ဘေဘီလေးတို့ လမ်းစလျှောက်တော့မယ်ဆိုရင်

Posted in မိဘအုပ်ထိန်းခြင်း


လမ်းလျှောက်သင်နေတဲ့ ဘေဘီလေးအတွက် ခြေတစ်လှမ်းပြီး တစ်လှမ်း လျှောက်နိုင်လိုက်တဲ့အခိုက်အတန့်ဟာ ရုပ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်ရမှု၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုရှိမှုနဲ့ ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်တွေကြားက ကြည်နူးစရာ အောင်မြင်မှုကြီးတစ်ခုပါပဲ။ ကလေးငယ်တို့ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် လမ်းလျှောက်အတတ်သင်တာက အရေးပါတဲ့သင်ယူမှုဖြစ်ပြီး ဖေဖေ၊ မေမေတို့ကလည်း အဘက်ဘက်က အကောင်းဆုံးထောက်ပံ့ကူညီနိုင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေက သူကိုယ်တိုင် ခေါင်းထောင်မတ်နိုင်ပြီ၊ ဝမ်းယားမှောက်ပြီး ကျွမ်းကျွမ်းကျင်ကျင်သွားနိုင်ပြီ၊ အသက်အရွယ်လည်း ၁နှစ်ဖြစ်ပြီဆို လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်နေတာမို့ အနာတရမဖြစ်အောင် ဘေးကနေ စောင့်ကြည့်နေရပြီပေါ့။ ဒီလိုလမ်းလျှောက်တာ နည်းမှန်လမ်းမှန်နဲ့ တိုးတက်မှုမြန်အောင် ကလေးငယ်လေးတို့အတွက် လမ်းလျှောက်နည်းအဆင့်ဆင့်ကို အနီးကပ်သင်ကြားစောင့်ရှောက်နိုင်ဖို့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင် ဖေဖေမေမေတို့ရေ။

ဘေဘီလေးရဲ့ လမ်းစလျှောက်ချင်နေတဲ့ အမူအရာတွေ

ကလေးတစ်ဦးနဲ့ တစ်ဦးက ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံနဲ့ တိုးတက်ပုံချင်းမတူညီတာမို့ အမြဲတမ်းဒီလိုအချိန်၊ ဒီအသက်အရွယ်ဆို လမ်းစလျှောက်ကိုလျှောက်ရမယ်လို့ တထစ်ချ ထင်မြင်ပြီးသင်ကြားပေးလို့ မရပြန်ပါဘူး။ သူတို့ သဘာဝအတိုင်း ဝမ်းယားမှောက်သွားတာ၊ လေးဘက်ထောက်သွားတာ စသဖြင့် သူတို့လေးတွေရဲ့ အမူအရာနဲ့ ကျွမ်းကျင်တက်မြောက်လာမှုတွေကို စောင့်ကြည့်ပြီးမှ လေ့ကျင့်သင်ကြားပေးတာ အကောင်းဆုံးပါ။ ခြေထောက်ကြွက်သားလေးတွေ သန်မာစပြုလာပြီး အိမ်မှာရှိတဲ့ ပရိဘောဂတွေကို အမှီအခိုပြု၊ မတ်တပ်ရပ်ချင်တာ၊ လက်လှမ်းမှီသမျှ ပစ္စည်းတွေ အကူအညီနဲ့ ဟိုသွားဒီသွားတွေ လုပ်နေပြီဆို လမ်းလျှောက်ဖို့ အားအင်ယူနေတာပါ။ ဒီအချိန်မှာ ဖေဖေမေမေတို့အနေနဲ့ ဘေဘီလေးတို့ လမ်းလျှောက်သင်ရင်း အနာတရမဖြစ်အောင် ဘေးကနေ စောင့်ရှောက်ပေးရင်း ချီးကျူးစကားလေးတွေ၊ ပြိုင်ပွဲလေးတွေ လုပ်ဆောင်ပေးရင်း ခြေလှမ်းသေးသေးလေးတွေအတွက် အားအင်ဖြစ်ပေးလိုက်ပါ။

ကူညီပံ့ပိုးမယ့် ပတ်ဝန်းကျင်

အ‌ရေးကြီးဆုံးအနေနဲ့ ကလေးငယ်တွေ လှမ်းစလျှောက်ဖို့ ပြင်နေပြီဆို ဘေးကင်းစိတ်ချရတဲ့နေရာလေး ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ နေထိုင်ရာ အိမ်တစ်လုံးလုံး ပြုပြင်ဆင်ဖို့တော့ မလိုပေမယ့် ဘေဘီလေး အမြဲရှိတတ်တဲ့နေရာ သို့ အခန်းတစ်ခန်းခန်းမှာ ထိရှ၊ ကွဲလွယ်တဲ့ ပစ္စည်းတွေ၊ ခလုတ်တိုက်နိုင်တဲ့ ကြိုးတွေ၊ ကစားစရာတချို့ကို ဖယ်ရှားထားပြီး နူးညံ့တဲ့အကာအရံတွေ ထားပေးတာ၊ လမ်းလျှောက်ရာ ကြမ်းပြင်ကိုလည်း ချော်မနေအောင် ရှင်းလင်းပေးထားတာမျိုး ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှ ဘေဘီလေးတို့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး လမ်းမလျှောက်နိုင်သေးဘူးဆိုရင်တောင် ဒီလိုကူညီပံ့ပိုးနိုင်တဲ့ နေရာလေးရှိမယ်ဆို သူတို့သွားရာလမ်းကြောင်းလေးက လွတ်လွတ်လပ်လပ်နဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်နေတော့ လမ်းစလျှောက်ဖို့ ယုံကြည်ချက်ဖြစ်စေတာပါ။

လုပ်ဆောင်ပေးသင့်တဲ့ အချက်တွေ

လမ်းလျှောက်ချင်နေတဲ့ ဘေဘီလေးအတွက် သူတို့ကိုယ်တိုင် လမ်းလျှောက်ဖို့ ထိန်းမတ်ပေးသင့်တဲ့အပြင် ရှေ့ကနေ လက်ကမ်းကြိုပေးတာ၊ အိမ်ထဲ တစ်နေရာရာကို နောက်ကလိုက်ဖို့ ခေါ်တာ စသဖြင့် လမ်းလျှောက်ဖို့ အကူအညီပေးနိုင်ပါတယ်။ အကယ်လို့ ခြေချော်လဲခဲ့ရင် မငိုအောင် ချော့မော့ပြောဆိုပေးပြီး အပေါ်မှာ ပြောထားတဲ့ အနာတရမဖြစ်စေတဲ့၊ သင့်တော်စိတ်ချရတဲ့ အခန်းပုံစံလေး ရှိနေရင် ဘေဘီလေးတို့ လမ်းလျှောက်ရာမှာ အရမ်းစိတ်ပူစရာမလိုတော့ပါဘူး။ မြေပြင်ညီမှာ ကောင်းကောင်းလမ်းလျှောက်နိုင်ပြီဆို နည်းနည်းမညီညာတဲ့ နေရာတွေမှာလည်း လမ်းလျှောက်ကျင့်ပေးကြည့်နိုင်ပြီး ဒါက သူတို့လေးတွေ ကိုယ်ခန္ဓာဟန်ချက် ညှိတတ်အောင်နဲ့ ကြွက်သားအားအင်ရှိစေဖို့ အကူအညီပိုဖြစ်စေပါတယ်။ အခုခေတ်မှာ ကလေးတို့ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကစားစရာပစ္စည်းလေးတွေ၊ သင်ထောက်ကူပစ္စည်းလေးတွေ မျိုးစုံရှိနေပြီဆိုတော့ လမ်းလျှောက်ဖို့အတွက်လည်း ဘီးနဲ့ လက်ကိုင်ပါတဲ့ အမှီပြု လက်တွန်းလှည်းလေးတွေလည်း အသုံးပြုပေးလို့ ရပါသေးတယ်။

ရှောင်ကြဥ်သင့်တဲ့ အချက်တွေ

မိမိကလေးကို လမ်းလျှောက်တတ်စေချင်ဇောနဲ့ အတင်းအကြပ် လမ်းလျှောက်ဖို့ အားပေးတာကလည်း ကလေးကိုယ်တိုင် သဘာဝအတိုင်း တက်မြောက်ဖို့ ပိုတောင် အဟန့်အတားဖြစ်စေပါတယ်။ အောင်မြင်မှု သေးသေးလေးတွေကိုလည်း ချီးကျူးဂုဏ်ပြုပေးပြီး သူတို့စိတ်နဲ့ ခန္ဓာ မလိုက်နိုင်သေးတဲ့ အရာတွေပေါ်မှာ အတင်းအကြပ် ဖိအားမပေးမိဖို့လိုတာပါ။ ဖြေးဖြေးချင်း တိုးတက်ဖို့ ကလေးကို အချစ်တွေနဲ့ လက်တွဲခေါ်ယူပေးပြီး နည်းမှန်လမ်းမှန်နဲ့ လမ်းလျှောက်နိုင်ဖို့ ‌‌ဘေးကနေ အနီးကပ်ကူညီစောင့်ကြည့်ဖို့ မမေ့ပါနဲ့။ တစ်ခုရှိတာကတော့ ၁နှစ်ခွဲကနေ ၂နှစ်အထိ လမ်းလျှောက်ဖို့ အရိပ်အယောင် မတွေ့ရသေးဘူးဆိုရင်တော့ ကလေးအထူးကုနဲ့ ပြသတိုင်ပင်ပြီး ဘာတွေလိုအပ်ချက်ရှိနေလည်း ဆန်းစစ်သင့်ပါတယ်။

ဖေဖေမေမေတို့အနေနဲ့ ဘေဘီတို့ လမ်းစလျှောက်တဲ့ အရွယ်ကို မသိလိုက်ခင် မျက်စိတစ်မှိတ်အတွင်း ရောက်လာနိုင်တာမို့ သူတို့လေးတွေရဲ့ ခြေစလှမ်းတဲ့ အခိုက်အတံ့လေးတွေကို လက်ကမ်းကြိုနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေ လုပ်ဆောင်ကြည့်ရင်း သူတို့လေးတွေ ခန္ဓာကိုယ်ရွေ့လျားဖို့ အထောက်အကူကောင်းဖြစ်တဲ့ ကြွက်သားတိုးတက်မှုနဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးရင်း ကြည်နူးရင်ခုန်စရာ ခြေလှမ်းလေးတွေကို စောင့်ကြည့်လေ့ကျင့်ပေးလိုက်နော်။


Share

Comments

Related Posts