အရေးကြီးတဲ့ မနက်စာ အာဟာရမျှတစွာ သုံးဆောင်ပါ

Posted in အစားအစာ

ပျားပန်းခက် လှုပ်ရှားသွားလာနေရတဲ့ မနက်ခင်းတွေမှာ တစ်နေ့တာ လုပ်ငန်းဆောင်တာအတွက် လုံးပမ်းနေရတော့ ဒီ့မတိုင်ခင်မှာ မနက်စာကို အချိန်ပေး ထိုင်စားဖို့ အချိန်မရှိတတ်ကြပါဘူး။ ‘မနက်စာကို ရှင်ဘုရင်လိုစား’ ဆိုသလို မိုးလင်း အိပ်ရာထလို့ အလုပ်စမလုပ်ခင်မှာ ပြည့်စုံမျှတတဲ့ မနက်စာကို စားပေးမှ တစ်နေ့တာကို စိတ်ကြည်ကြည်လင်လင်နဲ့ အားအင်ပြည့်ဝစွာ ဖြတ်သန်းနိုင်ပြီး မနက်စာပုံမှန်စားတဲ့သူတွေက မစားတဲ့သူတွေထက် ရေရှည် ကျန်းမာကြံ့ခိုင်မှုပိုကောင်းပြီး အကျိုးကျေးဇူးတွေသိသာလာမှာပါ။ ဒီလိုမနက်စာအတွက် ပုံမှန်စားနေကြ အစားအစာတွေအပြင် မြေပဲထောပတ်တို့လို အသားဓာတ်ပေါများစွာပါတဲ့ ပဲအမျိုးမျိုး နဲ့ ကိုယ်ခံအားမြင့်တင်ပေးတဲ့ ပျားရည်ကလည်း မနက်စာထဲ ဖယ်ချန်ထားလို့မဖြစ်တဲ့ အာဟာရအစားအစာတွေပါပဲ။ ဒီတော့ အာဟာရမျှတတဲ့ မနက်စာကို ပုံမှန်ထက်ပိုပြီး ထူးထူးခြားခြားနဲ့ အရသာရှိရှိစားဖို့ဆို မြေပဲထောပတ်နဲ့ ပျားရည်တို့ကို ဘယ်လိုအသုံးချ၊ စားသောက်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

မြေပဲထောပတ် 

မနက်စာကို ပုံမှန်အတိုင်း ပေါင်မုန့်တစ်ချပ်နဲ့ ထောပတ်သုတ်တာဖြစ်ဖြစ်၊ ယိုသုတ်တာဖြစ်ဖြစ် တွဲဖက်စားတတ်ကြပြီး မြေပဲထောပတ်ကိုတော့ အစားနည်းကြပါတယ်။ ပျစ်ပျစ်နှစ်နှစ်နဲ့ အသားဓာတ်တွေ၊ အာဟာရဓာတ်တွေ ပါဝင်တဲ့ သဘာဝ မြေပဲထောပတ်ဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်တာကို လျှော့ချနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေကာ သွေးတွင်းအချိုဓာတ်နဲ့ ကိုလက်စထရော ပါ လျော့နည်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်လည်း မနက်စာအနေနဲ့ ထည့်သွင်းစားပေးမယ်ဆို အစားအလွန်အကျွံစားခြင်းကို လေချပေးပြီး အဝလွန်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

"မြေပဲထောပတ်ဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ မဂ္ဂနီဆီယမ်၊ ဗီတာမင် E, B တို့ ပါတာမို့  ထင်မထားလောက်အောင် ကျန်းမာရေးနဲ့ သင့်တော်ပြီး မနက်စာအနေနဲ့ အင်မတန်လိုက်ဖက်တဲ့ အစားအစာတစ်မျိုးပါပဲ။"

မြေပဲတွေကို သန့်စင်ပြီး လှော်ကာ ပျစ်နှစ်နေအောင် ခြေကြိတ်ပြီးမှ ရရှိလာတာမို့ တကယ့်သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ မြေပဲထောပတ် စားသုံးနိုင်ဖို့ဆို ထောပတ်၊ ဆီနဲ့ သကြား လုံးဝမပါဝင်တဲ့ သဘာဝမြေပဲထောပတ်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ သူ့ကို ထောပတ်အတိုင်း ညက်နေအောင် ကြိတ်မွှေပြီး ပေါင်မုန့် သို့ ဂျုံမုန့်ချပ်တွေနဲ့ တွဲစားလို့ ရတဲ့အပြင် အနှစ်အနေနဲ့ မဟုတ်ဘဲ ကိုယ်တိုင်အိမ်မှာ လုပ်စားချင်တယ်ဆို မြေပဲလေးတွေ ထပ်ထည့်ပြီး လိုချင်တဲ့ Textureအတိုင်း ကြွပ်ကြွပ်မွမွ စားလို့ရတာပါ။ မြေပဲနဲ့ ဓာတ်မတည့်တာတွေ၊ အလွန်အကျွံစားမိတာတွေ၊ မြေပဲမှာပါတဲ့ ကယ်လိုရီမြင့်မားမှုနဲ့ အဆီဓာတ်ပါဝင်မှုတို့ကြောင့် ကိုယ်ခန အတွက် စားသင့်တဲ့ ပမာဏအတိုင်း ချင့်ချိန်စားသောက်ဖို့တော့လိုပါတယ်။ ဒီလို မြေပဲထောပတ်အပြင် သီဟိုရ်စေ့ထောပတ်၊ နှမ်းထောပတ် စတဲ့ ပဲအမျိုးမျိုးကလုပ်တဲ့ ထောပတ်အမျိုးအစားတွေကလည်း ကောင်းမွန်တာမို့ မနက်စာကို အရသာစုံစုံလင်လင် အားအင်ရှိရှိစားနိုင်တာပေါ့။

ပျားရည်တဲ့ ဆမ်းမည်လော

“ ပျားရည်ချိုသည်၊ အစာကြေပါသည်” ဆိုတဲ့ သူငယ်တန်းဖတ်စာလေးကို သတိရကြသေးရဲ့လား။ ချိုတာ၊ အစာ ကြေတာအပြင် ပျားရည်မှာ တခြားဘာအကျိုးကျေးဇူးတွေရှိသေးလဲဆိုတာ စူးစမ်းကြည့်ကြရအောင်။

ပျားရည်ဆိုတာ ပျားကောင်လေးတွေ စုပ်ယူထားတဲ့ ပန်းဝတ်ရည်တွေကို စစ်ထုတ်ထားတဲ့ အချိုရည်တွေပါ။ ပျား တွေမှာ ပျားကြီး၊ ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျား၊ မွေးလိမ်ပျား စတဲ့ ပျားအမျိုးမျိုးကွဲပြားတာကြောင့် ပျားရည်ကလည်း အမျိုးအစားတွေကွဲပြားပါတယ်။ ဒီထဲကမှ ပန်းပေါင်းစုံပျားရည်၊ ပျားကြီးရည်၊ သစ်ခေါင်းပျား ရည်နဲ့ နေကြာပန်းပျားရည်တွေက လူကြိုက်များ၊ လူသိများတဲ့ ပျားရည်အမျိုးအစားတွေပါ။

ပန်းပေါင်းစုံပျားရည်ဆိုတာ ပျားကောင်လေးတွေက သဘာဝအတိုင်းပေါက်ရောက်နေတဲ့ ပန်းပွင့်ပေါင်းစုံရဲ့ ဝတ် ရည်ချိုတွေကို စုဆောင်းထားတဲ့ ပျားရည်ဖြစ်တာကြောင့် နေရာဒေသအလိုက် ပေါက်ရောက်တဲ့ ပန်းတွေပေါ် မူတည်ပြီး ပျားရည်ရဲ့ အရသာအနည်းငယ်စီ ကွာခြားသွားနိုင်ပါတယ်။ ပန်းပေါင်းစုံပျားရည်နဲ့ ပန်းတစ်မျိုးတည်း က ရရှိတဲ့ ပျားရည်ရဲ့ အာဟာရတန်ဖိုးတွေ၊ အဓိက ပါဝင်တဲ့ ဂုဏ်သတ္တိနဲ့ ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အတူတူနီးပါး ပါပဲ။ ပန်းပေါင်းစုံပျားရည်က Antioxidant ကြွယ်ဝပြီး၊ အာဟာရတန်ဖိုးကိုလည်း မြှင့်တင်ပေးပါ တယ်။ အစာခြေစနစ်ကို ပိုမိုကောင်းစေတာ၊ ချောင်းဆိုးသက်သာစေတာ၊ အနာရောဂါကို ငြိမ်းအေးစေတာ၊ ကိုယ်ခံအားကို မြှင့်တင်ပေးတာတွေက ပန်းပေါင်းစုံပျားရည်ရဲ့ ထင်ရှားတဲ့ ကောင်းကျိုးတွေ ဖြစ်ပါတယ်။

နေကြာပျားရည်ကို အချိန်တိုင်းရရှိနိုင်တာမျိုးမဟုတ်ပါဘူး။ နေကြာတွေ လှိုင်လှိုင်ပွင့်တဲ့ နှစ်တစ် နှစ် ရဲ့ ဖေဖော် ဝါရီနဲ့ မတ်လဝန်းကျင်မှာပဲ စုဆောင်းနိုင်တဲ့ ပျားရည်အမျိုးအစားဖြစ်ပါတယ်။ နေကြာပျားရည်ရဲ့ အချိုကဲတဲ့ အရသာ၊ ပန်းနံ့သင်းတဲ့ရနံ့၊ ရွှေအိုရောင် အရောင်အဆင်းတွေကြောင့် လူအမျိုးသဘောကျ နှစ်ခြိုက် ကြပါတယ်။  နေကြာပျားရည်မှာလည်း ပန်းပေါင်းစုံပျားရည်နဲ့ တူညီတဲ့ အကျိုးကျေးဇူးတွေ ရရှိတဲ့အပြင် အသားအရေ အတွက် ကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းကို ကောင်းမွန်စေတာကတော့ သူ့ရဲ့ ထူးခြားတဲ့ ကောင်းကျိုး ဖြစ်ပါတယ်။

ဘယ်လိုပဲ အမျိုးအစားတွေ ကွဲပြားပါစေ၊ ပျားရည်ဆိုတာ သဘာဝ အာဟာရတစ်မျိုးမို့ လူ့ခန္ဓာအတွက် ကောင်း ကျိုးများတာ သိသာပါတယ်။ ရေနွေးနွေးလေးထဲ ပျားရည်ထည့်သောက်တာ၊ ပျားသံပုရာ၊ တချို့သော မနက်စာ များနဲ့ တွဲဖက်စားသုံးတာ၊ ဟင်းပွဲတွေမှာ ထည့်သုံးတာ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ အသုံးပြုလို့ ရပါတယ်။ လိုအပ်တာထက်ပိုပြီး အများကြီးစားမိရင်‌တော့ အလွန်ရင်ပူတတ်တာ သတိထားရမယ့် အချက်ပါပဲ။

မနက်စာက ကျန်းမာတဲ့ဘဝနေထိုင်မှုအတွက် အကျိုးကျေးဇူးကောင်းတွေ ရှိတယ်ဆိုတာ သိကြပေမယ့် လူတော်တော်များများက မနက်စာကို ဦးစားပေးပုံမှန်စားဖို့ မေ့နေတတ်ကြတာပါ။ ဒါကြောင့်မို့ မနက်နိုးချိန်မှာ ပထမဆုံးနဲ့ အရေးကြီးဆုံး အစားစားချိန်ဖြစ်တဲ့ မနက်စာကို အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ရွေးချယ်စားသုံးဖို့ အကြံပြုရင်း သက်ရှည်၊ကျန်းမာ၊ ကြည်လင်တဲ့ နေ့ရက်တွေ ဖြတ်သန်းလိုက်ရအောင်ပါ။


Share

Comments

Related Posts