ရေရှည်ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ချဉ်းကပ်ကြည့်ကြရအောင်

Posted in လူမှုဘဝ

တာဝန်ဝတ္တရားတွေအပြည့်နဲ့ အလုပ်ရှုပ်နေတဲ့ဘဝကြီးမှာ ကိုယ်ရဲ့ နေ့စဉ်ရွေးချယ်မှုတွေကနေတစ်ဆင့် ပတ်ဝန်းကျင်ကို ဘယ်လိုမျိုး နောက်ဆက်တွဲအကျိုးသက်ရောက်မှုဖြစ်သွားနိုင်တယ်ဆိုတာကို စဉ်းစားဖို့ လျစ်လျူရှုထားမိတတ်ကြပါတယ်။ ကိုယ်စားပြီး လွှင့်ပစ်လိုက်တဲ့ ပါကင်ခွံတွေကအစ စက္ကူလက်သုတ်ပဝါတွေ၊ ပလတ်စတစ်ရေဘူး‌တွေလိုမျိုးစတဲ့ တစ်ခါသုံးပစ္စည်းတွေအထိ လူတွေရဲ့ စားသုံးမှုအလေ့အထတွေက ပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလိုမျိုး ဖြစ်လာစေပါတယ်။ ဒါပေမဲ့ လုပ်နေကျအလေ့အကျင့်တွေကို ပတ်ဝန်းကျင်အတွက် သင့်တော်တဲ့လုပ်ရပ်တွေ ဖြစ်လာအောင် သတိထားပြီး ကိုယ်ကိုယ်တိုင် ပြောင်းလဲကြည့်လို့ရပါတယ်။ ဒါဆိုရင် ပိုပြီးတော့ ရေရှည်တည်မြဲမယ့် နေထိုင်မှုပုံစံတစ်ခုရရှိအောင် ဘယ်လိုမျိုး လက်တွေ့ကျကျနည်းလမ်းတွေနဲ့ ချဉ်းကပ်လို့ရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

သေသေချာချာစဉ်းစားပြီးမှ ဝယ်ပါ

ကိုယ်ဘယ်လိုအခြေအနေမျိုးတွေမှာ ပစ္စည်းတစ်ခုကို ဝယ်လေ့ရှိလဲဆိုတဲ့ အလေ့အကျင့်ကနေစပြီး စဉ်းစားကြည့်လိုက်ရအောင်။ ဥပမာပြောရရင် ကိုယ့်အဝတ်ဘီရိုထဲမှာ သိပ်မဝတ်ဖြစ်တဲ့ အဝတ်အစားတွေ အများကြီးရှိနေပါသလား။ ဒါဆိုရင်တော့ ချည်သား၊ လီနင်သားလိုမျိုး ကြာရှည်ခံတဲ့ပိတ်စသားနဲ့ ချူပ်တဲ့အဝတ်အထည်တွေ၊ ဘာနဲ့ပဲဖြစ်ဖြစ်တွဲဝတ်လို့ရပြီး အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေကိုပဲ ဝယ်ယူပြီးတော့   “ပိုပြီးနည်းတာက ပိုပြီးများတာပဲ” ဆိုတဲ့ နေထိုင်မှုပုံစံအသစ်ကို စတင်ကျင့်သုံးကြည့်ပါ။  ကျင့်ဝတ်နဲ့ညီပြီးတော့ ရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုကို အားပေးတဲ့ အဝတ်အစားတံဆိပ်မျိုးတွေ၊ ပြီးတော့ ဖြစ်နိုင်ရင် တစ်ပတ်ရစ်အထည်ဆိုင်ကအဝတ်အထည်တွေကို ရွေးချယ်ဝယ်ယူကြည့်ပါ။ ဒီလိုမျိုး ကိုယ့်ရဲ့ရွေးချယ်မှုတွေကနေပြီး ကိုယ့်ကို ပတ်ဝန်းကျင်အတွက်အကျိုးမပြုတဲ့စားသုံးသူအဖြစ်ကနေ  ပိုပြီးစိမ်းလန်းတဲ့အနာဂတ်အတွက် ကူညီပေးတဲ့စားသုံးသူအဖြစ်သို့ ပြောင်းလဲလာစေနိုင်ပါတယ်။

ချင့်ချိန် စားသောက်ပါ

ကိုယ့်ရဲအစားအသောက်ရွေးချယ်မှုတွေက ပတ်ဝန်းကျင်ကို သိသိသာသာ အကျိုးသက်ရောက်စေနိုင်ပါတယ်။  အပင်တွေကို အခြေခံထားတဲ့ စားသောက်မှုပုံစံကို လက်ခံကျင့်သုံးခြင်းက အသားထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို လျှော့ချပေးနိုင်ပါတယ်။ ပုရစ်လိုမျိုး စားလို့ရတဲ့အင်းဆက်တွေ  စားရတာကြိုက်နှစ်သက်တယ်ဆိုရင် မီသိန်းထုတ်လုပ်တာများတဲ့ အမဲသားလို အသားတွေအစား ပရိုတိန်းပါဝင်မှုလည်းများတဲ့ အင်းဆက်တွေကို အသားအစားထိုး စားသုံးကြည့်ဖို့ စဉ်းစားသင့်ပါတယ်။ ဒေသခံတောင်သူလယ်သမားများကို ပံ့ပိုးပြီး ရာသီအလိုက် အော်ဂဲနစ်ထွက်ကုန်တွေကို ရွေးချယ်စားသောက်ပါ။  ကိုယ်စားတဲ့အစားအစာတွေကို သတိထားပြီးစားခြင်းက ကိုယ့်အတွက်ရော ကမ္ဘာကြီးအတွက်ပါ ပိုပြီးကောင်းစေနိုင်မယ့်အစားအသောက်စနစ်ကို ပံ့ပိုးပေးနိုင်ပါတယ်။

ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သယ်ယူပို့ဆောင်ရေးနည်းလမ်းကို ရွေးချယ်ပါ

သယ်ယူပို့ဆောင်ရေးက ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လုပ်ဆောင်တဲ့အခါမှာ အဓိကကျတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ နေ့စဉ်သွားလာတဲ့အခါမှာ ပတ်ဝန်းကျင်အတွက်အထောက်အကူပြုတဲ့ စက်ဘီးစီးတာ၊ သူများနဲ့ ကားစုပြီးစီးတာ၊ ဘတ်စ်ကားလိုမျိုး အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုတာမျိုးတွေက ကာဗွန်သုံးစွဲမှုကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ လျှပ်စစ် ဒါမှမဟုတ် ဟိုက်ဘရစ်လိုမျိုး နှစ်မျိုးလုံးသုံးလို့ရတဲ့ယာဉ်တွေရဲ့ အကျိုးကျေးဇူးကို စဉ်းစားကြည့်ပါ။ ကမ္ဘာတစ်ဝှမ်းက သယ်ယူပို့ဆောင်ရေးရဲ့ အကျိုးသက်ရောက်မှုကို လျှော့ချနိုင်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုချင်းစီတိုင်းက ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့အတွက် အရမ်းကို အရေးကြီးလှပါတယ်။

စွမ်းအင်ကို ချွေတာသုံးစွဲပါ

အိမ်မှာ စွမ်းအင်တွေကို စနစ်တကျသုံးတာက  ရေရှည်တည်တံ့မယ့် နေထိုင်မှုပုံစံအတွက် အရေးပါပါတယ်။ အိမ်မှာ မီးချောင်းတွေနဲ့ မီးခလုတ်တွေကို အသုံးမပြုတော့တဲ့အခါမျိုးမှာ သတိထားပြီး ပြန်ပိတ်ထားပါ။ စွမ်းအင်သုံးသက်သာတဲ့ ပစ္စည်းတွေ၊ စွမ်းအင်ချွေတာတဲ့ မီးသီးတွေကို ပြောင်းလဲတပ်ဆင်အသုံးပြုကြည့်ပါ။  ဒီလိုမျိုးအလေ့အကျင့်ကနေတစ်ဆင့် စွမ်းအင်သုံးစွဲမှုပမာဏ်ကို သက်သာစေရုံသာမက  ကိုယ့်ပတ်ဝန်းကျင်ကို နောက်ဆက်တွဲအကျိုးသက်ရောက်စေနိုင်မယ့် လုပ်ရပ်တွေကိုလဲ လျှော့ချပေးနိုင်ပြီး လစဉ်ပေးဆောင်နေရတဲ့ မီတာခပါ သက်သာသွားမှာပါ။

ပြန်သုံးပါ၊ လျှော့သုံးပါ၊ ပြန်လည် အသုံးချပါ

ဒီ နည်းလမ်း (၃) မျိုးက အမှိုက်သရိုက်တွေကို အနာဂတ်မှာပါ စနစ်တကျ စီမံခန့်ခွဲဖို့အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်လို့ဆိုရမယ့် နည်းလမ်းတွေပါ။  ဥပမာပြောရရင်  ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ နောက်တစ်ကြိမ်ပြန်လည်အသုံးပြုလို့ရမယ်အိတ်မျိုးကို ယူသွားပါ၊ တစ်ခါသုံး ဘူးတွေ၊ ခွက်တွေသုံးမယ်အစား အကြိမ်ကြိမ်ပြန်သုံးလို့ရမယ့်ဟာမျိုးကို သုံးပါ။ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတာနည်းတဲ့ ပစ္စည်းမျိုးကိုပဲ ရွေးချယ်ပြီးသုံးပါ။ အစားအစာတွေကို ပါဆယ်ထုတ်လာတာပဲဖြစ်ဖြစ်၊ အိမ်အရောက်ပို့ခိုင်းတာပဲဖြစ်ဖြစ်လုပ်ရင်လဲ စွန့်ပစ်ပစ္စည်းတွေကိုလျှော့ချဖို့အတွက် တစ်ခါသုံးဇွန်းတွေ၊ ခက်ရင်းတွေ၊ တူတွေ ကို မထည့်ခိုင်းပါနဲ့။ တစ်ခုခုကို လွှင့်မပစ်ခင်မှာဆိုရင်လဲ ဒီပစ္စည်းက ပြန်လည်အသုံးပြုလို့ရသေးသလား၊ ဒါမှမဟုတ် လှူရင် တခြားသူသုံးလို့ရမယ့် အခြေအနေမျိုးမှာရှိသလားဆိုတာကို စဉ်းစားသုံးသပ်ကြည့်ပါ။ 

နေ့စဉ်ဘဝမှာ သတိရှိရှိနေခြင်းက ကိုယ့်အတွက်‌ရော နောက်လာမယ့် မျိုးဆက်သစ်များအတွက်ပါ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြောပြသွားတဲ့ နည်းလမ်းတွေကိုလိုက်လုပ်ကြည့်ရင်းကနေ နေတိုင်ရာကမ္ဘာကြီးအတွက် ပိုပြီးတော့ လိုက်လျောညီထွေဖြစ်တဲ့အပြုအမူတွေကို လုပ်ဆောင်သွားနိုင်မှာပါ။ ကဲ… ဒါဆိုရင် ပိုပြီးတောက်ပ စိမ်းလန်းစိုပြေတဲ့ အနာဂတ်သစ်ဆီကို အတူတူလျှောက်လှမ်းလိုက်ကြရအောင်လား။


Share

Comments

Ei Phyu Khaing

အ‌စားအသောက်၊အဝတ်အစား၊ သွားလာရေး စွမ်းအင် ဝယ်ယူသုံးစွဲမှုမှာ ကိုယ့်အတွက်ရော၊ ကမ္ဘာကြီး အတွက်ရော ရေရှည် ကောင်းမွန် အကျိုးရှိစေမဲ့ နည်းလမ်းတွေပါ၊ ကျမရဲ့ good lifeအတွက် လက်ရှိလုပ်ဆောင်နေသလို သတိပြုလိုက်နာရမဲ့ အချက်တွေ မှတ်သားရပါတယ်။

Wut Yi Phyo

နေ့စဉ်ဘဝမှာ အစားအသောက် အတွက် ကျန်းမာ‌ေရးနှင့်အညီ ရေ ရေွးခြယ်စား‌သင့်‌ေကြာင်း၊ နေထိုင်မှုအတွက် စွမ်းအင်လျော့ချရန် လျှပ်စစ်နှင့် စက်သုံးဆီလျော့ချ ရန် လိုအပ်သလို၊ Recycle ပြန်လည် အသုံးပြုလို့ရနိုင်တာတွေက ကမ္ဘာမြေကို ကာကွယ်ရာရောက်ပါတယ်။

Kha kha khin

Khakhanway @gmail.com

Related Posts