ဆန်ပိုးမတက်အောင် ဒီနည်းလမ်းလေးတွေသုံးကြည့်ပါ

Posted in အိမ်မှုရေးရာ


ထမင်းကို အဓိကစားသုံးကြတဲ့ ဒီနိုင်ငံမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်ကို အများအားဖြင့် ကြိုတင်သိုလှောင် ထားတတ်ကြပါတယ်။ ဆန်ကိုသိုလှောင်တာ အချိန်ကြာလာတာနဲ့အမျှ ဆန်ပိုးတက်လာတတ်တာ အိမ်တိုင်းမှာ ကြုံရတဲ့ ပြဿနာတစ်ခုပါ။ ဆန်အိုးထဲမှာတွေ့ရတတ်တဲ့ ဆန်ပိုးတွေဆိုတာ အိမ်ရှင်မတွေအတွက် မမြင်ချင်မှ အဆုံးဖြစ်ပါလိမ့်မယ်။ ဆန်ထဲမှာရှိနေတဲ့ အဲ့ဒီ မဲမဲသေးသေး ဆန်ပိုးလေးတွေက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းရုံသာမက ချက် လိုက်တဲ့ အခါမှာလည်း ထမင်းရဲ့ အရည်အသွေးနဲ့ အနံ့အရသာတွေကိုပါ ပြောင်းလဲ လျော့ကျသွားစေပါတယ်။

ဆန်ပိုးတက်ရတဲ့ အကြောင်းရင်းများ 

ဆန်ရဲ့ သဘာဝကိုက ကြာရှည်သိုလှောင်ထားရင် ပိုးတက်တာပါ။ စက်ရုံကထွက်တဲ့ ဆန်ကြိတ်သားပေါ်မူတည်ပြီး ကြိတ်သားကောင်းရင် ဆန်ပိုးမတက်ဘဲ (၃) လ ဝန်းကျင် သိုလှောင်ထားနိုင်ပါတယ်။ ကြိတ်သားမကောင်းတဲ့ဆန် ဆိုရင် (၁) လလောက်နဲ့ ပိုးကျတတ်ပါတယ်။

ဘယ်အချိန်မှာ ဆန်ပိုးတက်သလဲ 

ဘယ်ရာသီတွေဆိုရင် ဆန်ပိုးတက်လေ့ရှိတယ်လို့ ပုံသေသတ်မှတ်ချက်မရှိပါဘူး။ အများအားဖြင့် ဆန်သစ်ပေါ် ချိန်တွေဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ ဆန်ပိုးတက်တာ အများဆုံးဖြစ်ပါတယ်။ အစောပိုင်းတွေ မှာ ဆန်ပိုးတွေကို ဖယ်ရှားပြီး ဆန်ကောင်းတွေကို ပြန်ရွေးလို့ရသေးပေမယ့် ဆန်ပိုးတွေပွားလာတာနဲ့အမျှ ဆန် တွေက လက်နဲ့ဖျစ်လိုက်ရင်ကို ကြေမွသွားလို့ ဘယ်လိုမှသုံးလို့မရတော့ဘဲ လွှင့်ပစ်လိုက်ရတာမျိုးအထိ ပျက်စီး သွားနိုင်ပါတယ်။ ဒါကြောင့် ဆန်ကိုသိုလှောင်ထားတော့မယ်ဆိုရင် ဆန်ပိုးမကျစေဖို့ ဒီနည်းလမ်းလေးတွေကို သိ ထားသင့်တာပေါ့။ 

ဆန်အိုးထဲကို ဒါလေးတွေထည့်ကြည့်ပါ

ဒီနည်းလမ်းလေးက လူတော်တော်များများ သိကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ‌ပြောပြချင်ပါတယ်။ ဆန်အိုး(သို့) ဆန်ပုံးထဲကို ကရဝေးရွက်၊ ဂျင်းတက်၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက် အစရှိတဲ့ အနံပြင်းပြီး ပူစပ် ပူလောင် ပစ္စည်းလေးတွေကို ထည့်ထားရင် ဆန်ပိုးတွေ ဝေးဝေးပြေးသွားမှာပါ။ ကိုယ့်အိမ်မှာ ဆန်ပိုးမတက် အောင် ဆန်အိုးထဲကို ဘာလေးတွေထည့်ပြီး ကာကွယ်ကြလဲဆိုတာ မျှဝေသွားပါဦး။

ဆန်ပိုးတွေကို ဘယ်လိုဖယ်ထုတ်မလဲ

ဆန်ပိုးမတက်အောင် မကာကွယ်လိုက်နိုင်လို့ ပိုးကျလာပြီဆိုရင် ဆန်တွေ သုံးမရအောင် မပျက်စီးသွားခင် ဆန်ပိုးတွေကို ဖယ်ထုတ်ဖို့ မမေ့ပါနဲ့။ ဆန်ပိုးတွေကို ဒီနည်းလမ်းတွေနဲ့ ဖယ်ရှားနိုင်ပါတယ်။

ပထမနည်း - ဆန်ကို နေပူပူမှာ (၁၅) မိနစ်ခန့် လှန်းပြီး စကောထဲထည့်ပြာလိုက်ရင် ဆန်ပိုးတွေ အလယ်မှာ စုလာပါလိမ့်မယ်။ ဒါဆိုရင် ဆန်ပိုးတွေကို အလွယ်တကူဖယ်ရှားနိုင်ပြီပေါ့။

ဒုတိယနည်း - ဆန်ထည့်ထားတဲ့ အိုးကိုဖွင့်ပြီး ဆန်ပေါ်မှာ အဝတ်စလေးအုပ်ထားလိုက်ရင် သိပ်မကြာခင်မှာ ဆန်ပိုးတွေ အဝတ်စပေါ်ကို တက်လာပါလိမ့်မယ်။ သတိပြုရမှာတစ်ခုက အဝတ်ရေမစိုနေစေဖို့ပါ။

ဆန်ထည့်ဖို့ ဒီလိုပုံးကို ရွေးချယ်ပါ 

ဆန်ကို အိတ်လိုက်သိုလှောင်ထာားတဲ့အခါ ကြာလာရင် ဆန်ပိုးမတက်ခင်မှာ ဆန်က မဖြူတော့ဘဲ ညိုညစ်ညစ် ဖြစ်လာပါတယ်။ ဒါကြောင့် ဆန်ကို ပုံးနဲ့၊ အိုးနဲ့ ထည့်သိမ်းသင့်တာပေါ့။ အဝကျဥ်းတဲ့ ပုံးတွေက လေဝင်နည်း တဲ့အတွက် ဆန်ပိုးကျတာ သက်သာပါတယ်။ အမေတို့၊ အဘွားတို့ခေတ်တုန်းက အဝကျဥ်းတဲ့ စဥ့်အိုး ကြီးတွေနဲ့ထည့်ပြီး ဆန်တွေလှောင်ထားတာ မှတ်မိကြလား။ အဝကျဥ်းစဥ့်အိုးကို အပေါ်ကနေ လေလုံအောင် ဖုံးအုပ်ထားပြီး ဆန်ကို ခပ်တဲ့ အခါမှာလည်း လေဝင်နည်းအောင် နို့ဆီဘူး(သို့) အုန်းမှုတ်ခွက်ကို အရိုးရှည် တပ်လို့ ခပ်ယူကြပါတယ်။ 

ယနေ့အချိန်မှာလည်း ဆန်ထည့်ဖို့သီးသန့်ထုတ်ထားတဲ့  ပလတ်စတစ်ပုံးတွေကို အလွယ်တကူ ဝယ်လို့ရနေတာကြောင့် ပလတ်ပုံးနဲ့ ဖြစ်စေ၊ ရှေးမူမပျက် စဥ့်အိုးနဲ့ဖြစ်စေ ဆန်တွေကို လေလုံ အောင်သိမ်းဆည်းပြီး ဆန်ပိုး အန္တရာယ်က ကာကွယ်နိုင်ပါပြီ။  ဆန်တွေကို ခြောက်သွေ့အေးမြပြီး နေရောင်တိုက်ရိုက်မကျတဲ့နေရာမှာ လေလုံအောင်၊ ဆန်ပိုးမကျအောင် သိုလှောင်ထားမယ်ဆိုရင် အရည်အသွေးမပျက်ပဲ အချိန်တစ်ခုကြာအောင် သိမ်းဆည်းထားနိုင်ပြီပေါ့။  



Share

Comments

Related Posts