မြန်မာ့လက်ဖက်ရည်စကားဝိုင်း

Posted in အစားအစာ


"သူငယ်ချင်းရေ ခြောက်နာရီတောင် ထိုးပြီးပါပကောလေ လာကြဟေ့ လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေ” ဆိုတဲ့ ဦးကိုင်ဇာရဲ့ သီချင်းစာသားလေးကြားလိုက်တာနဲ့ မြန်မာ့လက်ဖက်ရည်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ချစ်စရာယဉ်ကျေးမှုလေးကို ပြေးမြင်မိကြတာပါပဲ။ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေက လူ့အဖွဲ့အစည်းအတွက် တက်တက်ကြွကြွနဲ့ စည်းစည်းကားကားရှိတဲ့ နေရာတွေဖြစ်ပြီး ယောကျာ်းလေးတွေက မနက်မိုးလင်းကနေ ညနေမိုးချုပ်အထိ မြန်မာ့လက်ဖက်ရည်လေးကို ဇိမ်ခံ တမြမြ သောက်ရင်း သတင်းစာဖတ်တဲ့သူကဖတ်၊ ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းတွေအကြောင်း အာပေါင်းရင်းသန် ပြောဆိုဆွေးနွေးလေ့ရှိကြပါတယ်။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီလက်ဖက်ရည်ဆိုင်လေးတွေနဲ့ လက်ဖက်ရည်က မြန်မာလူမျိုးတွေက နှလုံးသားမှာ ခိုင်မာတဲ့နေရာတစ်ခုနဲ့ လွှမ်းမိုးထားတာဖြစ်ပါတယ်။ 

သမိုင်းမှတ်တမ်းတွေနဲ့ ရှာဖွေတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံရဲ့ ပထမဆုံး လက်ဖက်ရည်ဆိုင်တွေကို ဖွင့်ခဲ့တာ အိန္ဒိယလူမျိုးတွေ ဖြစ်ပါတယ်တဲ့။ အရင်အချိန်တွေက လက်ဖက်ရည်ယဉ်ကျေးမှုကို ပြန်ကြည့်မယ်ဆိုရင်တော့ ၁၈၈၅ ခုနှစ် သီပေါမင်း အိန္ဒိယနိုင်ငံကို ပါတော်မူတဲ့အချိန်တွေတုန်းက စတင်ခဲ့တာဖြစ်လောက်မယ်လို့ ယုံကြည်လို့ရပါတယ်။ တချို့ကကြတော့လည်း လက်ဖက်ရည်သောက်တဲ့ ယဉ်ကျေးမှုက ကိုလိုနီခေတ်တုန်းက ဗြိတိသျှလူမျိုးတွေဆီက ဆင်းသက်လာတယ်လို့လည်း ပြောကြပါတယ်။ ဘယ်လိုပဲ ဆင်းသက်လာလာ သေချာတာတစ်ခုကတော့ မြန်မာလူမျိုးတော်တော်များများက တစ်နေ့ကို လက်ဖက်ရည်တစ်ခွက်မသောက်ဘဲနဲ့ မနေနိုင်ဘူးဆိုတာပါပဲ။

လက်ဖက်ရည်ကို ဘယ်လိုမှာကြလဲ

ကိုယ့်အိမ်နားက လက်ဖက်ရည်ဆိုင်လေးတွေကို မနက်လူစည်နေတဲ့အချိန်ဖြတ်သွားမိရင် ကြားနေကြ စကားလေးကတော့ “ပုံမှန်တစ်ခွက်ဆွဲမယ်ဟေ့” ဆိုတာပါပဲ။ မြန်မာ့လက်ဖက်ရည်က နို့ဆီ၊ နို့စိမ်း နဲ့ ရေနွေးကြမ်းအကျနဲ့ ဖျော်ထားတာဖြစ်ပါတယ်။ ဒီပါဝင်ပစ္စည်း သုံးခုနဲ့တင် လက်ဖက်ရည်အမျိုးအစားတွေ များစွာ ဖျော်စပ်လို့ရပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်အများစုကတော့ လက်ဖက်ရည်အရသာ ငါးမျိုးကိုပဲ အဓိကထား ရောင်းကြပါတယ် - ချိုစိမ့်၊ ပေါ့စိမ့်၊ ပုံမှန်၊ ကျစိမ့်၊ ချိုပေါ့ကျ တို့ပါ။ အရသာတစ်ခုစီက သူ့ဇာတ်ကြောင်းနဲ့သူရှိပြီးတော့ သောက်တဲ့သူရဲ့ ရွေးချယ်မှုနဲ့ ပင်ကိုယ်စိတ်နေစိတ်ထားကို ထင်ဟပ်ပြသနေပါတယ်။

ချိုစိမ့် - ခပ်ပျစ်ပျစ်နဲ့ အရသာပြည့်ဝတဲ့ ချိုစိမ့်တစ်ခွက်က ချိုမြမြအရသာကို ပေးစွမ်းပြီး ငယ်ဘဝတုန်းက ကိုယ့်မိဘတွေက ကိုယ့်အတွက် မှာပေးနေကြ အမှတ်တရတွေကို ပြန်ပြီး သတိရစေပါတယ်။ တစ်မျိုး ပြောရရင် ကလေးတွေ အကြိုက် ချိုစိမ့်တစ်ခွက်ပေါ့။

ပေါ့စိမ့် - ပေါ့စိမ့်ကို စကြိုက်လာပြီဆိုရင်  တည်တည်ငြိမ်ငြိမ် အရသာကိုရှာဖွေတတ်လာပြီလို့ ပြောလို့ရပါတယ်။ သူ့အရသာက ချိုစိမ့်နဲ့ ကွာသွားတာမို့   သကြားအချိုစားတဲ့နှုန်းကို လျှော့ချဖို့ကိုလည်း သင့်လျော်ပါတယ် ။အရင်လို ကလေး အကြိုက်မဟုတ်ပဲ ရင့်ကျက်တဲ့ လူကြီး တစ်ယောက်ဖြစ်လာပြီဆိုတာမျိုးကိုလည်း ဖော်ပြနိုင်တာ ပေါ့စိမ့်တစ်ခွက်ပါပဲ

ပုံမှန် -  ချိုစိမ့်ရယ် ပေါ့စိမ့်ရယ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် နည်းနည်းလေးပိုပြီး ပြင်းတဲ့အရသာနဲ့ ပုံမှန်လက်ဖက်ရည်တစ်ခွက်ကတော့ ပုံမှန်လက်ဖက်ရည်အရသာကိုပဲ ကြိုက်ကြတဲ့သူတွေအတွက် ရွေးချယ်စရာမလိုတော့ဘဲ မှာလိုက်ရုံပါပဲ။ 

ကျစိမ့် - လက်ဖက်ရည်ရဲ့ ဖန်ခါးခါး အရသာလေးကို ကြိုက်တဲ့သူတွေ ဒါမှမဟုတ် မနက်ခင်းမှာ အားအင်တွေ ပြည့်ဝအောင် ကဖိန်းဓာတ်လိုချင်တဲ့သူတွေကတော့ ကျစိမ့်ကိုပဲ ရွေးချယ်ကြပါတယ်။ တချို့ဆိုရင် ကျစိမ့်က ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည် စဉ်းစားသုံးသပ်ချင်စိတ် ဖြစ်မိတယ်လို့တောင် ယုံကြည်ထားကြပါတယ်။ 

ချိုပေါ့ကျ - ကျစိမ့်နဲ့ ယှဉ်ရင် အရသာနည်းနည်းပေါ့တဲ့ ချိုပေါ့ကျကတော့ အရသာတွေအားလုံး ညီညီမျှမျှခံစားလို့ရတဲ့ လက်ဖက်ရည်ပါ။ သက်လတ်ပိုင်းလူကြီးတွေဖြစ်တဲ့ အဖေတွေ ဦးလေးတွေ အသောက်များကြပီး အဆိုတော် ထူးအိမ်သင်ကပါ သူ့သီချင်းမှာ ထည့်ရေးရတဲ့ ချိုပေါ့ကျ လက်ဖက်ရည်ဖြစ်ပါတယ်။

ဒီလိုနာမည်ကြီးပြီး လူကြိုက်များတဲ့ လက်ဖက်ရည်အရသာတွေအပြင် လက်ဖက်ရည်ချစ်သူတွေက အခြားအရသာတွေကိုလည်း စမ်းသောက်ကြည့်ကြပါသေးတယ်။ ဥပမာဆိုရင်တော့ လက်ဖက်ရည်ကိုပဲ အဓိက အခြေခံပြီး ဖျော်စပ်ထားတဲ့ စင်ကာပူ၊ တိုင်ကီ၊ ကျောက်ပန်းတောင်းလက်ဖက်ရည် (ချိုပြစ်ပြစ်)၊ စီလုံတီး၊ သုံးရောင်ခြယ်၊ ဂိတ်ဆုံး တို့အပြင် ဆီးချိုရောဂါရှိသူတွေအတွက် သကြားမပါတဲ့ နို့စိမ်းလက်ဖက်ရည်ဆိုတာမျိုးလည်း ရနိုင်ပါသေးတယ်။

ဆိုင်သောက်ပုံစံ လက်ဖက်ရည်တစ်ခွက်ကို အိမ်မှာဘယ်လိုဖျော်မလဲ

လက်ဖက်ရည်တစ်ခွက်သောက်ဖို့ အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်သွားထိုင်စရာ မလိုပါဘူး။ ကိုယ့်အိမ်မှာပဲ ရိုးရှင်းလွယ်ကူတဲ့ အဆင့်နည်းနည်းနဲ့ လက်ဖက်ရည်တစ်ခွက် ကောင်းကောင်းဖျော်သောက်လို့ ရပါတယ်။ 

  • လက်ဖက်ရည်မှုန့် လက်ဖက်စားဇွန်း (၂) ဇွန်းကို ရေတစ်ခွက်စာ ရောပြီး  မီးအနေတော်နဲ့ ဆူအောင် တည်ပါ။

  • ပမာဏတစ်ဝက်လောက် လျော့သွားတဲ့အထိ ၅-၁၀ မိနစ်လောက် တည်ထားပါ။

  • ကိုယ်သောက်မယ့်ခွက်ကို နို့စိမ်း တစ်ဝက်လောက်ထည့်လိုက်ပါ။

  • အကျရည်ကို လက်ဖက်ရည်စစ်လေး ခံပြီး ခွက်ထဲကို ထည့်ပါ။

  • နို့ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းထည့်၊ သေချာမွှေလိုက်ပြီးရင်တော့ လက်ဖက်ရည်ကို သောက်လို့ရပါပြီ။

  • နို့ဆီနဲ့ လက်ဖက်ရည်အချိုးကို ကိုယ့်စိတ်တိုင်းကျ ချင့်ချိန်ပြီး ထည့်ဖျော်လို့ရပါတယ်။  ကျစိမ့်သောက်နေကျသူဆိုရင်တော့ အကျရည်ကို ပိုထည့်ပြီး နို့ဆီနဲ့နို့စိမ်းကို လက်ဖက်စားဇွန်း တစ်ဝက်လောက်ပဲထည့်ပါ။ ပေါ့စိမ် သမားအတွက်ဆို အကျရည်ကို အနေတော် တစ်ခွက်ထည့် နိုစ်မ်းကို များများလေးပေါက်ပေးရင်ရပါပြီ။ ချိုစိမ့် ကြိုက်တဲ့ သူတွေအတွက်ကိုဆိုရင်တော့ နိုဆီကို ၂ ဇွန်းလောက်ပိုထည့်‌နော်။ အခုပြောပြသွားတဲ့နည်းလေးတွေ အတိုင်း  အိမ်သားတွေ ရဲ့အကြိုက်ကို မူတည်ပြီးဆိုင်ဖျော်လက်ဖက်ရည်တစ်ခွက်ကို ဖျော်နိုင်ပါပြီ။ 

နောက်တစ်ခု ပြောပြပေးချင်တာက  ဆိုင်ဖျော်အတိုင်း သေချာ ရောသမမွှေချင်တယ်ဆိုရင်တော့ Mug ခွက်နှစ်ခွက်ကို ဟိုဘက်ခွက်ကို ထည့်လိုက် ဒီဘက်ခွက်ကို ထည့်လိုက်နဲ့ အဖျော်ဆရာတွေ လုပ်သလို ဆွဲပေးလို့ ရပါတယ်။ ဒါမှမဟုတ် မွှေတံကို အသုံးပြု ပြီး ဖျော်လို့ရပါတယ်။ တကယ်လို့ ကိုယ်က အိမ်မှာပဲ လက်ဖက်ရည်ဖျော်သောက်ချင်တယ်ဆိုရင် လိုအပ်တဲ့ ပါဝင်ပစ္စည်းအကုန်လုံးကို ကိုယ့်လက်တစ်ကမ်းက ကုန်စုံဆိုင်နဲ့ စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ 


Share

Comments

လပြည့်အာပါး

ကျွန်တော်ကတော့မနက်စောစောထကျမ္မာရေးလမ်းလျှောက်ပီးမနက်ပိုင်းလ္ဘက်ရည်ဆိုင်လေးထိုင်ရတာအရမ်းသဘောကျတယ်ကိုရဲ့လုပ်ဖော်ကိုင်ဘက်တေကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတေနဲ့အလုပ်အကိုင်အကြောင်းအလ္လာပသလ္လာပတေပြောရင်လ္ဘရည်ပုံမှန်လေးတခွက်မှာသောက်ပြီးရှေးဟောင်းနှောင်းဖြစ်တေပြောရတာအရမ်းသဘောကျတယ်

Anonymous

မနက်စောစောလေးသူငယ်ချင်းအပေါင်းမိတ်ဆွေတေနဲ့လ္ဘက်ရည်လေးထိုင်းရတာအရမ်းနှစ်သက်တယ်

Saw Thiha Kyaw

လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာက တစ်ကယ်ကိုမိုက်တယ်။ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘောလုံးပွဲအကြောင်း၊ လုပ်ငန်းအကြောင်း၊ အကြောင်းအရာမျိုးစုံကို ဆွေးနွေးရတဲ့ mini meeting room လေးပါ ။

Engyin Zaw

Weekend တိုင်းမှာ မိသားစု နဲ့ အတူတူ Tea shop ထိုင်ရတာ က ကျေးဇူးတင်နေရခြင်း တွေထဲက တမျိုးအပါအဝင်ပါ။ Tea shops are always a part of our family gathering.

Related Posts