ခရီးသွားစရာမလိုဘဲ နီးသွားသလိုခံစားရမယ့် ဒေသစာများ

Posted in အစားအစာ


နေရာသစ်၊ ဒေသသစ်တွေကို ခရီးသွားကြတဲ့အခါ အဲ့ဒီဒေသရဲ့ နာမည်ကြီး ဒေသစာတွေကို မြည်းစမ်းကြည့် လေ့ ရှိကြတယ်မဟုတ်လား။ ဒေသခံတွေအနေနဲ့လည်း သူတို့မြို့ရဲ့ နာမည်ကျော်အစားအသောက်တွေအကြောင်း ဂုဏ်ယူ ပြောဆိုတတ်ကြပါတယ်။ အစားတလိုင်းတွေကတော့ မြို့တွေကိုတောင် မုန့်နဲ့တွဲပြီး မှတ်ထားတတ်ကြ ပါသေးတယ်။ ဥပမာပြောရရင် ရေဦးဆိုရင် ဝက်အူချောင်း၊ အင်းလေး ငါးဒုက္ခကင်၊ ကျောက်ပန်းတောင်း မုန့်ပျား သလက် စသဖြင့် မြို့နဲ့ သူ့ရဲ့ နာမည်ကြီးစားစရာကို အတွဲလိုက် မှတ်ထားတတ်ကြတာမျိုးပါ။ ဒီတစ်ခေါက်မှာ တော့ မြန်မာနိုင်ငံအနှံ့အပြားရှိ စိတ်ဝင်စားဖွယ် ဒေသစာတွေများထဲက (၅) ခုကို ‌ရွေးချယ်ဖော်ပြလိုက်ပါတယ်။

(၁) လပွတ္တာ သခွားသီးသုပ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့လို့ပြောလိုက်ရင် စားစရာအနေနဲ့ ငပိ၊ ငါးခြောက်တွေကို အရင်ဆုံး ပြေးမြင်တတ် ကြပါတယ်။ လပွတ္တာ ပုစွန်ဆီကလည်း နာမည်ကြီးလို့ လူသိများပါတယ်။ ဒါပေမယ့် ဒီနေ့မိတ်ဆက်ပေးချင်တဲ့ စားစရာကတော့ ငပိ၊ ငါးခြောက်၊ ပုစွန်ဆီတို့လို ရေထွက်ကုန် မဟုတ်ဘဲ မြို့ရဲ့ ထူးခြားတဲ့ ဒေသစာဖြစ်တဲ့ လပွတ္တာသခွားသီးသုပ်ပါ။ သခွားသီးသုပ်ကို နေရာတော်တော်များများမှာ စား‌လေ့ရှိကြပေမယ့် လပွတ္တာသခွား သီးသုပ်က ငပိအစား ငါးဗြက်လေးတွေကို ပြုတ်ထည့်ထားတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဟန်ကြောင့် တမူထူးခြားပြီး စိတ်ဝင်စားစရာကောင်းနေတာပေါ့။ သုပ်နည်းကတော့ ပုံမှန်သခွားသီးသုပ်နည်းလိုပဲ ရိုးရှင်းလွယ်ကူပါတယ်။ ငါးဗြက်ရဲ့  အချိုအရသာပေါင်းထည့်ထားတဲ့ သခွားသီးသုပ် ချဥ်ငံစပ်လေးက လုပ်ရတာလည်း မခက်လို့ မြည်း စမ်းကြည့်သင့်တဲ့  စိတ်ဝင်စားစရာ လပွတ္တာဒေသစာတစ်ခုပါပဲ။

(၂) ရေဦး ဝက်အူချောင်း

ဝက်အူချောင်းတွေမှာ ကယားဝက်အူချောင်း၊ ကယန်းဝက်အူလုံး စတဲ့ နာမည်ကြီး ဝက်အူချောင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ ဒါတွေထဲကမှ ဈေးကွက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်နိုင်နေပြီး စားသုံး သူတွေ ဦးစားပေးရွေးချယ်ကြတဲ့  ဝက်အူချောင်းအမျိုးအစားတွေထဲက တစ်ခုကတော့ ရေဦး ဝက်အူချောင်းပါ။ အဆီ ပါဝင်မှု နည်းပြီး စားရတာ ကျစ်လစ်ကောင်းမွန်တဲ့ ရေဦးဝက်အူချောင်းရဲ့ အဓိက အားသာ ချက် တစ်ခုကတော့ အစာသွပ်ဖို့အတွက် ဝက်အူ၊ ဆိတ်အူ စစ်စစ်ကို အသုံးပြုထားလို့ ကျန်မာရေးအတွက် စိတ်ချရတာပါပဲ။ ဝက်အူ ချောင်းတွေ၊ ဝက်အူလုံးတွေကိုတော့ ကြော်တာ၊ ကင်တာ၊ ကြက်ဥနဲ့ကြော်တာ စသဖြင့် ပုံစံအမျိုးမျိုး ချက်စား လို့ရပါတယ်။ ကိုယ့်အိမ်မှာလည်း ဘယ်လိုမတူညီတဲ့ ဝက်အူချောင်းဟင်းပွဲတွေ ဖန်တီးကြလဲဆိုတာ မျှဝေခဲ့ ပါ ဦး။

(၃) ကျောက်ပန်းတောင်း မုန့်ပျားသလက်

ကျောက်ပန်းတောင်းမြို့ရဲ့  စိတ်ဝင်စားစရာကောင်းတဲ့ ဒေသစာ တစ် မျိုးက  မုန့်ပျားသလက် ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မုန့်တစ်မျိုးဖြစ်တဲ့ မြေအိုးလေးတွေနဲ့ ပြုလုပ်ရတဲ့ မုန့်ပျားသလက်ကို အညာဒေသ အများစုမှာ ပဲပြုတ်၊နှမ်းထောင်းနဲ့ဖြစ်စေ၊ ထန်းလျက်ရည်နဲ့ဖြစ်စေ ပြုလုပ်တတ်ကြပေမယ့် ကျောက်ပန်း တောင်း မုန့်ပျားသလက်ကတော့ ကြက်ဥ(သို့) ငုံးဥ၊ ခရမ်းချဥ်သီး၊ ငရုတ်သီး၊ ဆူးပုတ်ရွက်၊ အာလူးကြော် စတဲ့ ပါဝင်ပစ္စည်းအစုံအလင်နဲ့ ပြုလုပ်လေ့ရှိပါတယ်။ ‌ဂေါ်ဖီပါးပါး လှီးထည့်ထားတဲ့ သူ့ရဲ့မန်းကျည်းချဥ်ကလည်း မုန့်ပျားသလက်နဲ့ အလွန်လိုက်ဖက်လှပါတယ်။ ကျောက်ပန်း တောင်း မုန့်ပျားသလက်လို့ ပြောလိုက်တာနဲ့ ပါဝင်ပစ္စည်းစုံလင်လှတဲ့ ပူပူလောလော မုန့်ပျားသလက်လေးကို ဂေါ်ဖီချဥ်ကြွပ်ကြွပ်လေးနဲ့ တွဲစားရတဲ့ လိုက်ဖက်မှုကို စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။

This Photo is entirely credited to Phyu Thel Htun

(၄) ရမည်းသင်း တို့ဖူးကြော်

ရမည်းသင်းဒေသစာတွေထဲမှာ နာမည်ကြီးတဲ့စားစရာတစ်ခုကတော့ တို့ဖူးကြော်ပါပဲ။ ကုလားပဲစစ်စစ်နဲ့ ပြုလုပ် ထားလို့ လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ ရမည်းသင်းတို့ဖူးက ဝါဖျော့ဖျော့အရောင်နဲ့ ပဲအရသာစိမ့်စိမ့်လေး ကြောင့် မကြော်ခင်ကတည်းက အရသာရှိနေပါတယ်။ တွေ့နေကျ တို့ဖူးကြော်တွေနဲ့ ပုံစံသိပ်မတူဘဲ အတုံးသေး သေးလေးတွေကြော်တတ်တဲ့ ရမည်းသင်းတို့ဖူးကြော်က နူးညံ့ပြီး အရသာရှိတဲ့အပြင် သူနဲ့ တွဲဖက်စားရတဲ့ အချဥ်ရည်ကြောင့်လည်း နာမည်ကြီးပါတယ်။ ပုံမှန်အချဥ်ရည်တွေနဲ့ မတူဘဲ ခရမ်းချဥ်သီးပန်ထွေဖျော်နဲ့တူတဲ့ သူ့ရဲ့ အချဥ်ရည်ရဲ့ ချဥ်စပ်အရသာနဲ့ အပေါ်ယံကြွပ်ပြီး အထဲမှာ အိစက်နေတဲ့ တို့ဖူးကြော်က အထူးလိုက်ဖက်လှ ပါတယ်။ ဒါကြောင့် စားဖူးသူတိုင်း ရမည်းသင်းဒေသစာလို့ ပြောလိုက်ရင် တို့ဖူးကြော်ကို ပြေးမြင်ရလောက် အောင် အကြိုက်တွေ့ကြတာပေါ့။

This Photo is entirely credited to Shan Yoe Yar Restaurant

(၅) အင်းလေး ငါးဒုက္ခကင်

အင်းသားရိုးရာ အစားအစာတွေထဲမှာ မြည်းစမ်းကြည့်ဖို့ လက်လွတ်မခံသင့်တဲ့ ဟင်းပွဲတစ်ခုကတော့ အင်းလေး ငါးဒုက္ခကင်ပါပဲ။ ဥပါတဲ့ငါးကို အသုံးပြုထားပြီး ငါးဥကို ဟင်းခတ်အမွှေးအကြိုင်များနဲ့ ပြန်ချက်ကာ ငါးဥချက်ကို ဗိုက်ထဲအစာသွပ်၊ နှီးနဲ့စည်းပြီး ပြန်ကြော်ထားတဲ့ ဒီဟင်းပွဲက ပုံမှန်ငါးဟင်းတွေထက် ထူးခြားတာတော့ အမှန်ပါ။ ဒီဟင်းပွဲကို ငရုတ်သီးဆီချက်၊ ပဲပုတ်ထောင်း၊ ဂျူးမြစ်ထောင်းတို့နဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ဒေသတစ်ခု နဲ့တစ်ခု ချက်နည်းအနည်းငယ်ကွာခြားနိုင်ပေမယ့် နှီးကြိုးနဲ့ စည်းပြီး ကြော်ထား၊ ချက်ထား၊ ကင်ထား တာက တော့ ငါးဒုက္ခဟင်းပွဲရဲ့ မူပိုင်ဟန်ပါပဲ။

မြန်မာနိုင်ငံမှာ ဒေသတလွှား လူမျိုးစုတွေ များပြားတာကြောင့် ရိုးရာ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကစလို့  ဝတ်စားဆင်ယင်ပုံတွေ၊ အစားအစာတွေပါ စုံလင်လှပါတယ်။ အပေါ်မှာဖော်ပြ ထားတဲ့ ဟင်းပွဲတွေအပြင် အခြားဒေသစာမျိုးစုံလည်းရှိပြီး ချက်နည်းတွေအမျိုးမျိုးကွဲပြားကြတာကြောင့် ကောင်းမွန်တဲ့ အရသာမျိုးစုံကို ခံစားလို့ရတာပေါ့။ နိုင်ငံတွင်းက နေရာစုံကို မသွားနိုင်သေးရင်တောင် ဒေသစာမျိုးစုံက ကိုယ်နဲ့ လက်တကမ်း မှာရှိနေလို့ လွယ်လွယ်ကူကူပဲ စားသုံးလို့ရနေပါပြီ။


Share

Comments

Related Posts