သတိထားသင့်တဲ့ နှမြောစာ

Posted in ကျန်းမာရေး


ထမင်းဟင်းချက်တဲ့အခါ မလောက်ငှမှာစိုးလို့ ပိုပိုသာသာတွေ ချက်ထားပြီး ညရောက်ရင် မကုန်တော့ဘဲ တစ်အိုး လိုက်ကြီး ပိုနေတာမျိုး ဖြစ်တတ်ကြတယ်မဟုတ်လား။ ဒီလို ပိုလျှံနေတဲ့အခါမျိုးမှာ သွန်ပစ်ရမှာ နှမြောတာ ကြောင့် ဆာဆာ၊ မဆာဆာ စားတတ်ကြတဲ့ အစားအစာတွေကို နှမြောစာ လို့‌ခေါ် တာပေါ့။ နှမြောစာ စားကျင့် စွဲသွားတဲ့အခါ ‌ရေရှည်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့ ဒီအကျင့်ကို ဘယ်လို  ဖျောက်ဖျက်ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

နှမြောစာ စားတတ်တဲ့အကျင့် ဘယ်ကလာသလဲ

မြန်မာ့လူမှုဓလေ့စရိုက်အရ ဧည့်သည်လာရင်၊ အမျိုးအဆွေတွေ အိမ်လည်လာရင် ထမင်းစားသွားဖို့ လောက ဝတ်ပြုတတ်ကြပါတယ်။ ထမင်းဟင်းနဲ့ ဧည့်ခံတတ်ကြပါတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တွေ အတွက်လည်း ထမင်းဟင်းမလောက်မှာ စိုးရိမ်တတ်ကြပါတယ်။ ဒီလိုအချက်တွေကြောင့် အစားအစာတွေကို ပိုပိုသာသာ ပြု လုပ်မိပြီး မကုန်တဲ့အခါ နှမြောတာကြောင့် တကယ်မဆာပဲ စားမိလေ့ရှိကြတာပေါ့။ အထူးသဖြင့် လူကြီးမိဘ တွေ၊ အိမ်ရဲ့ အိုးသူကြီးတွေက နှမြောစာ အစားအများဆုံးသူတွေပါပဲ။ ဒီနေရာမှာ ပြောချင်တာတစ်ခုက လူကြီးတွေ၊ အထူးအဖြင့် အိမ်က မေမေတွေဟာ မိသားစုဝင်တွေကိုငဲ့ရင်း နောက်မှစားမယ်ဆိုပြီး ကျန်သမျှကို အကုန်စုစားတတ်ကြပါတယ်။ ကိုယ့်မှာ ဒီလိုလုပ်တတ်တဲ့ မိသားစုဝင် တစ်ယောက်ယောက်ရှိတယ်ဆိုရင် နောက်မှမစားဘဲ မိသားစု ထမင်းဝိုင်းမှာ အတူတူစားဖို့ ဂရုစိုက် တိုက်တွန်း သင့်ကြောင်း ပြောချင်ပါတယ်။ 

နှမြောစာစားခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ

နှမြောစာ စားတတ်သူတွေက ယေဘုယျအားဖြင့် ပိုနေသမျှ စားစရာတွေကို နှမြောလို့ဆိုပြီး ညဘက်မှာ စားတာ ဖြစ်လို့ စားပြီးရင် လှုပ်လှုပ်ရှားရှားမလုပ်ဘဲ တန်းအိပ်ကြတာများပါတယ်။ဒါကြောင့်  အဝလွန်တတ်ကြပါတယ်။ အဝ လွန်တာအပြင် သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးဆိုင်ရာရောဂါတွေ၊ အဆစ်အမြစ်နာရောဂါ စတာတွေက တွဲရက်ပါလာမှာကိုလည်း သတိပြုသင့်ပါတယ်။ စားသောက်ဆိုင်တွေမှာ သွားစားတဲ့အခါ စားနိုင်တာထက် ပိုမှာမိပြီး နှမြောလို့ မကုန်ကုန်အောင် စားမိတာ ကလည်း နှမြောစာတွေပါပဲ။ အထူးသဖြင့် ဘူဖေး(Buffet) စနစ်နဲ့ စားရတဲ့ စားသောက်ဆိုင်တွေမှာ ဆိုရင် နှမြောစာ ပိုစားမိကြမှာပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အစားအလွန်အကျွံစားရင် အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တတ် ကြပါတယ်။ နှမြောစာ စားတာက အစာမကြေတာ၊ လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းချုပ်တာ စတဲ့ ဗိုက်ပြဿနာတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ ညစဥ်ရက်ဆက် နှမြောစာ စားလာတဲ့အခါ အကျင့်ပါလာပြီး အိမ်မှာ စားစရာမပိုတော့ရင်တောင် စားနေကျ အချိန်ရောက်ရင် ဗိုက်ဆာလာလို့ မရှိရှိတာ ရှာကြံပြီး စားမိတတ်ကြပါတယ်။ ဒီလိုနဲ့ ကိုယ့်စိတ်ကိုယ် အလိုလိုက်ရင်း ကျန်မာရေးနဲ့ မညီတဲ့ စားသောက်မှု ပုံစံကို ထပ်ခါထပ်ခါ စားမိနေတော့တာပေါ့။

နှမြောစာစားတဲ့ အကျင့်ကို ဘယ်လိုဖျောက်ဖျက်ကြမလဲ 

ဒီအကျင့်ကို  ပြန်စမ်းစစ်ကြည့်မယ်ဆိုရင် တစ်နေကုန် အိမ်သားတွေ စားပြီးသောက်ပြီးတာတောင် ညရောက်ရင် စားစရာတွေ အများကြီးပိုနေတာကနေ စဖြစ်လာတဲ့ အကျင့်ပါ။ ဒီတော့ နှမြောစာ စားတဲ့ အကျင့်ကို ဖျောက်ဖို့ဆိုရင် ထမင်းဟင်းတွေ ပိုမနေဖို့က အဓိကပဲဆိုတာ မြင်သာပါတယ်။ ဒါကြောင့် လာမှာ မသေချာတဲ့ ဧည့်သည်တွေ၊ ညစာပြန်စားမှာ မသေချာတဲ့ အိမ်သားတွေအတွက် ကုန်မှာမသေချာဘဲ ထမင်းဟင်းအပိုတွေ ချက်မထားပါနဲ့။ စားမှာ သေချာတဲ့ လူဦးရေအတွက်ပဲ ခန့်မှန်းပြီးချက်မယ်ဆိုရင် နှမြောစာ စားတတ်တဲ့ အကျင့် ပျောက်သွားမယ့်အပြင် အလေအလွင့်တွေနည်းသွားလို့ စရိတ်စကလည်း သက်သာသွားဦးမှာပါ။ ဈေးသွားတဲ့ အခါမှာ လိုအပ်တဲ့ ပမာဏကိုသာ ချင့်ချိန်ဝယ်ယူရင် ချက်ပြုတ်တဲ့အခါမှာလည်း စားလို့ကုန်တဲ့ ပမာဏကိုပဲ ချင့်ချိန်ချက်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

ဒီလို ချင့်ချိန်ပြီး ချက်တဲ့ကြားက အစားအသောက်တွေပိုလာခဲ့ရင် ဘယ်လိုလုပ်ရမလဲ 

ရေခဲသေတ္တာဆိုတာ ဒီလိုအခြေအနေတွေမှာ သုံးဖို့ပါပဲ။ ပိုနေတဲ့ ဟင်းတွေကို လေလုံအောင် သေချာ ဖုံးအုပ်ပြီး ရေခဲသေတ္တာ (အခဲကန့်မဟုတ်) ထဲကို ထည့်ပါ။ ဒါမှမဟုတ် အေးပြီးခြောက်သွေ့တဲ့နေရာတွေမှာ သိမ်း ထားလို့ ရပါတယ်။ မနက်ကျမှ ပြန်နွေးပြီးစားပေါ့။ တစ်နေ့စာတစ်နေ့ ကွက်တိချက်နိုင်ရင်တော့ အကောင်းဆုံးပါ ပဲ။

လွှင့်ပစ်ရင်လည်း လေလွင့်၊ စားပြန်ရင်လည်း ကျန်းမာရေးထိခိုက် ဖြစ်စေတဲ့ နှမြောစာရဲ့ အကျိုးဆက်က လူမှု ဘဝအတွက် ထိခိုက်မှုမနည်းဘူးလို့ ဆိုနိုင်ပါတယ်။ ပိုပိုသာသာ ချက်တတ်တဲ့ အကျင့်ကြောင့် အပိုကုန်တဲ့ မီးဖိုချောင်စရိတ်၊ နှမြောစာရဲ့ နောက်ဆက်တွဲတွေကြောင့် ကုန်ကျတဲ့ ကျန်းမာရေးစရိတ်တွေလည်း ငွေကုန် ကြေးကျ များစေတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။ ဒါကြောင့် လိုတာထက်ပိုဝယ်၊ ပိုချက်တတ်တဲ့ အကျင့်ကိုပြင်ပြီး မီးဖိုချောင်ကို စမတ်ကျကျ စီမံခန့်ခွဲမယ်ဆိုရင် ကျန်းမာရေးအတွက်ရော၊ ငွေရေးကြေးရေး အတွက်ပါ ပိုအကျိုးရှိလာမှာ သေချာပါတယ်။

 


Share

Comments

Win Pa Pa Myat

နှ​မြောစာစားတတ်တဲ့အကျင့် ကျွန်မမှာလည်း ရှိပါတယ်။ညဘက် ဗိုက်မဆာ​တော့ရင်​တောင် မနက်၊ညအတွက် ချက်ထားတဲ့ ထမင်းမို့ လွှင့်ပစ်ရမှာ နှ​မြောစိတ်နဲ့ မဆာလည်း စားတာမျိုး လုပ်တတ်ပါတယ်။အခု​ဆောင်းပါး​လေး ဖတ်ရတဲ့အခါ နှ​မြောစာရဲ့ အန္တရာယ်၊ သတိမပြုမိခြင်းရဲ့ အကျိုးဆက်​တွေကို သတိထားမိသွား​စေတဲ့အတွက် ​ကျေးဇူးတင်ပါတယ်

Poe Thadar Cho

နှမြောစာ စားတတ်တဲ့ ကျွန်မ အတွက်တော့ ဒီဆောင်းပါးလေးက ရွှေထက်တောင်တန်ဖိုးရှိပါတယ် နှမြောစာစားခြင်းရဲ့ အန္တရာယ်ကို သိမြင်စေလို့ ကျေးဇူးပါ ရှင်

Aung Thike

စိတ်ကိုအလိုလိုက် ကျန်းမာရေးနဲ့မလိုက်ဖက်နိုင်ပါ။ နှမြောစာတွေဟာ လွင့်ရင်လေလွင့် စားရင်ကျန်းမာရေး ထိခိုက်နိုင်အစရှိတဲ့ ရှင်းပြထားတဲ့ဒီဆောင်းပါးက အသိပညာအရမ်းကို တန်ဖိုးကြီးလှပါသည်။ ကျန်းမာရေးကောင်းတုန်းမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့ လူတိုင်းတွက် အထူးအရေးကြီးလှပါသည်။

Related Posts