လိုအပ်တာထက်ပိုပြီး အသီးအရွက် စားမိမယ်ဆိုရင်

Posted in ကျန်းမာရေး


နေ့စဥ်စားသောက်မှုပုံစံမှာ အသားတွေပဲ အလွန်အကျွံစားနေမယ်ဆိုရင် အသားတွေမှာပါတဲ့ အဆီ ဓာတ်က ကိုလက်စရောများစေပြီး သွေးတွင်းအဆီဓာတ်တွေ တိုးလာတာကြောင့် ကျန်းမာရေး အတွက် ၊ ခန္ဓာကိုယ်အတွက် မကောင်းဘူး ဆိုတာ လူတော်တော်များများ သိထားကြပြီးတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပြောင်းလဲဖို့ အသီးအရွက်ကို ပိုစားလာကြတာ ပေါ့။ ဒါပေမယ့် အသီးအရွက်ကို လည်း လိုအပ်တာထက်ပိုပြီး စားနေမိမယ်ဆိုရင် ဆိုးကျိုးတွေ ရှိတယ် ဆိုတာကော သိထားကြပြီးပြီလား။ အသီးအရွက်တွေဟာ ကျန်းမာရေးအတွက် ကောင်းစွာများစွာရှိပေမယ့် တန်ဆန်လွန်ဘေးဆိုသလို ဘယ်အရာမဆို အလွန်အကျွံ စားသုံးမိရင် ဆိုးကျိုးတွေလည်း ရှိသေးတာကြောင့် အသီးအရွက် စားသုံးခြင်းနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။ 

(၁) အစာခြေစနစ် ပြဿနာတက်ခြင်း

အသီးအရွက်တွေမှာ လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေ မယ့် လိုတာထက်ပိုပြီးစားမိရင် အစာမကြေဖြစ်တတ်တယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။ အစာအိမ်က ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အခြားအာဟာရတွေကို စုပ်ယူခြေဖျက်ရမယ့်အစား အသီး အရွက်တွေကပေးတဲ့ များပြားလှတဲ့ အမျှင်ဓာတ်တွေကိုခြေဖျက်ဖို့ပဲ စွမ်းအင်သုံးနေရတာကြောင့် အစာမကြေတာအပြင် အာဟာရမလုံလောက်မှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။ နေ့စဥ်စားသောက်မှု အလေ့အထမှာ အစာအုပ်စုတွေ မျှမျှတတမစားဘဲ အသီးအရွက်ပဲစားနေမယ်ဆိုရင် အမျှင်ဓာတ် လို အပ်တာထက်ပိုနေလို့ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ စတဲ့ အစာခြေစနစ်နဲ့ဆိုင်တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

(၂) ဟော်မုန်းစနစ်ထိခိုက်ခြင်း

ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ဟန်ချက်ညီအောင်ထိန်းညှိပေးနေတာကြောင့် ဟော်မုန်းစနစ် မှန်ကန်စွာအလုပ်လုပ်နေဖို့ဆိုတာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုပါ။ ဟော်မုန်းဂလင်းတွေရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုးထဲက တစ်ခုကတော့ တစ်ချို့ သော အသီးအရွက်တွေကြောင့်ဆိုရင် အံသြသွားကြလား။ ငရုတ်ပွ၊ အာလူး၊ မြေအောင်းဥအမျိုးမျိုးနဲ့ ခရမ်းချဉ်သီးတွေက ဂလင်းရောင်ရမ်းမှုကိုဖြစ်စေတတ်တာကြောင့် ဟော်မုန်းထုတ်လုပ်မှု ကမောက်ကမ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဒီဟင်းသီးဟင်းရွက်တွေကို အလွန်အကျွံမစားမိအောင် သတိပြုသင့်ပါတယ်နော်။ အာဟာရမလုံလောက်မှုကလည်း ဟော်မုန်းမညီမျှမှုကိုဖြစ်စေတတ်လို့ အာဟာရမျှတအောင် စားသုံးဖို့လည်း လိုအပ်ပါတယ်။ 

(၃) ဗီတာမင် D မလုံလောက်ခြင်း

ဗီတာမင် D က လူ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်စီယမ်ကို ခန္ဓာကိုယ်က ကောင်းမွန်စွာစုပ်ယူနိုင်ဖို့ အကူအညီပေးပါတယ်။ ကယ်လီစီယမ်နဲ့ အလားတူပဲ ဗီတာမင် D လျော့နည်းလာရင် အရိုးတွေနဲ့ ကြွက်သားတွေ အားနည်း နာကျင်လာတာ၊ အရိုးပွပြီး အရိုးကျိုး လွယ်တာတွေ ဖြစ်လာမှာပါ။ ဒါ့အပြင် ကိုယ်ခံအား စနစ်နဲ့ အာရုံကြောစနစ် အတွက်လည်း ဗီတာမင် D ကို လိုအပ်ပါတယ်။ ဥအမျိုးမျိုး၊ တစ်ချို့သော အသား၊ ငါးတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းက ဗီတာမင် D ကို သဘာဝအတိုင်း ကြွယ်ဝစွာရရှိနိုင် တဲ့ နည်းလမ်းဖြစ်တာကြောင့် အသီးအရွက်တွေကိုပဲ အလွန်အကျွံ စားသုံးနေခြင်းက ဗီတာမင် D မလုံလောက်မှု ဖြစ်ပေါ်စေတယ်ဆိုတာ သိသာတဲ့ အကြောင်းရင်းပါပဲ။

(၄) အာဟာရချို့တဲ့မှုဖြစ်နိုင်ခြင်း

အသီးအရွက်အများစုက ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝပေမယ့် ပရိုတင်းနဲ့ အဆီဓာတ်တွေမပါဝင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်အကုန်လုံးကို လုံလောက်အောင် မထောက်ပံ့နိုင်ပါဘူး။ ဒီဟာ အသီးအရွက်တွေ မစားနဲ့လို့ ဆိုလိုတာမဟုတ်ပါဘူး။ အသီးအရွက်တွေအပြင် နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားငါးနဲ့ ဥအမျိုးမျိုးကိုလည်း မျှတညီညွတ်အောင် စားသုံးမှသာ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိမှာဖြစ်ပါတယ်။

ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံအတွက် အသီးအရွက်ပိုစားပြီး ကိုယ်အလေးချိန်ထိန်းသိမ်းမှုတွေ ပြုလုပ်လာကြတဲ့ ယနေ့အချိန်မှာ အသီးအရွက်စားခြင်းဟာ ကောင်းကျိုးများစွာရှိတဲ့အပြင် အလွန်အကျွံစားမိရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာလည်း သိထားသင့်ပါတယ်။ အသီးအရွက် လိုတာထက်ပိုစားမိရင် အာဟာရမမျှတလို့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ၊ နှလုံးပြဿနာ၊ အာရုံကြောရောဂါတွေကို ခံစားလာရနိုင်ပါတယ်။

ဘယ်အရာမဆို လိုအပ်တာထက် ပိုလာတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေရှိတတ်တာ သဘာဝပါပဲ။ အသီးအရွက် စားသုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများတဲ့ ဆိုပေမယ့် ဆိုးကျိုးဖြစ်စေတဲ့ အချက်လေးတွေ ရှိတယ်ဆိုတာလည်း သိထားသင့်ပါတယ်နော်။ ဒါကြောင့် အသီးအရွက်ပဲဖြစ်ဖြစ်၊ အသားပဲဖြစ်ဖြစ် သင့်တော်မျှတစွာ စားသုံးမှသာ ကျန်းမာတဲ့ လူနေမှုဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။


Share

Comments

Related Posts