ကလေးငယ်တို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးတွေ၊ ထူးခြားပြီး တန်ဖိုးရှိတဲ့ အချိန်အခါလေးတွေအတွက် တစ်သက်မမေ့နိုင်မယ့် လက်ဆောင်ကောင်းတွေ ပေးဖို့ စိတ်ကူးနေတယ်ဆို ဒီဆောင်းပါးလေးက အဆင်သင့်ပါပဲနော်။ ငယ်ရွယ်စဥ်မှာ ရရှိထားတဲ့ လက်ဆောင်ကောင်းလေးတွေက သူတို့လေးတွေ ဘဝမှာ မေ့မရနိုင်တဲ့အမှတ်တရဖြစ်သွားစေပြီး လက်ဆောင်ပေးသူရဲ့ စေတနာနဲ့ အချစ်တွေကို ခံစားမိကာ ပြန်ပြန်ထုတ်ကြည့်ချင်မယ့် လက်ဆောင်လေးတွေ ဖြစ်မှာမို့ ရွေးချယ်မှုမှန်ကန်ဖို့ လိုပါတယ်။ ဒါမှ အသက်အရွယ်တွေ ကြီးလာပြီး ဘဝမှာ အောင်မြင်မှုတွေ အဆင့်ဆင့် ပိုင်ဆိုင်လာတဲ့အခါမှာလည်း ငယ်ကတည်းက ရရှိခဲ့တဲ့ ဒီလိုလက်ဆောင်လေးတွေက ကလေးငယ်နဲ့အတူ အမှတ်တရဖြစ်ဖွယ်ရာ ချစ်စရာပစ္စည်းလေးတွေ အဖြစ် ရင်ထဲကျန်ရစ်နေမှာ အမှန်ပါ။ ကဲ…ဒါဆို ဘေဘီလေးတို့အတွက် အဓိပ္ပာယ်ရှိပြီး အမှတ်တရဖြစ်စေတဲ့ လက်ဆောင်ကောင်းတွေ ရွေးချယ်နိုင်ဖို့ အောက်မှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
အချိန်အခါနဲ့အလိုက်ဖက်ဆုံး
မတူညီတဲ့ အမှတ်တရနေ့ရက်တွေတိုင်းအတွက် လက်ဆောင်ပေးကြတဲ့အခါ ထူးခြားကွဲပြားတဲ့ လက်ဆောင်လေးတွေ ဖြစ်ဖို့ လိုပါတယ်။ ဥပမာ မွေးနေ့တို့ ရက်တစ်ရာပြည့်မွေးနေ့လေးအတွက်ဆို ချစ်စရာ အရုပ်လေးတွေ၊ အသုံးအဆောင်လေး၊ စောင်၊ ပဝါလေးတွေ၊ ပုံပြင်စာအုပ်၊ အရောင်ခြယ်စာအုပ်၊ အမှတ်တရတွေ သိမ်းထားလို့ရမယ့် ဓာတ်ပုံအယ်ဘမ်လေးတွေအပြင် တတ်နိုင်မယ်ဆို သူတို့လေးတွေနဲ့ လိုက်ဖက်မယ့် လက်ဝတ်ရတနာ အသေးလေးတွေ ဖန်တီးပေးလို့ရတာမျိုးပါ။ အသက်အရွယ်ကြီးလာလို့ သူတို့လေးတွေ အောင်မြင်မှုတွေအတွက် ဂုဏ်ပြုလက်ဆောင်ပေးဖို့ဆို ဖောင်တိန်ကောင်းကောင်းလေးတွေ၊ သူတို့နာမည်ရေးထွင်းထားတဲ့ သေတ္တာလေးတွေ စသဖြင့် ပေးရင် သူတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရာရောက်ပြီး အမှတ်တရဖြစ်စေတာပေါ့။
သူလေးအတွက် သီးသန့်
အလွယ်တကူဝယ်လို့ရတဲ့ လက်ဆောင်တွေထက် ကလေးအတွက် တစ်သီးတစ်သန့်လေး ဖြစ်နေစေမယ့် ထူးခြားတဲ့လက်ဆောင်တွေလည်း ပေးလို့ရပါသေးတယ်။ သူတို့လေးတွေ နာမည်၊ မွေးနေ့နဲ့ အမှတ်တရဖြစ်စေမယ့် စာလေးတွေကို အရုပ်တွေ၊ ဓာတ်ပုံဘောင်တွေ၊ လက်ဝတ်ရတနာလေးတွေ စသဖြင့်တို့မှာ စာထွင်းထုကာ လှလှပပ ဖန်တီးပေးရင်လည်း သူတို့လေးအတွက်သာ သီးသန့်ရှိနေတဲ့ လက်ဆောင်လေးတွေ ဖြစ်စေဦးမှာပါနော်။ နောက်ထပ် အမှတ်တရအဖြစ်စေဆုံး လက်ဆောင်ဖြစ်ဖို့က ဒီပစ္စည်းလေးကို ဘာကြောင့်၊ ဘယ်လိုစဥ်းစားပြီး ဝယ်ဖြစ်လဲ စသဖြင့် ချစ်စဖွယ် လက်ရေးနဲ့ ရေးပေးတာကလည်း ထပ်ဆောင်းပျော်ရွှင်မှုတွေကို ယူဆောင်လာပေးမှာပါ။
အမှတ်တရဖြစ်ဖြစ်နဲ့ အသုံးဝင်ဆုံး
လက်ဆောင်ပေးတဲ့နေရာမှာ အပြင်ပန်းချစ်စရာကောင်း၊ လှပနေဖို့အပြင် လက်တွေ့အသုံးချနိုင်တဲ့ အရာလေးတွေ ဖြစ်ဖို့လည်း လိုသေးတာနော်။ ကလေးတုန်းက အသုံးပြုခဲ့တဲ့၊ အကြိုက်တွေ့ခဲ့တဲ့ ပစ္စည်းလေးတွေက အသက်ကြီးလာတဲ့အခါမှာလည်း အမြတ်တနိုးသိမ်းဆည်းချင်စရာ ဖြစ်စေဖို့အတွက် အိုင်ဒီယာလေးတွေ ရှိပါတယ်။ အရပ်တိုင်းတာတဲ့ boardလေးတွေ၊ ဘယ်တော့မှ ရိုးမသွားစေမယ့် ဂန္တဝင်စာအုပ်ကောင်းတွေနဲ့ လက်ရေးစာတွေ၊ ပုံတွေ၊ ဆုတံဆိပ်တွေ သိမ်းဆည်းနိုင်မယ့် သေတ္တာလေးတွေက အမှန်တကယ် အသုံးဝင်ပြီး တစ်သက်သာ မှတ်မှတ်ရရဖြစ်စေမယ့် လက်ဆောင်မွန်တွေပါပဲ။
ဘေဘီလေးနဲ့အတူ ဖန်တီးမှု
ကလေးတို့အတွက် နောက်ထပ် အထူးတလှယ်ဖြစ်စေတဲ့ လက်ဆောင်အမျိုးအစားကတော့ သူတို့လေးတွေနဲ့ တူတူဖန်တီးထားတဲ့ အရာလေးတွေပါ။ ဒီလက်ဆောင်ထဲမှာ ကလေးငယ်ကိုယ်တိုင် ပါဝင်တဲ့အတွက် သူ့အတွက် အမှတ်တရပိုဖြစ်စေတာပေါ့။ ဘေဘီလေးတို့အတူ ဆေးရောင်စုံတူတူခြယ်ပြီး လက်မှုပစ္စည်းလေးတွေ အတူလုပ်တာ၊ သူတို့လေးတွေ လက်ဗွေရာ၊ ခြေဗွေရာလေးတွေနဲ့ ဓာတ်ပုံဘောင်လေးတွေ ဖေဖေမေမေတို့က ပြုလုပ်ပေးတာလည်း ပျော်စရာလေးတွေ ဖန်တီးနိုင်ဖို့ အထောက်အကူ လက်ဆောင်လေးတွေ ဖြစ်စေမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာကတော့ Time Capsule ပြုလုပ်ပြီး နောက်နှစ်ပေါင်းများစွာ ကြာမှ ပြန်တူးဖော်ကြတာ စသဖြင့် ပျော်စရာအမှတ်တရလေးတွေ ဖန်တီးပေးနိုင်ပါတယ်။
လက်ဆောင်တွေ ရွေးချယ်တဲ့အခါမှာ နောက်ထပ်အရေးကြီးတာက ကလေးငယ်လေးတွေ အတွက်လည်းဖြစ်ပြီး၊ အချိန်အတော်ကြာ ခံနိုင်ရည်ရှိဖို့လည်း လိုတာမို့ အရည်အသွေးကောင်းမွန်တာကို ရွေးချယ်ဖို့ လိုပါမယ်နော်။ ထုပ်ပိုးပြင်ဆင်တဲ့အခါမှာလည်း အရောင်စိုစို ချစ်စရာကောင်းတဲ့ ဖဲပြားလေးတွေ၊ accessoriesလေးတွေနဲ့ ကလေးငယ်အကြိုက် ပြင်ဆင်လက်ဆောင်ပေးလိုက်မယ်ဆို သူတို့လေးတွေ တစ်သက်တာ အမှတ်ရစေတဲ့၊ သိမ်းဆည်းထားချင်တဲ့ လက်ဆောင်မွန်လေးတွေ ဖြစ်စေမှာပါနော်။
Comments