တန်ဆောင်မုန်းလမှာ နွှဲပျော်စရာ ရာသီပွဲတော်များ

Posted in လူမှုဘဝ, ဖျော်ဖြေရေး


ကောင်းကင်ကြည်လင်နေလို့ လပြည့်ညမှာ လမင်းနဲ့အတူ ဖြောက်ဆိတ်ကြယ်ကိုပါ ယှဉ်တွဲမြင်တွေ့ရတဲ့ တန်ဆောင်မုန်းလဟာ မြန်မာ့ပြက္ခဒိန်ရဲ့ ရှစ်ခုမြောက်လဖြစ်ပါတယ်။ ကောက်လျင်ရိတ်သိမ်းရာ လလည်း ဖြစ်လို့ တောင်သူတွေ ငွေပေါ်ရွှင်ပျော်ကြတဲ့ လတစ်လလည်း ဖြစ်ပြန်ပါတယ်။ ဒါကြောင့် တန်ဆောင်မုန်းလဟာ ခဝဲပန်း တွေ လှိုင်လှိုင်ပွင့်သလို ပွဲတော်တွေလည်း လှိုင်လှိုင်ပေါတဲ့ လ ဖြစ်နေဟန် တူပါတယ်။ တန်ဆောင်မုန်းလရဲ့ ပွဲတော်တွေကို လက်လှမ်းမှီသလောက် စုစည်းထားလို့ လေ့လာကြည့်ကြရအောင်လား ။

တန်ဆောင်မုန်းလမှာ ရိုးရာအတိုင်း ကပ်လှူကြတဲ့ သင်္ကန်းအမျိုးအစား ၃ ခု ကတော့ ကထိန်သင်္ကန်း၊ မသိုး သင်္ကန်းနဲ့ ကြာသင်္ကန်း တို့ပဲ ဖြစ်ပါတယ်။

ကထိန်သင်္ကန်းကပ်လှူပွဲ (ကထိန်ပွဲ) 

မြန်မာနိုင်ငံရဲ့ ဘာသာရေးပွဲတော်ကြီးတွေထဲကတစ်ခုဖြစ်တဲ့ ကထိန်ပွဲဟာ တန်ဆောင်မုန်းလရဲ့ ပြယုဂ်ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကထိန်ဆိုတဲ့ ဝေါဟာရဟာ ကထိန - ကြံ့ခိုင်ခြင်း၊ ခိုင်ခံ့ခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရတဲ့ ပါဠိ စကားလုံးက ဆင်းသက်လာပြီး ကထိန်ခင်းခြင်းဆိုတာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့ မှသည် တန်ဆောင်မုန်းလပြည့်နေ့အထိ ၁ လအတွင်း သံဃာကို ပစ္စည်းလေးပါး ကပ်လှူခြင်းကို ဆိုလိုပါတယ်။ သံဃာဆိုတဲ့နေရာမှာ မိမိကိုးကွယ်တဲ့၊ ပုဂ္ဂိုလ်စွဲနဲ့ လှူဒါန်းလိုတဲ့ ရဟန်းကို မဆိုလိုဘဲ သံဃာထုကြီး တစ်ခုလုံးကို ရည်မှန်းလှူဒါန်းရတာ ဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ဘက်ကလည်း ဝါဆိုထားခြင်းမရှိသော၊ ဝါကျိုးထားသော၊ အခြားကျောင်းမှ လာရောက်ဝါဆိုသော ရဟန်းများ ကထိန်သင်္ကန်း ခံယူလို့ မရပါဘူး။ ဒါတွေအပြင် လှူသူရော၊ အလှူခံပုဂ္ဂိုလ်ပါ လိုက်နာရမယ့် အခြားသော ကျင့်ဝတ်စည်းဘောင်တွေ၊ ကထိန်သင်္ကန်းကပ်လှူခြင်းအကျိုး၊ လက်ခံခြင်း အကျိုးတွေလည်း ရှိပါသေးတယ်။

မသိုးသင်္ကန်းကပ်လှူပွဲ 

နောက်တစ်ရက်မကူးသွားဘဲ နေ့ချင်းပြီးအောင် ရက်လုပ်ရခြင်းကို ရည်ရွယ်ပြီး မသိုးသင်္ကန်းလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်ရာမှာ ဝါကြဲခြင်း၊ ဝါကောက်ခြင်းမှစပြီး သင်္ကန်းချုပ်ခြင်းအထိ အဆင့် ၁၅ ဆင့်လုံးကို အရုဏ်မတက်မီ ပြီးစီးအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အချိန်မီမပြီးစီးရင် သိုးတယ်လို့ ခေါ်ပါ တယ်။ မြတ်စွာဘုရား ရုပ်ထုတော်မှာ သင်္ကန်ကပ်လှူပြီးရင် မသိုးသင်္ကန်းကပ်လှူပွဲ အထမြောက် အောင်မြင် သွား ပါပြီ။ ရန်ကုန်မှာတော့ ရွှေတိဂုံနဲ့ ဗိုလ်တစ်ထောင်စေတီတော်စသည်နှင့် အခြားသော အနယ်နယ်အရပ်ရပ်က ဘုရားပုထိုး တွေမှာ တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့တိုင်း မသိုးသင်္ကန်းကပ်လှူ ပွဲကို ကျင်းပကြပါတယ်။

ကြာသင်္ကန်း 

သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဟာ ပဒုမ္မာကြာတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန်အခါတွေဖြစ်လို့ ကထိန်အလှူ ကို ကြာသင်္ကန်းလည်း ကပ်လှူလေ့ ရှိကြပါတယ်။ ကြာသင်္ကန်းဆိုတာ ကြာရိုးကို ချိုးလိုက်ရင် ထွက်လာတဲ့ ကြာမျှင်လေးတွေနဲ့ပြုလုပ်တဲ့ ကြာချည်သင်္ကန်းဖြစ်ပြီး အင်းလေးဒေသရဲ့  အထူးထွက်ကုန်တစ်မျိုးလည်း ဖြစ်ပါ တယ်။ လက်တစ်ဝါးအရွယ် အပိုင်းအစလေးဖြစ်ဖို့တောင် အချိန်အတော်ကြာ စိတ်ရှည်လက်ရှည် အားထုတ်ရလို့ အလွန်အဖိုးတန်တဲ့ သင်္ကန်းဖြစ်ပါတယ်။ 

This photo is credited to Edo Vader

ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ် 

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ နက္ခတ်ကြယ်တာယာတွေ စုံလင်စွာ ဖြစ်ပေါ်နေတာကြောင့် အပင်၊ အရွက် သစ်ဥ၊ သစ်ဖုတွေက ဒီအချိန်မှာ ပိုပြီး ‌ဆေးဖက်ဝင်နေတယ်လို့ ယုံကြည်ကြပါတယ်။ အထူးသဖြင့် မယ်ဇလီပင်ပါ။ တန်ဆောင်မုန်းလပြည့်ရဲ့  လရောင်ခံယူထားတဲ့ မယ်ဇလီပင်ဟာ ဆေးဖက်ဝင်ပြီး အနာရောဂါ အမျိုးမျိုးကို သက်သာပျောက်ကင်းစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မယ်ဇလီဖူးသုပ်ကို တန်ဆောင် မုန်း လပြည့်နေ့မှာ အထူးတလယ် စားသုံးကြတာ ဖြစ်ပါတယ်။ မိသားစုအတူ စားသုံးမယ်၊ အိမ်နီးချင်းတွေနဲ့ အတူ မျှဝေမယ်၊ ဥပုသ်ကျောင်းသွားတဲ့အခါ ကုသိုလ်ပြုဖို့ စတာတွေအတွက် ခါးစိမ့်စိမ့်နဲ့ အရသာကောင်းမွန်တဲ့ ရှယ် မယ်ဇလီဖူးသုပ်လုပ်နည်းလေးကို ဒီမှာ ကြည့်လိုက်ကြရ‌အောင်။

This photo is credited to Edo Vader

ကျီးမနိုးပွဲ 

ရှေးအခါ ထိုးကွင်းမင်ကြောင်ထိုးကြတဲ့ကာလက ထိုးကွင်းစွမ်း/မစွမ်း စမ်းသပ်ဖို့ရာ တန်ဆောင်မုန်းလပြည့် ကျော် ၁ ရက်နေ့ညမှာ အိမ်ရှင်တွေမသိအောင် ပစ္စည်းတွေကို ခိုးယူကြပါတယ်။ ကျီးမနိုးခင် (မနက် အရုဏ် မတက်ခင်) အပြီး ခိုးယူရလို့ ကျီးမနိုးပွဲလို့ ခေါ်ဟန်တူပါတယ်။ ရလာတဲ့ပစ္စည်းတွေကို ရွာလယ်မှာ ပုံထားပြီး နောက်တနေ့မနက်မှာ အိမ်ရှင်တွေက သဒ္ဓါကြေးနဲ့ ပြန်လည်ရွေးယူရပါတယ်။ ခိုးလို့ မိသွားတဲ့သူတွေကတော့ အပြစ်ပေးတဲ့အနေနဲ့ ကတုံးတုံးခံရပြီး နောက်တနေ့မှာ သင်္ကန်းဝတ်ပေးပါတယ်။ ပစ္စည်းလာရွေးတဲ့ သဒ္ဓါကြေး ကိုတော့ အလှူ‌ငွေအဖြစ် သင်္ကန်းပရိက္ခရာ ဝယ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ ကျီးမနိုးပွဲဟာ မင်ကြောင်ထိုး ကာလသားတွေကြား အပျော်ပြုလုပ်ကြတဲ့ ဘာသာရေးမနှီးနွယ်တဲ့ ရိုးရာ ဓလေ့ဆိုင်ရာပွဲတစ်ခုသာဖြစ်ပြီး တပါးသူ ထိခိုက်နစ်နာရလေအောင် ခိုးယူကြခြင်းမဟုတ်လို့ သူခိုးကြီးညလို့ ကင်ပွန်းတပ်ပြီး ပစ္စည်းခိုးယူခြင်း၊ ဖျက်စီးခြင်းတွေဟာ ကျီးမနိုးပွဲရဲ့ သရုပ်မှန်ကို အရုပ်ဆိုးစွာ ပျက်စီးစေပါတယ်။

This photo is credited to Edo Vader

ပံ့သကူပစ်ခြင်း 

ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့၊ အလိုအလျှောက်ရရှိတဲ့ ပစ္စည်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ပံ့သကူပစ်တဲ့အခါ ဆန်၊ ငွေ၊ အဝတ်၊ မုန့် နဲ့ ကိုယ်ပေးချင်တဲ့ ပစ္စည်းတွေကို အိတ်လေးနဲ သပ်သပ်ရပ်ရပ်ထုတ်ပြီး လူသွားလူလာများ တဲ့ လမ်းခွဆုံလို နေရာတွေမှာ မနက်စောစော လူမမြင်ခင် ချထားတာလေ့ရှိကြပါတယ်။ ပံ့သကူမှန်းသိသာစေပြီး စိတ်သန့်သန့်နဲ့ယူနိုင်စေဖို့ ပံ့သကူအလှူရယ်လို့ စာထည့်ပေးထားတာမျိုးက ပိုကောင်းပါတယ်။ ပံ့သကူအလှူဟာ တန်ဆောင်မုန်းလ တစ်လလုံး လုပ်ဆောင်နိုင်တဲ့ ကာလဒါနဖြစ်ပြီး လက်ခံရရှိသူက ဆုမွန်ကောင်းတောင်းပေးတဲ့ အခါ လှူဒါန်းသူက ကောင်းချီးခံစားရတယ်လို့လည်း ယုံကြည်ကြပါသေးတယ်။

အထက်ပါ ဖော်ပြခဲ့တဲ့ ပွဲတော်တွေအပြင် နက္ခတ်ပွဲ၊ မီးမျှောပွဲ၊ နိဗ္ဗာန်ဈေးပွဲ၊ သျှင်မာလဲပွဲ တို့လို တိမ်မြုပ် ပျောက်ကွယ်သွားပြီ/ သွားတော့မှာဖြစ်တဲ့ တန်ဆောင်မုန်းလပွဲတော်တွေလည်း ရှိပါသေးတယ်။ မိုးလေကင်း လွတ်ပြီး ခြေခင်းလက်ခင်းလည်း သာယာ၊ စပါးပေါ်ချိန်မို့ ငွေစကြေးစလည်းရွှင်ကြသမို့ ပွဲတော်တွေ များဟန် တူပါတယ်။ ဘာသာရေးနဲ့ နှီးနွယ်သည်ဖြစ်သည်၊ မနှီးနွယ်သည်ဖြစ်စေ ရိုးရာဓလေ့ဆိုင်ရာ ပွဲ‌တော်တွေဆိုတာ ပျော်ပွဲရွှင်ပွဲဆိုတာထက်ပိုတဲ့ ထိန်းသိမ်းစောင့်ရှောက်၊ မြှင့်တင်ရမယ့် ယဥ်ကျေးမှုအမွေအနှစ်တွေ ဖြစ်ပါကြောင်း။ ။


Share

Comments

Related Posts