ကြောင်လေးတွေနဲ့ ကျောက်ကပ်ပြဿနာ

Posted in အိမ်မွေးတိရစ္ဆာန်


ကြောင်လေးတွေ အသက်အရွယ်ရလာတဲ့အခါ သူတို့ကျောက်ကပ်တွေဟာလည်း သေချာအလုပ်မလုပ်တော့တာမို့ ကျောက်ကပ်ရောဂါ ဖြစ်တတ်ကြပါတယ်။ သွေးတွင်းက အညစ်အကြေးတွေကို ကျောက်ကပ်က မသန့်စင်ပေးနိုင်တော့တဲ့အတွက် တခြားကျန်းမာရေး ပြဿနာတွေပါ ဆက်စပ်ဖြစ်စေနိုင်တာပါ။ ဒီကနေ အသက်အရွယ်ကြီးလာတဲ့ ကြောင်လေးတွေမှာဆို ရောဂါဖြစ်ပွားမှု ကြာရှည်တတ်တာမို့ နာတာရှည်ကျောက်ကပ်ရောဂါလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ဒါကြောင့် အိမ်က ကြောင်လေးအတွက် ကျောက်ကပ်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ လက္ခဏာတွေကို လေ့လာထားပြီး ဘယ်လို ကာကွယ်ဂရုစိုက်ပေးရမလဲဆိုတာ ဒီအောက်မှာ ဆက်ဖတ်ကြည့်လိုက်ရအောင်။ 

ဘာလို့ ဒီရောဂါဖြစ်စေတာလဲ

ကြောင်တွေမှာ ကျောက်ကပ်ရောဂါဖြစ်တယ်ဆိုတာက သူတို့လေးတွေရဲ့ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ ပိုးဝင်တာ၊ ကိုယ်တွင်းအဆိပ်အတောက်များတာတွေနဲ့ ဆက်စပ်ပတ်သတ်နေတတ်ပါတယ်။ အသက်အရွယ်ရလာတော့ လူတွေအတိုင်း ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကျဆင်းလာပြီး အားနည်းကာ ရောဂါဖြစ်စေတာပါ။ Persians နဲ့ Abyssinians စတဲ့ ကြောင်မျိုးစိတ်တွေမှာ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေများပြီး အဆိပ်အတောက်ပါဝင်တဲ့ အရာတွေ၊ ကျောက်ကပ်ပျက်စီးစေတဲ့ ဆေးဝါးတွေ စားမိတာမှာလည်း ‌ရောဂါဖြစ်နိုင်ခြေ များတတ်ပါတယ်။ 

‌သိထားသင့်တဲ့ ရောဂါလက္ခဏာတွေ

ကျောက်ကပ်‌ရောဂါ စစဖြစ်ချင်းမှာ လက္ခဏာတွေကို ကြိုတင်သိထားပြီး ကာကွယ်ထားနိုင်ခဲ့တယ်ဆို ကြောင်လေးတွေရဲ့  ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပြီး တိဖေဖေ၊ မေမေတို့နဲ့ အချိန်ကြာကြာ တူတူဖြတ်သန်းနိုင်တာပါ။ ကြောင်လေးက ရေသောက်များ၊ အပေါ့သွားတာ များလာတယ်၊ အစာစားချင်စိတ် နည်းလာတယ်၊ ကိုယ်အလေးချိန်ကျလာတယ်၊ ပျို့အန်တယ်၊ အလှုပ်ရှားနည်းပြီး ငြိမ်လာတယ်ဆို ဒါတွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ အစလက္ခဏာတွေမို့ မပေါ့ဆသင့်ပါဘူးနော်။ 

ဘယ်လို ကုသပေးကြမလဲ

ဒီရောဂါကို ကာကွယ်ကုသဖို့အတွက်ကို ကြောင်လေးတွေကို ပရိုတင်း၊ ဆိုဒီယမ်နဲ့ ဖရော့စထရပ်ဓာတ် နည်းတဲ့ အစားအစာတွေ ကျွေးသင့်ပြီး ရေများများတိုက်ပေးဖို့လိုပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းနဲ့ လက္ခဏာတွေ လျော့ပါးစေနိုင်ဖို့ ကျွမ်းကျင်ရာ တိရစ္ဆာန်ကုဆရာဝန်နဲ့ ပြသကာ သင့်တော်တဲ့ဆေးဝါး တိုက်ကျွေးပေးပါ။ တိဆေးခန်းတွေမှာလည်း ပုံမှန် မကြာခဏ ဆေးစစ်ပြသပြီး ဂရုစိုက်မှုပေးမယ်ဆို ကြောင်လေးတို့ရဲ့ ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ 

ကြောင်လေးတွေမှာ ဖြစ်တတ်တဲ့ ကျောက်ကပ်ရောဂါတွေဟာ မပေါ့ဆသင့်တဲ့ရောဂါအမျိုးအစားဖြစ်ပြီး ကြိုတင်လေ့လာ၊ ကာကွယ်ထားမယ်ဆို တတ်နိုင်သလောက် သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောပြထားတဲ့အချက်လေးတွေနဲ့ သင့်တော်တဲ့ စောင့်ရှောက်၊ ဂရုစိုက်ပေးမှုတွေ ရှိမယ်ဆို သင့်ကြောင်လေးနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို တူတူဖြတ်သန်းနိုင်မှာပါ။


Share

Comments

Related Posts