သဘာဝအတိုင်း ခြင်မလာအောင်ဘယ်လိုလုပ်မလဲ

Posted in အိမ်မှုရေးရာ


ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားကြတဲ့ အရှေ့တောင်အာရှနိုင်ငံအများစုမှာဆို ခြင်အန္တရာယ်ကို အဓိကခံကြရပါတယ်။ အပူချိန်ကျဆင်းလာပြီး စိုစိုစွတ်စွတ်ဖြစ်လွယ်တဲ့ မိုးရာသီမှာဆို ခြင်ပေါက်ဖွားဖို့လွယ်ကူတာမို့ အိမ်တွေမှာ ခြင်မလာအောင် ကာကွယ်ထိန်းသိမ်းမှုတွေ လိုကိုလိုအပ်ပါတယ်။ ဒီခြင်တွေကြောင့်ပဲ လူကြီးလူငယ်မရွေး သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောစတဲ့ ခြင်နဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်ပွားတတ်ပြီး အသက်သေဆုံးနိုင်တဲ့အထိ ဆိုးကျိုးကြီးတာမို့ မပေါ့ဆသင့်တာပါ။ သူတို့ကို နှိမ်နင်းတဲ့နေရာမှာ အများစုက ခြင်ဆေး၊ ခြင်ဆေးခွေ စတဲ့ Chemical ပစ္စည်းတွေ အသုံးပြုနှိမ်နှင်းကြပေမယ့် ဒါတွေက ပတ်ဝန်းကျင်ထိခိုက်မှုက အနည်းနဲ့အများတော့ ရှိနေစမြဲပါ။ ဒါကြောင့် ကိုယ့်အိမ်တွင်း၊ အိမ်ပြင်မှာ ခြင်မလာအောင်လို့ သဘာဝကျကျနဲ့ ကရိကထမများစေတဲ့ ခြင်ပြေးစေတဲ့ နည်းလမ်းလေးတွေကို ဒီတစ်ခေါက် ဆောင်းပါးလေးမှာ ဝေမျှလိုက်ပါရစေ။ 

ခြင်ပြေးအပင်လေးတွေ စိုက်ထားမယ် 

အပင်တွေဆိုတာဟာလည်း အခန့်မသင့်လို့ သန့်ရှင်းပေါင်းသင်ရေး သေချာမလုပ်နိုင်ရင် ခြင်ပေါက်ဖွားရာ နေရာဖြစ်နိုင်တာပါ။ ဒါပေမဲ့ စပါးလင်၊ ပူဒီနံ၊ ပင်စိမ်းရွက် တို့ရဲ့ အနံ့ကတော့ ခြင်တွေမကြိုက်တဲ့ အနံ့ဖြစ်ပြီး သူတို့ပတ်ဝန်းကျင်နား ခြင်မလာနိုင်တာပါ။ ဒီအပင်လေးတွေက ကိုယ့်အိမ်တွင်းက ပြတင်းပေါက်နားတွေမှာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ထားရှိစိုက်ပျိုးလို့ရတဲ့ အပင်လေးတွေ ဖြစ်တာမို့ သဘာဝအတိုင်း ခြင်ပြေးစေတဲ့နည်းလမ်းတစ်ခုရယ်ပါ။ သူတို့တွေကို သန့်သန့်ရှင်းရှင်းနဲ့ ပုံမှန်ရေလောင်း၊ ပေါင်းသင်ထားမယ်ဆို ခြင်တွေ မလာစေနိုင်တဲ့အပြင် အိမ်‌ဂေဟာကို အပင်လေးတွေနဲ့ အလှဆင်ရာလည်း ရောက်ပါတယ်။

DIY ပစ္စည်းလေးတွေ အသုံးချကြည့်မယ်

ခြင်ကင်းစင်တဲ့ အိမ်ပတ်ဝန်းကျင်အတွက် အမွှေးဆီ၊ ကြက်သွန်ဖြူစပရေး (Garlic Spray)နဲ့ ခြင်ဖမ်းထောင်ချောက် စတဲ့ ကိုယ့်အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ DIY ပစ္စည်းတွေက ခြင်တွေမရှိစေဖို့ အကူအညီပေးမှာပါ။ 

အမွှေးဆီဆိုတာမှာ လက်ဖက်စိမ်းဆီ (Tea Tree Oil) ၊ ပူဒီနာဆီ (Peppermint Oil) နဲ့ ယူကလစ်ဆီ (eucalyptus oil) ၊ လာဗန်ဒါအဆီအနှစ်တွေက သဘာဝအားဖြင့် ခြင်ပြေးစေတဲ့ အမွှေးနံ့ရှိကြပါတယ်။ သူတို့တွေကို ည့်ခန်း၊ အိပ်ခန်းစတဲ့ နေထိုင်ရာပတ်ဝန်းကျင်မှာ အမွှေးဆီအဖြစ် ဒီတိုင်းထားလည်း ရသလို၊ အုန်းဆီနဲ့ရောမွှေပြီး အသားရည်ပေါ်လိမ်းမယ်ဆို ခြင်မကိုက်အောင် ဟန့်တားပေးနိုင်ပါသေးတယ်။ နောက်ပြီး ကြက်သွန်ဖြူကလည်း ခြင်ပြေးစေတဲ့ အာနိသင်ရှိတာကြောင့် သူ့ကို ခြေမွပြီး ရေဆူဆူမှာ ပြုတ်ထားတဲ့ အရည်ကို အပြင်ဘက် ခြံဝင်းတွေမှာ ဖျန်းပေးလို့ရပါတယ်။

ခြေမလာအောင် ကာကွယ်နည်းတွေအပြင် ကိုယ့်ပတ်ဝန်းကျင်မှာ ခြင်တွေ ထိန်းမရအောင် များနေပြီဆို ထောင်ချောက်ပြုလုပ်နိုင်ပါသေးတယ်။ နည်းလမ်းကတော့ သကြားနဲ့ တစေးမှုန့်ကို ရေထဲမှာ ရောမွှေပြီး ခြင်တွေ ကြိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်စေကာ ရေဗူးထဲမှာ ထည့်ထားပြီး ခြင်တွေ ဝင်ရောက်မိစေမှာပါ။ ဒီနည်းလမ်းက ခြင်ပေါက်ဖွားမှုကို လျော့ချနိုင်စေတဲ့ ဓာတုပစ္စည်းကင်းစေတဲ့ ခြင်ဖမ်းတဲ့ နည်းလမ်းတစ်ခုပါပဲ။

ပတ်ဝန်းကျင် သန့်ရှင်းထားမယ်

အိမ်တွင်း၊ အိမ်ပြင်မှာဆို ရေဆိုးရေညစ်တွေမရှိနေအောင် မိုးရေတင်စေနိုင်တဲ့ ခွက်တွေ၊ ပလုံးတွေအပြင် ရေဝပ်တဲ့နေရာတွေနဲ့ အိမ်တွင်းက ပန်းအိုးနဲ့ ရေပုံးတွေကို အမြဲရေလဲလှယ်ပေးတာ၊ ရေမတင်အောင် မှောက်ထားတာမျိုး လုပ်သင့်ပါတယ်။ ခြင်တွေ ခိုအောင်းနေပြီး ခြင်ဥတွေ မပေါက်ဖွားအောင် ရေဆင်းပေါက်တွေ၊ ရေစီးမြောင်းတွေ ပိတ်နေတာကို တွေ့တာနဲ့ ဖယ်ရှားရှင်းလင်းပေးဖို့လိုပြီး ခြင်အစုအဝေးဖြစ်အောင် မဖန်တီးမိဖို့ လိုပါတယ်နော်။ အဝတ်အစား ဝတ်ရာမှာလည်း အားလုံးသိကြတဲ့အတိုင်း အရောင်မှောင်မှောင်ရင့်ရင့် အဝတ်အစားတွေက ခြင်တွေကို ပိုဆွဲဆောင်နိုင်ပြီး ခြင်ပိုကိုက်ခံရနိုင်ပါတယ်။ ဒီလိုခြင်ပေါတဲ့ရာသီမှာဆို ပေါ့ပါ့ပါးပါး၊ သန့်သန့်ရှင်းရှင်းနဲ့ အရောင်နုနု အဝတ်အစားတွေကို ဦးစားပေးဝတ်သင့်တာပါ။

ခြင်တွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံသာမက တခါတလေ ပတ်ဝန်းကျင်မှာ ခြင်တွေကြောင့် စိတ်အနှောင့်အယှက်လည်း ဖြစ်စေပါသေးတယ်။ ဓာတုပစ္စည်းတွေ အသုံးပြုပြီး ခြင်နှိမ်နင်းတာထက် စာရင် အပေါ်မှာ ပြောပြထားတဲ့ သဘာဝကျတဲ့ နည်းလမ်းလေးတွေ အသုံးချကြည့်ပြီး ခြင်ကင်းစင် ကျန်းမာတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ မျှော်လင့်ပါတယ်နော်။ ဒီအသုံးဝင်တဲ့ နည်းလမ်းလေးတွေအပြင် တခြား ခြင်မလာစေတဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေ ရှိရင်လည်း commentမှာ မျှဝေခဲ့ဦးနော်။


Share

Comments

Related Posts