ့ အငွေ့အသက်ကို အပြည့်အဝခံစားရစေမှာပါ။

လုံခြုံကျန်းမာတဲ့ ဝန်းကျင်တစ်ခု 

ကိုယ်မွေးထားတဲ့တိလေးရဲ့ အကျင့်စရိုက်တဲ့ အပြုအမူကို နားလည်ပြီး သူ့အတွက်ရော ကိုယ့်အတွက်ပါ အဆင် ပြေအောင် လုံခြုံကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင်လည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ ဥပမာ - ခွေး လေးတွေဆို ပျင်းရိတဲ့အခါ၊ စိတ်ရှုပ်တဲ့အခါ ပစ္စည်းတွေကို ကိုက်ဝါးလေ့ရှိကြပြီး ကြောင်လေးတွေကတော့ ဆိုဖာ၊ ပရိဘောဂတွေကို ကုတ်ခြစ်တတ်ကြတာကြောင့် ဒီ့အတွက် သီးသန့် ကိုက်ဝါးစရာလေးတွေ၊ ကုတ်ခုံလေး တွေ ဝယ်ထားပေးတာမျိုးပါ။ ကိုယ့်အိမ်ကိုရောက်လာတဲ့ တိလေးတွေကို အိမ်၊ ကိုယ်နဲ့ အသားတကျဖြစ်အောင် ကစားချိန်ကစား၊ စားချိန်စားပြီး စနစ်တကျ အညစ်အကြေးစွန့်တတ်ဖို့ သင်ကြားလေ့ကျင့်ပေးတာတွေက တိနဲ့ ပိုင်ရှင် နှစ်ဦးလုံးအတွက် အဆင်ပြေစေပြီး တိလေးတွေနဲ့ ကျန်းမာပျော်ရွှင်ရေးကိုလည်း အထောက်အကူပြုပါ တယ်။

ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ 

တိလေးတစ်ကောင် မွေးစားလိုက်ခြင်းဟာ ခဏတာ ပျော်ရွှင်စရာတင်မကဘဲ တိလေးရဲ့ ဘဝတစ်ယောက်လုံး ဒီသခင်တစ်ယောက်၊ ဒီမိသားစုနဲ့ အတူ နေထိုင်သွားတော့မှာဖြစ်လို့ ရေရှည်ဆက်ဆံရေးနဲ့ တာဝန်ယူမှုတစ်ခု တည်ဆောက်ရမှာပါ။ ဒါကြောင့် သူတို့လေးတွေ အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနေနိုင်ဖို့ သိထားရမယ့် အခြေခံကျန်းမာရေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အ‌ရေးပေါ်ပြုစုမှုတွေကို တီးမိခေါက်မိ သင်ယူ ထား သင့်ပါတယ်။ တိလေးတွေနဲ့အတူ ပျော်စရာအချိန်တွေ၊ အမှတ်တရတွေ၊ အတူဖြတ်သန်းခဲ့တဲ့ အခိုက်အတန့် တိုင်းကို တန်ဖိုးထားရင်း တိလေးတစ်ကောင်မွေးမြူရခြင်းရဲ့ နွေးထွေးမှုနဲ့ စိတ်ခွန်အားတွေကို ခံစားမိမှာပါ။

တိပိုင်ရှင်တစ်ယောက်နဲ့ နေ့စဥ်ဘဝ

ကိုယ်မွေးထားတဲ့ တိအမျိုးအစားပေါ်မူတည်ပြီး မတူကွဲပြားတဲ့ ပြုစုစောက်ရှောက်မှုတွေ၊ ကျွေးမွေးမှုတွေ လို အပ်ပါတယ်။ ခွေးလေးတွေကိုဆို သူတို့အမျိုးအစားပေါ်မူတည်ပြီး အသားဓာတ်၊ အဆီဓာတ်နဲ့ ကာဗွန်ဟိုက် ဒရိတ် အချိုးကျကျွေးမွေးဖို့လိုသလို ကြောင်‌လေးတွေအတွက်လည်း အစာစို၊ အစာခြောက်၊ ခရင်မ်မီ အလျင်း သင့်သလို ကျွေးပေးရပါမယ်။ ဒါ့အပြင် ဒီမိသားစုဝင်လေးကို ထိုင်၊ ထ၊ လက်ပေး စတဲ့ အခြေခံ အပြုအမူတွေနဲ့ အခြားတိတွေ၊ လူတွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့လည်း ‌လေ့ကျင့်ပေးရပါဦးမယ်။ ကာကွယ်ဆေးတွေအပြင် တိလေးတွေကို ‌ရေချိုးပေးတာ၊ အမွေးညှပ်ပေးတာ၊ အမွေးဖြီးပေးတာ စတာတွေကလည်း တိလေးတွေ သန့်ရှင်း ကျန်းမာစေဖို့ လိုအပ်တဲ့ တကိုယ်ရည်သန့်ရှင်းမှုတွေဖြစ်ပါတယ်။ ဒါတွေပြီးရင် သူတို့လေးတွေနဲ့ ကစားတာ၊ လမ်းလျှောက်ထွက်ပေးတာကလည်း တိပိုင်ရှင်တစ်ယောက်ရဲ့ နေ့စဥ်ဘဝထဲက ပျော်ရွှင်ဖွယ် ဖြတ်သန်းမှု အစိတ်အပိုင်းပါပဲ။

တိပိုင်ရှင်တစ်ယောက်ဖြစ်လာခြင်းဟာ သင်ယူစရာ၊ တာဝန်ယူစရာ နဲ့ ပျော်ရွှင်နွေးထွေးမှုတွေ အချိုးကျရော စပ်ထားတဲ့ ခရီးစဥ်တစ်ခုပါ။ အပေါ်မှာဖော်ပြခဲ့တဲ့ လိုအပ်တဲ့ ပြင်ဆင်မှုနဲ့ တာဝန်ယူမှုတွေကို လုပ်ဆောင်ခြင်း အားဖြင့် ကိုယ့်မိသားစုဝင် တိလေးကျန်းမာပျော်ရွှင်ပြီး ကိုယ်နဲ့ သက်တမ်းစေ့နေနိုင်ဖို့ အထောက်အကူ ပြုပါလိမ့် မယ်။ တိလေးတစ်ကောင်မွေးမြူခြင်းဟာ တာဝန်ယူရခြင်းအပြင် တိလေးနဲ့ ကိုယ့်ကြားက နွေးထွေးတဲ့ ဆက်ဆံ ရေး၊ ပျော်ရွှင်စရာအမှတ်တရ၊ အခိုက်အတန့်မျိုးစုံကို အတူဖြတ်သန်းကြခြင်းက တိလေးတစ်ကောင်ရှိခြင်းရဲ့ အနှစ်သာရပါပဲ။


Share

Comments

Related Posts