သားသားမီးမီးတို့ ယုံကြည်မှုတိုးတက်စေဖို့ရာ

Posted in မိဘအုပ်ထိန်းခြင်း


မိဘဆိုတာက ကလေးငယ်တို့ရဲ့ ဘဝကို အလှပဆုံးပုံဖော်တဲ့နေရာမှာ အဓိက ပဲ့ကိုင်ရှင်တွေပါ။  မိဘတွေဟာ ကလေးငယ်တို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမကပဲ သူတို့လေးတွေ ဘဝမှာ အကောင်းဆုံးကြီးပြင်းလာနိုင်ဖို့  လမ်းညွှန်ပေး၊ ဦးဆောင်ပေး၊ အားပေးနိုင်တဲ့ စံပြလူသားဖြစ်နိုင်တဲ့စွမ်းရည် မိဘတွေဆီမှာရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘယ်လိုမျိုး သားသမီးတွေကို သွန်သင်ဆုံးမရမလဲဆိုတာနဲ့ သူတို့လေးတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်အောင် ဘယ်လိုမျိုးနေရမလဲဆိုတဲ့အကြောင်းတွေကို ပြောပြပေးသွားပါမယ်နော်။

ကိုယ်ကိုယ်တိုင် စံပြဥပမာကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ

ကလေးငယ်တွေဆိုတာ သူတို့မြင်သမျှ ကြားသမျှကို အကုန်မှတ်ထားတတ်တဲ့ ရေမြှုပ်တုံးလေးတွေလိုပါပဲ။ စံပြပုဂ္ဂိုလ် ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ်က အရင်ဆုံး သူတို့ရဲ့ သာဓကကောင်းဖြစ်နေရပါမယ်။ ကိုယ့်ကလေးတွေကို သွတ်သွင်းပေးချင်တဲ့ အကြင်နာတရား၊ လေးစားသမှု၊ ရိုးသားမှု ဒါမှမဟုတ် ဇွဲလုံ့လ စတဲ့ အပြုအမူတွေနဲ့ စိတ်နေစိတ်ထားတွေကို ကိုယ့်ဆီမှာရှိအောင် အရင်ဆုံးလုပ်ပါ။ အခက်အခဲတွေကို ဘယ်လိုမျိုး ကြော့ကြော့မော့မော့လေး ကိုင်တွယ်ရမလဲ၊ လူတွေနဲ့ ဘယ်လိုမျိုး ပေါင်းသင်းဆက်ဆံမလဲ နဲ့ တစ်ပါးသူအပေါ်မှာ စာနာစိတ်ဘယ်လိုထားရမလဲဆိုတာကို သူတို့လေးတွေကို သင်ပြပေးပါ။ ဖေဖေမေမေတို့ရဲ့အပြုအမူတိုင်းက စကားလုံးတွေထက် ပိုထိရောက်တယ်ဆိုတာ သတိရပေးပါ။ ဒါကြောင့် သားသမီးတွေကို ဖြစ်စေချင်တဲ့ပုံစံအတိုင်း ကိုယ်ကဖြစ်နေအောင် ကြိုးပမ်းကြည့်ပါ။

မိဘနဲ့ သားသမီးကြား ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုထားရှိပါ

ဖေဖေမေမေတို့နဲ့ သားသမီးတို့ကြား ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုရှိနေဖို့ဆိုရင် အမြဲတမ်း ပြောဆိုဆက်ဆံနေဖို့က အရေးကြီးပါတယ်။ အဆူခံရမှာကို ကြောက်မနေဘဲ သူတို့စိတ်ထဲမှာ ခံစားနေရတာတွေကို လွတ်လွတ်လပ်လပ်ပြောဆိုလို့ရတဲ့ ပွင့်လင်းပြီး စိတ်ချရတဲ့ ဆက်ဆံရေးတစ်ခုဖြစ်နေပါစေ။ သူတို့လေးတွေ ပြောတာကို သေချာနားထောင်ပေးပြီး သူတို့ရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေကို စိတ်ဝင်စားပေးပြီး သူတို့ခံစားနေရတာတွေကို ဖေဖေမေမေတို့ကို ပိုပြောပြလာအောင် တိုက်တွန်းကြည့်ပါ။ အခုလိုမျိုး ပွင့်လင်းတဲ့ဆက်ဆံရေးတစ်ခုရှိပြီဆိုရင် ယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှုတို့ဆိုတာ နှစ်ဦးနှစ်ဖက်စလုံးမှာရှိနေပါပြီ။

လိုက်နာရမယ့် စည်းကမ်းတွေနဲ့ တာဝန်တွေကို သတ်မှတ်ထားပေးပါ

ကလေးတွေက သူတို့လိုက်နာရမယ့်စည်းကမ်းတွေနဲ့ တာဝန်တွေရှိလာတဲ့အခါ သူတို့လေးတွေကို ပိုပြီး ဖြစ်ထွန်းစေပါတယ်။ သူတို့ရဲ့အသက်အရွယ်နဲ့ကိုက်ညီပြီး ဖေဖေမေမေတို့ရဲ့မိသားစုပုံစံနဲ့အဆင်ပြေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားပေးပါ။ ဘာလို့ ဒီစည်းကမ်းတွေကို ချမှတ်ထားရလဲဆိုတဲ့အကြောင်းကို သေသေချာချာ သူတို့လေးတွေကို ရှင်းပြပေးဖို့လိုအပ်ပါတယ်။ စည်းကမ်းတင်းကျပ်တာက ချုပ်ချယ်တယ်လို့ထင်ရပေမယ့် တရားမျှတပါတယ်။ စည်းကမ်းချမှတ်ထားတာမျိုးက သူတို့လေးတွေကို စည်းကမ်းရှိစေပြီး သူများတွေကို လေးစားတတ်ကာ တာဝန်ယူတတ်တဲ့စိတ်ရှိလာစေပါတယ်။ 

တိုးတက်ချင်တဲ့စိတ်ကို မွေးမြူပေးပါ

သူတို့လေးတွေကို ပညာရေးနဲ့ ကြီးထွားမှုတို့နဲ့ပတ်သက်ပြီး ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်ပေးပြီး သူတို့တွေလေးတွေရဲ့စိတ်ထဲမှာ တိုးတက်ချင်တဲ့စိတ်ကို မွေးမြူပေးပါ။ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့၊ ရှုံးနိမ့်မှုတွေ ကြုံလာတဲ့အခါ ပိုကောင်းဖို့အတွက် အခွင့်အရေးဖြစ်လာတာဆိုတဲ့ စိတ်ထားတတ်ဖို့နဲ့ အတားအဆီးအခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဇွဲလုံ့လရှိဖို့ သူတို့လေးတွေကို သင်ပြပေးပါ။ သူတို့ရဲ့စာမေးပွဲရလဒ်တွေကိုပဲ မကြည့်ဘဲနဲ့ သူတို့ရဲ့ကြိုးစားမှု၊ ဇွဲလုံ့လနဲ့တိုးတက်မှုတွေကို ချီးကျူးပေးသင့်ပါတယ်။ ဒီလိုမျိုးတွေလုပ်ပေးခြင်းအားဖြင့် သူတို့လေးတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ၊ အလိုက်သင့်နေတတ်တာမျိုးတွေနဲ့ တစ်ခုခုကို သင်ယူဖို့အတွက် အမြဲကြိုက်နှစ်သက်တာမျိုးတွေဖြစ်စေဖို့ အထောက်အကူပေးမှာပါ။

မိသားစုအတူရှိချိန်လေးကို တန်ဖိုးထားပေးပါ

မိသားစုနဲ့ အချိန်အတူကုန်ဆုံးရတာက တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဉ်တွေပိုမိုခိုင်မာလာပြီး မေ့မရနိုင်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ပါတယ်။ အတူတူအချိန်ကုန်ဆုံးလို့ရမယ့် ဂိမ်းလေးတွေ ဒါမှမဟုတ် ကိစ္စရပ်တွေကို အဓိကထားပေးပါ။ ထမင်းအတူစားတာဖြစ်ဖြစ်၊ ဂိမ်းတူတူဆော့တာဖြစ်ဖြစ် ဒါမှမဟုတ် မိသားစုနဲ့ အပြင်ထွက်လည်တာဖြစ်ဖြစ် စတာတွေက မိသားစုဆိုတဲ့ နွေးထွေးမှုနဲ့ မေတ္တာတွေကို ခံစားရစေနိုင်ပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင် သားသမီးတွေကို သွန်သင်ဆုံးမတယ်ဆိုတာ ဖေဖေမေမေတို့ရဲ့အပြုအမူ၊ စကားလုံးနဲ့ လှုပ်ရှားမှုတိုင်းက အရေးပါပါတယ်။ သူတို့လေးတွေအတွက် စံပြလူသားတစ်ယောက်ဖြစ်ခြင်းက သူတို့ကို အကောင်းဆုံးတွေပြုမူအောင် လှုံ့ဆော်ပေးပြီး ကမ္ဘာကြီးကိုလည်း ကောင်းတဲ့အရာတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးလေးတွေ သားသမီးတွေကို သွန်သင်ဆုံးမကြည့်ပါနော်…


Share

Comments

San Dra

အပြုအမူတိုင်းကစကားလုံးတွေထက်ပိုထိရောက်တယ်ဆိုတာအမှန်ပါ။လက်ဦးဆရာမိနှင့်ဖဆိုတဲ့အတိုင်းအပြုအမူ၊အပြောအဆို၊အနေအထိုင်၊အမူအကျင့်တွေကိုမိဘဆီကသင်ယူကြတယ်။ဒါကြောင့်သူတို့အတွက်အတုယူစံထားရမယ့်သူဖြစ်အောင်နေထိုင်ပြီးအကောင်းအဆိုး၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့လူကောင်းတယောက်ဖြစ်ဖို့သွန်သင်ဆုံးမပါမယ်။

Related Posts