ကလေးတို့ အကြိုက် တစ်ပတ်စာထမင်းဘူးအိုင်ဒီယာ

Posted in အစားအစာ


ကိုယ့်ကလေးငယ်က နေ့လယ်စာထမင်းဘူးကို ကုန်အောင်စားခဲ့တဲ့ နေ့ဟာ မေမေ့အတွက် အပျော်ရွှင်ရဆုံးပါပဲ။ ကလေးတွေ ထမင်းကုန်အောင်စားဖို့၊ တစ်နေ့တစ်နေ့ Lunch Box Menu ထပ်မနေဖို့ စဥ်းစားရတာ ထင်သ လောက် မလွယ်ပါဘူး။ လုပ်ရတာလည်း မြန်ဆန်လွယ်ကူရမယ်၊ အာဟာရလည်း ပြည့်ဝရမယ်၊ ကလေးတို့ အကြိုက်လည်း ဖြစ်ရမယ် ... ဒီလိုအချက်တွေနဲ့ ကိုက်ညီတဲ့ ထမင်းဘူးလေးတွေ ပြင်ဆင်နိုင်ဖို့ ကလေးတို့ အကြိုက် ထမင်းဘူးပြင်ဆင်နည်း (၇) မျိုးကို ကြည့်လိုက်ကြရအောင်။

(၁) ငါးထမင်းနယ် ထမင်းဘူး 

ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ ငါးထမင်းနယ်ကို ကလေးငယ်အတွက် ထမင်းဘူးအဖြစ် ပြင်ဆင်ပေးရင် အကြိုက်တွေ့ သွားမှာနော့်။ ကြက်သွန်ဖြူ ဆီကျက်မွှေးမွှေးနဲ့ စားချင်စဖွယ် ငါးထမင်းနယ် ချိုချိုလေးကို Video မှာ ပြထားတဲ့ အဆင့်ဆင့်အတိုင်း အလွယ်တကူ ပြုလုပ်သွားရုံပါပဲ။ ဒီတစ်ခေါက်မှာ ငါးထမင်းနယ်နဲ့ တွဲဖက် စားစရာအဖြစ် ဂေါ်ရခါးသီးကြော် ချိုချိုလေးကို ရွေးချယ်ထားပါတယ်။ ဂေါ်ရခါးသီးအပြင် ကြိုက်နှစ်သက်ရာ ရာသီစာ သီးနှံတွေနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ငါးထမင်းနယ်နဲ့ ဂေါ်ရခါးသီးကြော်အပြင် အချိုပွဲအဖြစ် ကလေးတို့ ကြိုက်နှစ်သက်မယ့် သစ်သီးလေးတွေကို ထည့်ပေးထားတာကြောင့် စားလို့မြိန်တဲ့ နေ့လယ်စာ ထမင်းဘူးလေး ဖြစ်မှာပါနော်။ ကလေးငယ်တွေအတွက် အာဟာရဖြစ်စေမယ့် အစာအုပ်စုစုံ ပါဝင်တဲ့ ရှမ်းငါးထမင်းနယ် နေ့လယ်စာဘူးလေးကို စမ်းလုပ်ကြည့်ဖို့ မမေ့နဲ့ဦးနော်။

(၂) ကြက်ကင်‌မွှေးမွှေး ထမင်းဘူး 

အိမ်မှာ ကိုယ်တိုင်ကင်တဲ့ ကြက်ကင်နဲ့ ကလေးတို့အကြိုက်တွေ့မယ့် ထမင်းဘူးလေး ပြင်ဆင်နိုင်ပါတယ်။ ကြက် ရင်အုံသား တစ်စိတ်ကို Video ထဲမှာ ပြထားတဲ့ အဆင့်ဆင့်အတိုင်း ကင်လိုက်ပါ။ တွဲဖက် Menu အဖြစ် အမျှင်ဓာတ်များလို့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထူးကောင်းမွန်တဲ့ ကညွတ်ကို ရွေးချယ်ထားပါ တယ်။ ထမင်းကို အနံ့မွှေးပြီး အမြင်ဆန်းစေဖို့ နှမ်းနက်အနည်းငယ် ဖြူးလိုက်ပါ။ ကြက်ကင်ကို အရွယ်‌တော် ပမာဏလေးတွေ လှီးဖြတ်ပြီး ထမင်းဘူးထဲ ထည့်ပါမယ်။ ကြက်ကင်မွှေးမွှေး၊ ကညွတ်ချိုချိုအပြင် ကလေးတို့ အကြိုက် ဒိန်ချဥ်နဲ့ သစ်သီးစုံကိုလည်း ထည့်သွင်းပေးထားလို့ ကုန်အောင်မစားခဲ့မှာ စိတ်မပူနဲ့တော့နော်။

(၃) ဂျပန်စတိုင် ထမင်းဆုပ်

သယ်ရလည်းလွယ်၊ စားရလည်းလွယ်တဲ့ တစ်ကိုက်စာ ချစ်စရာ ထမင်းဆုပ်‌လေးတွေက ကလေးတင်မက လူကြီးတွေပါ အကြိုက်တွေ့မှာနော့်။ ထမင်းဖြူကို နှမ်း၊ အရသာမှုန့်နဲ့ နယ်၊ ချိစ်လေးထည့်ပြီး သုံးမြှောင့်ပုံလေး ဆုပ်ထားပါ။ အ‌ပေါ်က ရေညှိပြားလေး ကပ်လိုက်မယ်ဆိုရင် ဂျပန်စတိုင် ထမင်းဆုပ်လေး ရပါပြီ။ သူနဲ့ တွဲဖက်စားသုံးဖို့ ကြာစွယ်နဲ့ တို့ဖူးလေးကို video မှာ ပြထားတဲ့ အဆင့်ဆင့်အတိုင်း မြန်မြန်ဆန်ဆန် ကြော်လိုက်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကျောင်းသွား၊ ရုံးသွား မနက်စာဖြစ်ဖြစ်၊ နေ့လယ်စာဖြစ်ဖြစ် အရသာရှိရှိ စားလို့ရပြီပေါ့။ ဂျပန်ထမင်းဆုပ်လေးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေကို Video အဆုံးမှာ ဖော်ပြထားလို့ အဆုံးထိ ကြည့်လိုက်ကြဦးနော်။

(၄) အရသာအပြည့်နဲ့ တစ်ကိုက်စာထမင်းဘူး

ကလေးတွေ အတွက်အပြောင်းအလဲလေးဖြစ်အောင် ထမင်းမပါတဲ့ နေ့လယ်စာဘူးလေး ပြုလုပ်ပြ ထားပါ တယ်။ တစ်ကိုက်စာ ဖက်ထုပ်နဲ့ အသားလုံးလေးတွေနဲ့ နေ့လယ်စာဘူးလေးက တစ်လုတ်ပြီး တစ်လုတ်၊ စားပြီး ရင်း စားချင် ဖြစ်စေမှာနော့်။ ဒီထမင်းဘူးလေး ပြင်ဆင်ဖို့ အရင်ဆုံး အသင့်စား ဖက်ထုပ်လေးတွေကို ‌ပေါင်းအိုးထဲထည့်ပေါင်းထားပါ။ အရောင်စုံတဲ့ ထမင်းဘူးလေး ဖြစ်အောင် ငရုတ်ပွ အနီ၊ အဝါနဲ့ မှိုအနည်းငယ် ရောကြော်ထားတဲ့ ဟင်းတစ်မယ်ထည့်ပါမယ်။ အရသာရှိတဲ့ အသားလုံးလေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာ Video ထဲမှာ အပြည့်အစုံ ကြည့်ရှုလိုက်ပါဦး။ ဖက်ထုပ်၊ အသား လုံး နဲ့ အသီးအရွက်ကြော်တွေအပြင် သစ်သီးလေးတွေကလည်း မပါမဖြစ်ပါပဲ။ ကဲ ဒီတော့အရသာအပြည့်နဲ့ တစ်ကိုက်စာ ထမင်းဘူးလေးကို အခုပဲ ပြင်ဆင်ကြည့်လိုက်တော့နော်။


(၅) အမဲသား ခေါက်ဆွဲကြော် 

ကလေးတွေအတွက် နေ့လယ်စာဆိုတာ ထမင်းပါကိုပါရမယ်ဆိုတဲ့ အယူအဆဟောင်းကို ပြောင်းလဲလိုက်တော့ နော် မေမေတို့ရေ။ ဒီနေ့ရဲ့ နေ့လယ်စာ ထမင်းဘူးလေးကတော့ အရသာအပြည့်နဲ့ စားချင်စဖွယ် အမဲသားခေါက် ဆွဲကြော်ပါ။ အမဲသားရဲ့ အချိုဓာတ်နဲ့ ခေါက်ဆွဲရဲ့ နူးညံ့မှုတို့အပြင် လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ ပေါင်းစပ်ထားလို့ ဇွန်းကိုလက်က မချနိုင် ဖြစ်သွားမှာနော့်။ လုပ်ရတာလည်း လွယ်တဲ့ ဒီ နေ့လယ်စာဘူးလေးကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ Video မှာ အသေးစိတ် ပြသထားလို့ အဆုံးထိ ကြည့်ရှုလိုက်ပါဦး။


(၆) အာဟာရပြည့် ဂျပန်ထမင်းဘူး 

ဒီတစ်ခေါက်မှာတော့ အရသာရှိတဲ့အပြင် ကလေးတို့အတွက် အာဟာရအပြည့်ရှိစေမယ့် Japanese Curry ထမင်းဘူးလေးကို ပြင်ဆင်ပြထားပါတယ်။ ကလေးသာမက လူကြီးတွေပါ ကြိုက်နှစ်သက်ကြမယ့် ဝက်သား ပြားကြော်၊ ချိစ် ပေါင်မုန့်ကပ်ကြော်ကို Video ထဲက အဆင့်ဆင့်အတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အာလူးနဲ့ မုန်လာဥနီပါဝင်တဲ့ ဟင်းရည်လေးကလည်း အရသာအပြည့်နဲ့ စားချင်စဖွယ်ပါပဲ။ ဒီ နေ့လယ်စာ ဘူးလေးကိုတော့ အစားရွေးတဲ့ ကလေးတွေတောင် ငြင်းမှာမဟုတ်လောက်ဘူးနော်။ ဒီ Menu set လေးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုး အတိအကျကို video အဆုံးမှာ ဖော်ပြထားလို့ ကြည့်ရှုလိုက်ကြပါဦး။

(၇) Sandwich Lunch Box

တစ်နေ့တစ်နေ့ ထမင်းဘူး menu တွေ ထပ်နေလို့ စားရတာ ရိုးနေပြီမေမေရေလို့ ပြောလာရင် ဒီ lunch box လေး ပြင်ပေးကြည့်ပါလား။ အာလူးကြော်နဲ့ ကြက်အူချောင်းကြော်ကို မကြိုက်တဲ့ ကလေးဆိုတာ ရှားမယ်ထင်ပါတယ်။ video မှာ ပြထားတဲ့ ဆန်းဒွတ်အပြင် ကိုယ့်ကလေးကြိုက်နှစ်သက်မယ့် အခြားဆန်းဒွတ်မျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ လုပ်ရတာ လွယ်လည်းလွယ်၊ မြန်လည်းမြန်တဲ့အပြင် ကလေးတွေလည်း အကြိုက် တွေမှာမို့ Video လေးကို အချိန်ပေးကြည့်ရကျိုး နပ်မှာပါ။

အခုဖော်ပြထားတဲ့ ဆောင်းပါးလေးဖတ်ပြီးတဲ့အခါ ကလေးတို့အကြိုက် ထမင်းဘူးလေးတွေကို တစ်ပတ်လုံး မထပ်အောင် ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အိမ်မှာ ပြုလုပ်နေကျ စိတ်ဝင်စားစရာ အခြားထမင်းဘူး လုပ်နည်းလေးတွေရှိရင်လည်း မျှဝေသွားခဲ့ပါဦးနော်။


Share

Comments

Related Posts