Caesar Saladကို ဘယ် Caesarက ထီထွင်ခဲ့တာပါလဲ

Posted in အစားအစာ


ကြွပ်ရွလတ်ဆတ်ပြီး အမြင်အေးတဲ့ စိမ်းစိမ်းစိုစိုအရွက်လေးတွေနဲ့ အရသာရှိရှိ ဖန်တီးစားတတ်ကြတဲ့ Caesar Saladကတော့ ကျန်းမာရေးလိုက်စားသူတွေအတွက်ရော၊ အသီးအရွက်ချစ်သူများပါ မကျန် စားတတ်ကြတဲ့ အရွက်သုပ်လေးတစ်မျိုးပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ အာဟာရလည်း ပြည့်ဝပြီးတော့ နှစ်သက်သလို ပြုလုပ်နည်းမျိုးစုံရှိပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကလည်း တပုံတထောရှိနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ စားသောက်ဆိုင်မီနူးတွေမှာလည်း မပါမဖြစ် အစားအစာတစ်မျိုးဖြစ်တဲ့အပြင် ခုလို စားကောင်းပြီး နာမည်ကျော်လှတဲ့ အရွက်သုပ်က ဘယ်ကစ ဖြစ်တည်လာပြီးတော့ အများစု တွေးထင်ကြတဲ့ Julius Caesarကပဲ ထီထွင်ခဲ့တာ ဟုတ်မဟုတ် စိတ်ဝင်စားစရာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

သူ့ရဲ့သမိုင်း

အဆာပြေအစားအစာ၊ အရံဟင်းပွဲအနေနဲ့အပြင် အဓိကအစားအစာအဖြစ်ပါ စားတတ်ကြတဲ့ နာမည်ကျော်၊ ဂန္တဝင်ဆန်လှတဲ့ ဒီ Caesar Salad က ၁၉၂၄ဝန်းကျင်မှာ ဖန်တီးပေါ်ပေါက်နေခဲ့တာမို့ အခု ၂၀၂၄ခုနှစ်မှာဆို နှစ်တစ်ရာတိုင်တောင် နာမည်ကျော်နေဆဲဖြစ်တဲ့ အစားအစာတစ်ခုပါပဲ။ Caesar Cardini ဆိုတဲ့ Italian စားဖိုမှူးတစ်ဦး ဖန်တီးခဲ့တဲ့အစားအစာဖြစ်ပြီးတော့ အမေရိကန်နိုင်ငံ၊ မက်ဆီကိုမြို့မှာရှိတဲ့ သူ့ရဲ့စားသောက်ဆိုင်မှာ ချက်ပြုတ်ဖို့ ပါဝင်ပစ္စည်းတွေ နည်းပါးနေချိန်မှာ ဆလပ်ရွက်နုအနည်းငယ်၊ ကြက်ဥနဲ့ ပေါင်မုန့်စလေးတွေအပြင် သံလွင်ဆီ၊ parmesan cheeseနဲ့ Worcestershire sauce စတဲ့ ရှိတာလေးတွေ ပေါင်းစပ်ပြီး အရံဟင်းပွဲတစ်ခုအနေနဲ့သာ စတင်ဖန်တီးခဲ့တာမျိုးပါ။ ဒီလို မူလပထမဆုံးသော Caesar saladရဲ့ စားပုံစားနည်းကလည်း ဆလပ်ရွက်ကြွပ်ကြွပ်ရွရွလေးတွေကို လက်နဲ့ကိုင်ပြီး အနှစ်ရည်နဲ့ တို့စိမ်စားရတာမျိုးဆိုတော့ တမျိုးထူးခြားနေပြီး အရသာလည်းရှိတာမို့ အဲ့ခေတ်ချိန်ကနေ အခုထိတိုင် အမေရိကန်နိုင်ငံရဲ့ လူကြိုက်များ Saladတစ်ခုအဖြစ် ရှိနေတော့တာပါပဲ။

စိတ်ဝင်စားစရာ ပြုလုပ်နည်း

Caesar Salad ကို ကမ္ဘာပေါ်က နေရာမျိုးစုံကနေ ဖန်တီးပုံအမျိုးမျိုးရှိကြပေမယ့် မူလ Saladလုပ်နည်းအတိုင်းက ဘယ်အချိန်စားစား ရိုးရိုးရှင်းရှင်းနဲ့ အရသာအရှိဆုံးပါပဲ။ ပါဝင်ပစ္စည်းတွေကတော့ လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ ဆလပ်ရွက်နုနု (Romaine)၊ ပေါင်မုန့်စလေးတွေ၊ Parmesan cheeseနဲ့ ဒါတွေနဲ့ တို့စား၊ ရောနယ်စားမယ့် Caesar Dressing ရယ်ပါပဲ။ ဒီ Dressingအတွက် သံလွင်ဆီ၊ လီမွန်၊ ကြက်သွန်ဖြူ၊ Mustard (မုန်ညင်းနှစ်)၊ ဆား၊ ငရုတ်ကောင်း တို့အပြင် ရှာလကာရည်၊ ပဲငံပြာရည်၊ သကြားညို၊ သစ်ကြံပိုးမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှစ်တွေနဲ့ ရောစပ်ထားတဲ့ Worcestershire Sauce တို့နဲ့ ပြုလုပ်ဖန်တီးရမှာပါ။ ဒီထက်ပိုပြီး အရသာရှိရှိနဲ့ အာဟာရ ပြည့်ပြည့်ဝဝ စားချင်တယ်ဆို ဆယ်လ်မွန်ငါးကင်၊ Troutငါးတို့အပြင် ကြက်သားကင်၊ ဝက်သုံးထပ်သားလွှာနဲ့ အစေ့အဆန်တွေနဲ့ပါ တွဲဖက်စားလို့ ရပါသေးတယ်။

ကျန်းမာရေး အကျိုးကျေးဇူးတွေ

အရွက်သုပ်တစ်မျိုးဖြစ်ပေမယ့်လည်း ခရင်မ်အနှစ်၊ ချိစ်နဲ့ ပေါင်မုန့်အနည်းငယ် ပါဝင်တာမို့ Dietသမားများအတွက်တော့ မလိုက်ဖက်ဘူးလို့ ထင်နိုင်စရာ ရှိပါတယ်။ ဒါပေမယ့် Caesar Salad က သူ့ရဲ့ မူလလုပ်နည်းအတိုင်း ကွက်တိမဟုတ်ဘဲ ကိုယ့်ကျန်းမာရေးနဲ့ လိုက်ဖက်ကိုက်ညီတဲ့ Saladပုံစံ ဖန်တီးရင်လည်း စိတ်ကြိုက်အရသာရှိရှိစားလို့ရတာမို့ အရွက်တွေချည်းပဲဆိုလည်း အာဟာရနဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝနေတာပါ။ ဒီလိုပိုမိုကျန်းမာလှပဖို့အတွက်ဆို ဒီအရွက်သုပ်မှာပဲ ဆလပ်ရွက်အနည်းငယ် ထပ်ထည့်ပြီး မုန်လာဥနီ၊ သခွားသီးတို့နဲ့ပါ ထပ်ရောစားလို့ရပြီး Dressing အနှစ်နဲ့ ချိစ်ကတော့ ဆိုဒီယမ်ဓာတ်နဲ့ အဆီဓာတ်တွေ တက်စေနိုင်လို့ စားပွဲတင်ဇွန်း ၂ဇွန်းလောက်နဲ့ နည်းနည်းစီ ထည့်သွင်းစားနိုင်ပါတယ်။ ပရိုတင်းဓာတ်အတွက်လည်း နှစ်သက်ရာ အသားငါးတွေ ထည့်စားလို့ရသေးတာမို့ ကိုယ်ဖန်တီးတဲ့Saladပုံစံအတိုင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရနိုင်တဲ့အစားအစာတစ်မျိုးပါ။

မူလပုံစံအတိုင်းလည်း အရသာရှိရှိ စားလို့ကောင်းတဲ့အပြင် နှစ်သက်ရာပုံစံအတိုင်း ဖန်တီးယူစားလို့ကောင်းတဲ့ Caesar Saladရဲ့ အကြောင်းလေးကို တော်တော်များများသိသွားမယ်လို့ ထင်ပါတယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုအတွက် အကျိုးကျေးဇူးကောင်းတွေရှိပြီး ပြုလုပ်ရလည်းလွယ်ကူတာမို့ မစားဖြစ်တာကြာရင် အိမ်မှာလုပ်စားဖို့ မမေ့နဲ့နော်။


Share

Comments

Related Posts