ဆီမပါဘဲ ထိမိနူးအိနေတဲ့ အသားဟင်းပွဲများ

Posted in အစားအစာ


နေ့တိုင်းဆီပြန်ဟင်းတွေပဲ စားနေရတာကြာတော့ ငြီးငွေ့ပြီး အီလာလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကောင်းမွန်အောင်  ပြည့်ဝဆီတွေ တတ်နိုင်သမျှ လျော့ချချင်လို့ပဲဖြစ်ဖြစ်၊ ဆီမပါတဲ့ ဟင်းပွဲတွေက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်မှာပါ။ ကိုယ်စားနေကျဟင်းပွဲတွေက ဆီပြန်ဟင်းတွေဖြစ်လို့ ဆီမဲ့ဟင်းတွေကို စတင်စားသုံးကြည့်တဲ့အခါ စားရ တာ တစ်ခုခုလိုနေသလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆီမပါတဲ့ဟင်းလျာတွေက ချက်ပြုတ်ရတာ လွယ်ကူပြီး စားသုံးတဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ ခံတွင်းလိုက်စေလို့ သင့်အကြိုက်ဆုံး ဟင်းလျာတွေ တောင် ဖြစ်လာနိုင်ပါတယ်။ ဒီနေ့အတွက် ရွေးချယ်ထားတဲ့ ဆီမဲ့ဟင်းလျာ (၅) မျိုးကို ကြည့်လိုက်ရအောင်။

(၁) အမဲသားနှပ် 

အမဲသားကို အမြဲတမ်း ဆီတွေအိနေအောင်ထည့်ပြီး နှပ်ခဲ့တာကြောင့် ဆီမပါတဲ့ အမဲသားနှပ်ဟာ နူးနူးအိအိရှိ ပါ့မလားလို့ သံသယဖြစ်မိတယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးပြီးလက်တွေ့စမ်းကြည့်လိုက်ပါ။ အသားတွေကို လေလုံတဲ့ အသားနှပ် ပေါင်းအိုး (သို့) မြေအိုးကို အသုံးပြုပြီး ချက်ပြုတ်မယ်ဆိုရင် အိုးကပ်မှာပူစရာမလိုဘဲ နူးနပ် တဲ့အထိ ချက်လို့ရပါတယ်။ အမဲသားကို ပုံမှန်ချက်နေကျ အရသာ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ နယ်ဖတ် အရသာသွင်းပြီးရင် အိုးထဲ ထည့်လိုက်ပါ။ အခြေခံအားဖြင့် အသားကို ဆား၊ ဟင်းခတ်မှုန့်၊ နနွင်း၊ ချင်းတို့နဲ့ နယ် ပြီး အစပ်ကြိုက်ရင် ငရုတ်သီး၊ အနှစ်ရချင်ရင် ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဥ်သီးတို့ကို ထည့်သွင်း နယ်ဖတ်ပြီး အိုးထဲကို အသားမြုပ်ရုံ ရေထည့်၊ နူးအိတဲ့အထိ မီးဖိုပေါ်တင်ထားလိုက်မယ်ဆိုရင် ဆီမပါဘဲ စားလို့ကောင်းတဲ့ အမဲသားနှပ်ကို ရရှိပါပြီ။ အရောင်ရဲရဲ ဆီရွှဲရွှဲ မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် လုပ်ရလွယ်ကူတဲ့ ဟင်းတစ်ခွက်မို့ စမ်းချက်ကြည့်သင့်ပါတယ်။

(၂) ငါးပေါင်းထုပ် 

ငါးပေါင်းထုပ် ကိုယ်တိုင်လုပ်စားဖူးကြလား။ ငါးကိုထုပ်ဖို့ ရဲယိုရွက်၊ ငှက်ပျောရွက် စတာတွေကို သုံးလို့ ရပါတယ်။ အသားများများ ငါးတွေဖြစ်တဲ့ ငါးကြင်း၊ ငါးခူ၊ ငါးရံ့၊ ကကတစ် စတဲ့ ငါးအမျိုးအစားတွေကို အသုံး ပြုနိုင်ပါတယ်။ ငါးပေါင်းထုပ်လုပ်ဖို့ အရင်ဆုံး ငါးကို အရိုးထုတ်ပြီး အသားလွှာထားပါ။ ငါးအသားလွှာတွေကို ဆန်လှော်မုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဂျင်း တို့နဲ့ နယ်ဖတ် အရသာသွင်းပြီး အသုံးပြုမယ့် ဖက်နဲ့ထုပ်၊ ပေါင်းအိုးထဲထည့်ပြီး အနည်းဆုံး (၃၀) မိနစ် ပေါင်းဖို့ လိုအပ်ပါတယ်။ ဒေသအလိုက် ငါးပေါင်းထုပ် ပြုလုပ်တဲ့ နည်းလမ်းတွေ အနည်းနဲ့အများကွဲပြားသွားနိုင်ပေမယ့် ပူပူနွေးနွေး နဲ့ မွှေးကြိုင်တဲ့ ငါးပေါင်းထုပ်လေး တွေက ဆီလုံးဝမပါပေမယ့် အရသာမလျော့တဲ့ ဟင်းတစ်မယ်ပါပဲ။

(၃) ပုစွန်လှော်သုပ် 

 ပုံမှန်အားဖြင့်လည်း ပုစွန်သုပ်တွေက ဆီသိပ်မလိုတဲ့ ဟင်းတွေပါ။ အိုးကို အပူပေးပြီး ဆားအနည်းငယ်ထည့်၊ ပုစွန်အရောင်ပြောင်းတဲ့အထိ လှော်ထားပါ။ ပြီးရင် ပုစွန်ကို အခွံချွတ်ပြီး အတုံးလေးတွေ လှီးထားပါ။ အရသာထိ မိတဲ့ ပုစွန်လှော်သုပ်ဖြစ်ဖို့အတွက် အဓိက ပါဝင်ပစ္စည်းကတော့ ငပိထောင်းပါ။ အမျိုးအစားကောင်းတဲ့ ငပိကို ငရုတ်သီးစိမ်းနဲ့ စေးပိုင်နေအောင်ထောင်းထားဖို့ လိုအပ်ပါတယ်။ ကြက်သွန်နီနဲ့ ရှောက်ရွက်ကိုလည်း ပါးပါး လှီးထားပါ။ အဆာပလာတွေအားလုံး စုံပြီဆိုရင်တော့ ဆား၊ အရသာမှုန့်နဲ့ သံပုရာရည်ထည့်ပြီး သမအောင် နယ် လိုက်မယ်ဆိုရင် ချဥ်စပ်ထိမိတဲ့ ပုစွန်လှော်သုပ်ရပြီပေါ့။ ဒီဟင်းမှာလည်း ဆီမပါတာ သတိထားမိကြာလား။

(၄) ငါးရခိုင်ချက်

ဆီမပါဘဲ အရသာရှိနေမယ့် နောက်ထပ်ဟင်းတစ်မယ်ကတော့ ငါးရခိုင်ချက်ပဲ ဖြစ်ပါတယ်။ ငါးရခိုင်ချက် ချက်ဖို့ အရင်ဆုံး ငါးကို သန့်စင်အောင်ဆေးကြောပြီး ဆား၊ နနွင်း၊ မန်ကျည်းသီးနဲ့ မျှင်ငပိထည့် နယ်ပါ။ အိုးထဲကို ငါးနဲ့အတူ ရေအနည်းငယ်ထည့်ပြီး တည်လိုက်ပါ။ ရေဆူလာပြီဆိုရင် ငရုတ်သီးစိမ်းထောင်းထည့်ပြီး အရည်ကို ကိုယ့်စိတ်ကြိုက်ပမာဏ ရောက်တဲ့အခါ မီးဖိုပေါ်ကချပြီး စားသုံးနိုင်ပါပြီ။ဒီဟင်းပွဲကရိုးရှင်းလွန်းလို့ ဟင်းချက် တတ်ခါစသူတွေတောင် လက်စွမ်းပြနိုင်မယ့် ဆီမဲ့ဟင်းတစ်ခွက်ပါပဲ။

(၅) ဝက်သားပေါင်း 

ဝက်သားက နဂိုတည်းက အဆီပါဝင်ပြီးသားဖြစ်လို့ ချက်ပြုတ်လိုက်တဲ့အခါ သဘာဝအားဖြင့် ဆီထွက်ပါတယ်။ ဒါကြောင့် ဆီသပ်သပ် ထပ်ထည့်ဖို့ မလိုပါဘူး။ အခုပြောသွားမယ့် ဝက်သားပေါင်းက ကြက်ဥနဲ့ ပေါင်းတဲ့တစ်ခု မဟုတ်ဘဲ ဝက်သားသီးသန့်ပေါင်းတဲ့ ဟင်းပွဲဖြစ်ပါတယ်။ ဒီ့အတွက်ဆိုရင် ဝက်သုံးထပ်သားက အသင့်လျော်ဆုံး ပါပဲ။ အရင်ဆုံး ဝက်သုံးထပ်သားကို အမွှေးအမျှင်တွေ ပြောင်အောင် ပြုလုပ်ပြီး ရေစင်စင်ဆေးပါ။ ဝက်သားကို လက်သုံးလုံးလောက် အတုံးကြီးကြီးတုံးပြီး ပဲငံပြာရည်အကြည်၊ အနောက်၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူထည့်ပြီး လေလုံတဲ့ ပေါင်းအိုးထဲထည့်ပေါင်းလိုက်ပါ။ အသားမြုပ်ရုံပမာဏ ရေထည့်ပြီး နာရီအတော်ကြာ တည်ထား လိုက်မယ်ဆိုရင် စားလိုက်တာနဲ့ လျှာပေါ်ပျော်ကျစိမ့်ဝင်သွားလောက် အရသာရှိတဲ့ ဝက်သားပေါင်း ရပြီပေါ့။

အခုဖော်ပြသွားတာတွေတဲ့ ဟင်းပွဲတွေက ဆီမပါဘဲ ချက်ပြုတ်နိုင်တဲ့ အသားဟင်းလျာ ချက်နည်းတချို့ ဖြစ်ပါ တယ်။ နောက်ထပ်လည်း အသီးအရွက်တွေကို အသုံးပြုပြီး အရသာရှိတဲ့ ဆီမဲ့ဟင်းလျာတွေ ဘယ်လိုချက်ပြုတ် ရမလဲ ဆိုတာ ဖော်ပြထားလို့ ဆက်ဖတ်ကြည့်ဦးနော်။ အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဟင်းပွဲ တွေကို အတူတူ ဖန်တီးချက်ပြုတ်ကြရအောင်။


Share

Related Posts