ကွန်ဒုံးဝယ်တာ ရှက်စရာမဟုတ်ပါ

Posted in ကျန်းမာရေး


မြန်မာ့တို့ရဲ့အသိုင်းအဝိုင်းမှာ လိင်မှုကိစ္စအကြောင်းကို ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု အနေနဲ့မှတ်ယူနေကြတုန်းပါပဲ။  လူတော်တော်များများအတွက်  ဆိုင်မှာ ကွန်ဒုံးဝယ်ရတာ ကဂျိုးကဂျောင်နိုင်ပြီး ရှက်စရာလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ တကယ်တော့ ကွန်ဒုံးသုံးတာဟာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လက်တွဲဖော်ကို လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) နဲ့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရတာတွေကို တားဆီးပေးနိုင်လို့ ကွန်ဒုံးဝယ်တယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ 

အဲဒီတော့ ဒီရှက်ရွံ့မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လက်တွဲ‌ဖော်ကို လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေရန်က ကာကွယ်ဖို့ ကွန်ဒုံးကို ဘယ်လို အသုံးပြုသင့်သလဲဆိုတာ သိချင်ရင်တော့ ဆက်ဖတ်ကြည့်ပါဦးနော်။

(၁) ကာကွယ်ခြင်းဟာ အရေးကြီးတဲ့အကြောင်း အမြဲ ကိုယ့်ကိုယ်ကို အသိရှိပါ။

အချို့လူတွေအနေနဲ့ ကွန်ဒုံးဝယ်ဖို့ တွန့်ဆုတ်နေတာမျိူး ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ ဘေးကင်းဖို့က အရေးကြီးပါတယ်။ ကွန်ဒုံးက လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) နဲ့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရတာတွေကို တားဆီးပေးနိုင်လို့ ကွန်ဒုံးသုံးဖို့ အသိရှိပါ။

(၂) ကြိုဝယ်ထားပါ။

လူကိုယ်တိုင် ကွန်ဒုံးသွားဝယ်ရတာ ရှက်တယ်ဆိုရင် အွန်လိုင်းကနေ ကြိုတင်ဝယ်ထားပါ။ ခုခေတ်အွန်လိုင်းရှော့ပင်းတွေကလည်း ထုပ်ပိုးမှုတွေ ပိုမိုကောင်းမွန်လာပြီး ပို့ဆောင်မှုတွေလည်း မြန်ဆန်ပါတယ်။ 

(၃) ယုံကြည်မှုရှိပါ

ကွန်ဒုံးဝယ်တယ်ဆိုတာ တာဝန်သိပြီး ရင့်ကျက်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း သတိရပါ။ ကိုယ့်ရွေးချယ်မှုအပေါ် ယုံကြည်မှုရှိပြီး အခြားသူတွေရဲ့ အမြင်ကြောင့် ကိုယ့်ဆုံးဖြတ်ချက်ကို မထိခိုက်ပါစေနဲ့။ 

(၄) သူငယ်ချင်းတစ်ယောက် ခေါ်သွားနိုင်ပါတယ်

ကိုယ့်အနေနဲ့ ကွန်ဒုံးဝယ်ရတာ ရှက်တယ်ဆိုရင် ကိုယ့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကို အ‌ဖော်အဖြစ် ခေါ်သွားဖို့စဥ်းစားပါ။ အဲဒါက ကိုယ့်မှာရှိတဲ့ စိုးရိမ်မှုတွေ ပြေပြောက်စေပြီး ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ 

ဝယ်ရမှာ ရှက်တဲ့ ခံစားချက်တစ်ခုကြောင့်နဲ့ ကိုယ့်ရဲ့ တာဝန်သိတဲ့ ဆုံးဖြတ်ချက်ကို ဟန့်တားမှု မဖြစ်စေပါနဲ့။ အပေါ်က အချက်တွေနဲ့ ကိုယ့်ရဲ့ ကွန်ဒုံးဝယ်တဲ့ ရှက်ကြောက်မှုတွေကို ဖယ်ရှားပြီး ကျန်းမာရေးနဲ့ သုခအပြည့်အဝကို ခံစားရရှိပါ။  


ကွန်ဒုံးက လိင်ပိုင်းဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အရာတွေထဲက တစ်ခုပဲဆိုတာကို သိထားဖို့လိုပြီး ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ့် ကာကွယ်ရေး နည်းလမ်းတွေအကြောင်းကိုတော့ ဆရာဝန်နဲ့ဆွေးနွေးတာ ပိုကောင်းပါတယ်။ ကိုယ်နဲ့ ကိုယ့်လက်တွဲဖော်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရင်း ကောင်းမွန်တဲ့ လိင်မှုဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းပြီး လက်တွေ တွဲလက်မြဲကြပါစေ။


Share

Comments

Related Posts