ဘာသာစကားအသစ် သင်ကြားတဲ့အခါ

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့ဖြစ်ဖြစ်၊ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ ဝါသနာအရဖြစ်ဖြစ် ဘာသာစကားအသစ် တစ်ခုခုကို သင်ကြားတော့မယ်ဆို အချိန်သေချာမပေးမိတာတွေ၊ စိတ်ပါဝင်စားမှုမရှိတာတွေ၊ ခက်ခဲတယ်လို့ ထင်မိတာတွေကြောင့် တက်မြောက်ဖို့ အချိန်ကြာနေတတ်ပြီး ဘာမှဆက်မဖြစ်လာတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာသာစကားသစ် စသင်တာနဲ့ သူနဲ့သက်ဆိုင်တဲ့ အခြေခံ၊ သဒ္ဒါနဲ့ လေ့ကျင့်ခန်းတွေအပြင် စကားအပြောအဆိုပါ အရာအားလုံး တန်းတူ တတ်မြောက်နေဖို့ လွယ်ကူတဲ့အရာမျိုး မဟုတ်တဲ့အတွက် ဘာသာစကားအသစ် သင်ကြားနေသူတိုင်း အခက်တွေ့တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်သင်ကြားချင်တဲ့ ဘာသာစကားကို စိတ်ဝင်တစားနဲ့ ပျော်ပျော်ပါးပါးသင်ယူတက်မြောက်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေရှိမလဲဆိုတာ ဒီဆောင်းပါးလေးမှာ မျှဝေလိုက်ပါရစေ။

ရည်ရွယ်ချက်ထားရှိပါ

ကိုယ့်မိခင်ဘာသာစကားကနေ ဘာသာစကားအသစ်ကို သင်ကြားတာဟာ ရှည်လျားတဲ့ခရီးတစ်ခုကို မနားမနေ သွားရသလိုပါပဲ။ အစဥ်မပြတ် သင်ယူရနေရပြီး အပြည့်အဝတတ်မြောက်သွားတာမျိုးလည်း မရှိတဲ့အတွက်ကြောင့် သင်ယူလေ့လာနေရင်းနဲ့ “ခက်တယ်”၊ “စိတ်မပါတော့ဘူး” ဆိုပြီးတော့ ရပ်လိုက်ချင်တတ်ကြတာပါ။ ဒီလိုမဖြစ်စေဖို့ အရေးကြီးဆုံးအနေနဲ့ အစကတည်းက ဒီဘာသာစကားကို ဘယ်လိုရည်ရွယ်ချက်နဲ့ သင်ယူတယ်၊ ဒီဘာသာစကားတက်မြောက်မှုက ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို အမြဲသတိတရနဲ့ ကြိုးစားနေမယ်ဆို ‌စိတ်ပါဝင်စားမှုကောင်းလာပြီး ဖြေး‌ဖြေးမှန်မှန်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာပါ။ ဒါကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ သင်သင်၊ ဘာသာစကားတစ်ခုခုကို စတင်လေ့လာပြီဆိုတာနဲ့ တိကျခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်က ဘာသာစကားတက်မြောက်မှုကို အထောက်အကူကြီးဖြစ်စေမှာပါ။

ဖြေးဖြေးမှန်မှန်ကြိုးစားသွားပါ

ပုံမှန်အားဖြင့် ဘာသာစကားအသစ် သင်ယူပြီဆိုတာနဲ့ တစ်ပတ်၊ နှစ်ပတ်နဲ့ မိခင်ဘာသာစကားလို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်ကြတာ လူတိုင်းပါပဲ။ ဒီတော့ တချို့က အခြေခံကနေ သေချာစတင် မလေ့လာတော့ဘဲ စကားပြော အမြန်သင်တန်းတွေနဲ့ အလွယ်နည်းလိုက်ကြတော့ အမှန်တကယ်မတတ်မြောက်တော့ဘဲ သင်ပြီး ခဏပဲပြန်မေ့တာနဲ့ အချိန်ကုန်လူပင်ပန်းဖြစ်ကြရပါတယ်။ အမှန်တကယ် အမြန်ဆုံးတက်မြောက်နိုင်တဲ့နည်းကတော့ နေ့စဥ် ကိုယ်မှတ်ယူလေ့လာနိုင်တဲ့နှုန်းနဲ့ပဲ နည်းနည်းစီစီ သင်ယူတာမျိုးပါပဲ။ ၅မိနစ်ကို နားထောင်တဲ့‌ လေ့ကျင့်ခန်းလုပ်၊ ၁၀မိနစ်ကို စာဖတ်တဲ့လေ့ကျင့်ခန်းလုပ် စသဖြင့် အလှည့်ကျစီလေ့လာမယ်ဆို သင်ကြားတဲ့နေရာမှာ ပိုအာရုံစိုက်နိုင်မှာပါ။ အချိန်ဘယ်လောက်ကြာ သင်ယူလေ့လာချိန် ထားရှိတာထက်စာရင် ဘယ်လိုလေ့လာရင် တက်မြောက်ဖို့လွယ်မလဲ နည်းလမ်းကိုသာ ရှာတွေ့နိုင်ဖို့ အရေးကြီးဆုံးပါပဲ။

မိတ်ဆွေရှာပါ

ဖတ်စာအုပ်တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေနဲ့ စာတွေ့သင်နေတာမျိုးမလုပ်သင့်ဘဲ လက်တွေ့ကျကျ စကားပြော၊ ပြန်ဖြေတတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ်သင်ကြားနေတဲ့ ဘာသာစကားကို တူတူသင်ယူနေတဲ့သူ သို့ ဆရာ သို့ အဲ့ဘာသာစကားကို အမိဘာသာစကားအနေနဲ့ အသုံးပြုတဲ့ နိုင်ငံခြားသားနဲ့ နည်းနည်းချင်းစီ စပြီး ဆွေးနွေးပြောမယ်ဆို ပိုစိတ်ဝင်စားဖို့ကောင်းပြီး တိုးတက်မှုနှုန်းမြန်စေမှာပါ။ ကိုယ်က တစ်ယောက်တည်း လေ့လာတယ်၊ တူတူစကားပြောဖို့ သူငယ်ချင်းမရှိဘူးဆိုလည်း လူမှုကွန်ယက်တွေမှာ ဘာသာစကားအလိုက် Group တွေကိုယ်စီရှိနေတာမို့ ဝင်ရောက်ဆွေးနွေးတာမျိုး၊ လေ့လာနေတဲ့ သာသာစကားနဲ့ သက်ဆိုင်တဲ့ တွေ့ဆုံပွဲတွေ သွားတာမျိုး ပြုလုပ်ရင်း အတွေ့အကြုံယူနိုင်ပါသေးတယ်။

လက်တွေ့ဘဝမှာ လေ့လာပါ 

ဘာသာစကားဆိုတာ နေ့စဥ် အချိန်တိုင်းပြောဆိုဆက်သွယ်နေရတဲ့အရာမို့ သင်ယူနေတဲ့ဘာသာစကားကို ကိုယ့်ရဲ့လက်တွေ့ဘဝထဲ ထည့်သွင်းအသုံးပြုလေ့လာနေဖို့ လိုပါတယ်။ ဒီဘာသာစကားကို အသုံးပြုနေတဲ့ နိုင်ငံမှာ လက်ရှိနေထိုင်နေတယ်ဆို မဖြစ်မနေပြောဆိုနေရတဲ့အတွက် တက်မြောက်မှုမြန်နိုင်ပေမဲ့ ကိုယ့်အမိနိုင်ငံမှာပဲ အရင်လေ့လာနေတယ်ဆို ဒီဘာသာစကားနဲ့ ဘယ်လိုစဥ်းစားပြောဆိုရမလဲဆိုတာ တွေးရင်း သင်ကြားနေသင့်ပါတယ်။ ဥပမာ ကိုယ်မျက်စိရှေ့မှာမြင်ရတဲ့ အိမ်သုံးပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ မှတ်စုတစ်အုပ်မှာ ဝေါဟာရအသစ်တွေ လေ့ကျင့်တာမျိုးလုပ်နိုင်ပါတယ်။ စိတ်ဝင်စားတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေထဲကလည်း ကိုယ့်သင်ယူမှုကို တိုးတက်အောင်လုပ်ပေးနိုင်တာမို့ လက်တွေ့ဘဝထဲ ဘာသာစကားအသစ်ကို တူတူလေ့လာကြည့်ရင်း ဒီအပေါ် စိတ်ပါဝင်စားမှုမြင့်တင်ပေးနိုင်တာ တွေ့ရမှာပါ။

အခုချိန်မှာ ဖုန်း သို့ ကွန်ပြူတာရှိရုံနဲ့ အွန်လိုင်းကနေ ကမ္ဘာပေါ် က ဘာသာစကားအသစ်အဆန်းမျိုးစုံကို သင်ကြားဖို့ အရင်ကလောက် မခက်ခဲတော့တဲ့အတွက် အမှန်တကယ် စိတ်ပါဝင်စားမှုနဲ့ ရေရှည်သင်ယူနေနိုင်စွမ်း ရှိမယ်ဆို တိုးတက်မှုက လက်တစ်ကမ်းမှာပဲ ဖြစ်ပါတယ်။ ၁ခုထက်ပိုတဲ့ ဘာသာစကားတက်မြောက်ထားတာက ဘဝအတွက်လည်း အကျိုးကျေးဇူးအများကြီး ရှိတာမို့ တတ်မြောက်ထားချင်တဲ့ ဘာသာစကားကို အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေနဲ့ နည်းစနစ်ကျကျနဲ့ ရေရှည် သင်ကြားတက်မြောက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။


Share

Comments

Khin Aye Mon

Thank you

AyeMyat Mon

Thanks

Related Posts