ကိုယ့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် စိတ်ရောကိုယ်ပါ ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်မလဲ?

Posted in အိမ်မွေးတိရစ္ဆာန်


ချစ်စရာ အမွှေးလုံး သူငယ်ချင်းသေးသေးလေးတွေက ချစ်ခြင်းမေတ္တာတွေနဲ့ စိတ်ဓာတ်ခွန်အားတွေ ဘယ်လောက်တောင် ခြွင်းချက်မရှိ ပေးနိုင်လဲဆိုတာ မွေးဖူးသူတိုင်း သိမှာပါနော်။ အဲ့ဒါအပြင်ကိုမှ အိမ်မွေးတိရိစ္ဆာန်လေးတွေက သူတို့သခင်တွေရဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေပေါ်မှာ ကောင်းကျိုးတွေအများကြီးဖြစ်ပေါ်စေတယ်ဆိုတာရော သိရဲ့လား။ မသိသေးရင်တော့ အမွှေးလုံးသူငယ်ချင်းလေးတွေရှိရခြင်းရဲ့ ကောင်းကျိုးလေးတွေကို တစ်ချက်ဖတ်ကြည့်လိုက်ရအောင်။

ကျန်းမာရေးပိုင်းမှာပိုပြီးကြံခိုင်လာတယ် 

သူတို့လေးတွေက ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းနေစေဖို့အတွက် အဖက်ဖက်ကနေ ကောင်းကျိုးတွေပေးနေတာနော်။ လမ်းလျှောက်တာ၊ ဘောလုံးပစ်ပေးတာမျိုးလို ခွေးလေးတွေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက သွေးပေါင်ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။ သူတို့လေးတွေကို ပွတ်သပ်ပေးတာလိုမျိုး ရိုးရှင်းတဲ့အပြုအမူလေးတစ်ခုကတောင်မှ နှလုံးခုန်နှုန်းကို လျော့ကျစေပြီး cortisol လို စိတ်ဖိစီးမှုဟော်မုန်း level ကိုလျော့ကျစေပါတယ်။

ပေါင်းသင်းဆက်ဆံရေးတိုးတက်လာစေတယ်

အိမ်မွေးတိရိစ္ဆာန်လေးတွေက ပေါင်းသင်းဆက်ဆံရေးကိုလည်း အထောက်အကူဖြစ်စေပြီး အထီးကျန်မှုကိုလည်း လျော့ကျစေပါတယ်။ ဥပမာပြောရရင် ခွေးကျောင်းရင်း တခြားခွေးပိုင်ရှင်တွေနဲ့ စကားလက်ဆုံကျတာလိုမျိုးဖြစ်ရပ်တွေကတစ်ဆင့် ကိုယ်နဲ့ဝါသနာတူ မိတ်ဆွေတွေကို ချိတ်ဆက်ပေးပြီး ပေါင်းသင်းဆက်ဆံရေးတွေကို လွယ်ကူချောမွေ့စေမှာပါ။ အဲ့ဒါကြောင့် သူတို့လေးတွေရဲ့ဖြစ်တည်မှုကိုယ်တိုင်ကိုက သူငယ်ချင်းဆက်ဆံရေးကို ကောင်းမွန်စေပြီး ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေတယ်လို့ ပြောရခြင်းပဲဖြစ်ပါတယ်။ သူတို့လေးတွေနဲ့ ထိတွေ့ပေးတာမျိူးတွေ ဥပမာ - ပွေ့ဖက်ပေးတာလိုမျိုးကလည်း အချစ်ဟော်မုန်း - oxytocin ကို ရစေနိုင်ပြီး တစ်ကိုယ်တည်း အထီးကျန်နေတတ်တဲ့သူတွေကို စိတ်လုံခြုံမှုပေးစေနိုင်မှာပဲဖြစ်ပါတယ်။

ပျော်ရွှင်စေတဲ့ အတွေးတွေပိုတွေးဖြစ်တယ်

သူတို့လေးတွေက စိတ်ခံစားချက်ကောင်းမွန်ဖို့၊ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကို လျော့ကျစေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ သူတို့လေးတွေနဲ့ အချိန်ကုန်ဆုံးတာက ပျော်ရွှင်မှုဟော်မုန်းတွေဖြစ်တဲ့ serotonin နဲ့ oxytocin တွေကို ပိုမိုထုတ်လွှတ်ပေးစေနိုင်ပြီး စိတ်ခံစားချက်ကိုတည်ငြိမ်စေကာ အလုံးစုံကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။  သူတို့လေးတွေရဲ့ ပိုင်ရှင်ဖြစ်နေတဲ့အတွက် ကိုယ်က သူတို့အတွက် တာဝန်ရှိတယ်လို့ခံစားရတာကြောင့် တစ်နေ့တာနိုးထလာဖို့က် စိတ်ဓာတ်ကျတာနဲ့ အထီးကျန်တဲ့ စိတ်ကျန်းမာရေးခံစားချက်တို့ကို သက်သာကောင်းမွန်စေပါတယ်။

ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အရည်အသွေးတွေကိုလည်းတိုးတက်စေတယ်

သူတို့လေးတွေနဲ့ ကလေးတွေ အတူတူဆော့ကစားပေးခြင်းက  ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာတွေကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ သူတို့လေးတွေကို ဂရုစိုက်ပေးခြင်းကနေ ကလေးတွေအနေနဲ့ စာနာနားလည်မှုတွေကို သင်ယူနိုင်ပြီး သူတို့လိုအပ်ချက်တွေနဲ့ ခံစားချက်တွေကို စတင်နားလည်လာစေပါတယ်။ သူတို့လေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးတာကနေလည်း အလေးထားမှု၊ တာဝန်ယူမှုနဲ့ စိတ်ရှည်သည်းခံမှု စတဲ့ စရိုက်လက္ခဏာတွေကို တဖြည်းဖြည်း ကျင့်သားရလာနိုင်ပါတယ်။ ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ သူတို့လေးတွေက သက်သောင့်သက်သာဖြစ်စေပြီး လုံခြံမှုနဲ့ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့တွေ ပေးတဲ့အတွက် အဓိကအားဖြင့် စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေ ရင်ဆိုင်နေရတဲ့ ကလေးတွေအတွက် အကျိုးရှိစေပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ အိမ်မွေးတိရိစ္ဆာန်လေးတွေရှိတာ ကိုယ်ရောစိတ်ပါ ကျန်းမာနေစေဖို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရစေတာနော်။ ဒါပေမယ့် သူတို့လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ တာဝန်ယူမှုတွေ၊ သင့်တော်မယ့် ဂရုစိုက်မှုတွေနဲ့ အာရုံစူးစိုက်မှုတွေ လိုအပ်တယ်ဆိုတာကိုတော့ မှတ်မိနေဖို့က အရေးကြီးပါတယ်။


Share

Comments

Khaing Zar Chi Lin

အချစ်တော်‌‌baby animals လေးတွေရှိတာဟာ stress တွေပျောက်တဲ့အပြင် ကိုယ့်ဘက်မာဘယ်သူ့မှမရှိတဲ့အခါ အနားကပ်ပီးနှစ်သိမ့်ပေးတတ်တဲ့ဘေဘီလေးတွေကြောင့် ပျော်ရွှင်ကြည်နူးရပီး Good life ပါပဲ🧡✨

Anonymous

အိမ်မွေးတိရစ္စာန်လေးတွေက စကားမပြောတတ်တဲ့ သူငယ်ချင်းကောင်းလေးတွေပါ သူတို့လေးတွေရှိတာက ကိုယ်ရောစိတ်ပါကျန်းမာစေဖို့အတွက်လဲအကျိုးကျေးဇူးရတယ်ဆိုတာ တကယ်မှန်ပါတယ်

Sai Song Mott

တိ လေးတွေဆိုပေမဲ့ ကိုယ့်အတွက်သားသမီးတွေလိုပါပဲ ကိုယ့်ရဲ့အနားအမြဲအတူရှိနေပြီး အမှတ်တရကောင်းတွေပိုင်ဆိုင်ခွင့်ရတာစိတ်ညစ်တာတွေပျောက်ပြီး ပျော်ရွှင်မှုပါခံစားရစေလို့ကိုယ့်ရဲ့အသက်ရှည်ဆေးလေးတွေပါသူတို့လေးတွေနဲ့အတူရှိနေရတဲ့အချိန်တွေကတော့ကိုယ့်ရဲ့ The Good Lifeပါပဲ😍🐩🐕🐈

Related Posts