မြန်မာအမျိုးသမီးစာရေးဆရာလောကရဲ့ ရှေ့ဆောင်လမ်းပြ ဂျာနယ်ကျော်မမလေး

Posted in လူမှုဘဝ


ဂျာနယ်ကျော်မမလေးကို မြန်မာ့စာပေသမိုင်းမှာ အထင်ရှားဆုံးအမျိုးသမီးစာရေးဆရာမတွေထဲက တစ်ယောက်အဖြစ် မြတ်နိုးတန်ဖိုးထားကြပါတယ်။ စာပေချစ်သူတွေကလည်း သူ့စာအုပ်တွေကို အခုအချိန်ထိ စွဲစွဲမြဲမြဲ ဖတ်နေကြတုန်းပါပဲ။ ဒါပေမယ့် တော်တော်များများ မသိလောက်ကြတဲ့အချက်ကတော့ ဂျာနယ်ကျော်မမလေးက အမျိုးသမီးတွေ လုပ်ပိုင်ခွင့်တန်းတူရရှိနိုင်အောင် အားပေးထောက်ခံခဲ့တဲ့ ရဲရဲတောက်  အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

သူမရဲ့ ကိုယ်ပိုင်ဘဝ

ဂျာနယ်ကျော်မမလေးကို ၁၉၁၇ ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းက မတင်တင်လှိုင်ဖြစ်ပါတယ်။ နဝမတန်းအထိ အထက (၂) ဒဂုံမှာ ပညာသင်ယူခဲ့ပြီး ဘိုကလေးမြို့” တို့ဗမာအစည်းအရုံး” ရဲ့ အမျိုးသမီး အတွင်းရေးမှူးအနေနဲ့ တာဝန်ယူခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာ  မြန်မာ့အလင်းသတင်းစာမှာ ဝေဖန်ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ရာကနေစပြီး နောင်အခါ သူ့ခင်ပွန်းဖြစ်လာမယ့် အယ်ဒီတာချုပ် ဂျာနယ်ကျော် ဦးချစ်မောင်နဲ့တွေ့ခဲ့၊  အကြောင်းပါခဲ့ကြပါတယ်။ သူတို့နှစ်ယောက်မှာ သားသမီးသုံးယောက်  ထွန်းကားခဲ့ပြီး ၁၉၃၉ ခုနှစ်မှာ ဂျာနယ်ကျော် ဂျာနယ်တိုက်ကိုလည်း အတူတူ ထူထောင်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဦးချစ်မောင် ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဂျာနယ်ကျော်မမလေးက ကျောင်းသားအရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဦးအောင်ဇေယျနဲ့ ၁၉၅၉ မှာ လက်ထပ်ခဲ့ပါတယ်။ 

ဒေါ်မမလေးကိုယ်စားစာပေဆုကို သမီးဒေါက်တာခင်လေးမြင့် လက်ခံစဉ်
(ဓာတ်ပုံ- B.B.C News မြန်မာ)

သူမရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေ

ဂျာနယ်ကျော်မမလေးကို သူ့ခေတ်သူ့အခါက အတော်ဆုံးစာရေးဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီးတော့  ခေတ်ပြိုင်စာရေးဆရာတွေကပါ ဩချရလောက်အောင် လက်ရာမြောက်ခဲ့တဲ့ စာပေများစွာကို ရေးသားခဲ့ပါတယ်။ 

(၁) သူလိုလူ -  ဒီစာအုပ်ဟာ  ဂျာနယ်ကျော်မမလေးရဲ့ဘဝမှာ ရှစ်နှစ်တာကာလအတူတူ လက်တွဲဖြတ်သန်းခဲ့တဲ့  ခင်ပွန်းဖြစ်သူ ဂျာနယ်ကျော်ဦးချစ်မောင် အကြောင်းကို ဖွဲ့ဆိုရေးသားထားတဲ့စာပေလက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဟာ  ၁၉၃၀ ပြည့်လွန် နှစ်များနှောင်းပိုင်းကာလများ ဖြစ်တဲ့ ဗြိတိန်လက်အောက်ခံမှ လွတ်မြောက်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးအတွက်ကြိုးပမ်းနေဆဲကာလအပိုင်းအခြား နဲ့ ၁၉၄၀ ပြည့်လွန်နှစ် နှောင်းပိုင်း ဂျပန်တွေ ပြန်လည်ကြီးစိုးတဲ့ ခေတ်ကာလ အကြောင်းကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးအတွက်အကောင်းဆုံးလမ်းပြကူညီခဲသူတစ်ဉီးဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ ဂျာနယ်ကျော်မမလေးရဲ့ သူ့ခင်ပွန်းအပေါ်  သိမ်မွေ့တဲ့ ချစ်မြတ်နိုးမှု၊ နက်နဲတဲ့ လေးစားမှုတွေကို အထင်းသား တွေ့မြင်နိုင်ပါတယ်။ စာဖတ်ပရိတ်သတ် တွေ ကြားမှာ လူကြိုက်များရေပန်းစားနေဆဲ စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် အကြိမ်ကြိမ်အခါခါ ပြန်လည်ထုတ်ဝေခဲ့ရတဲ့စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ 

(၂) မုန်း၍မဟူ - အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၄၀ ပြည့်လွန်နှစ် နှောင်းပိုင်းမှာ ဗမာအမျိုးသားရေးဝါဒီလှုပ်ရှားသူများက ဂျပန်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်တွေကို မောင်းထုတ်ကာ တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းလှုပ်ရှားခဲ့တဲ့အကြောင်း ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီဝတ္ထုမှာ အဓိကဇာတ်ဆောင် ဝေဝေက သူမအိမ်ဘေးက နိုင်ငံခြားသားကို အထင်ကြီးမိရာက ၎င်းနိုင်ငံခြားကုန်သည်နဲ့ တွေ့ဆုံချစ်ကြိုက်မိကာ နောက်ဆုံးမှာ ဘဝနှစ်ခုရဲ့ သားကောင်ဖြစ်လာတဲ့အကြောင်း ဖော်ညွှန်းရေးသားထားပါတယ်။ ဇာတ်ဆောင် ဝေဝေရဲ့ သူမကိုယ်သူမ ဗမာစစ်စစ်လား ကိုလိုနီဗမာလားဆိုတာ မသဲကွဲတော့တဲ့အထိ ခံစားမှုပဋိပက္ခတွေကိုလည်း ဒီဇာတ်လမ်းမှာ ဖတ်ရှုခံစားမိနိုင်မှာပဲဖြစ်ပါတယ်။ 

(၃) သွေး - ၁၉၆၀ ပြည့်နှစ်အလွန်ကာလကို နောက်ခံထားပြီး ဝေးကွာခဲ့ရတဲ့ မောင်နှစ်မနှစ်ဦးရဲ့ ရင်ကိုလှုပ်ခတ်‌စေတဲ့ အကြောင်းကို  ဇာတ်လမ်းတည်ပြီး ရေးသားထားတာဖြစ်ပါတယ်။  ဇာတ်လမ်းလေးမှာ ဂျပန်အမျိုးသမီးလေး ယုမိစံက သူမရဲ့ ဖအေတူမအေကွဲ မောင်လေးကို တွေ့ဆုံဖို့ ဗမာပြည်ကို လာ‌ရောက်လည်ပတ်ခြင်းနဲ့ အစပြုထားတာပဲဖြစ်ပါတယ် ။ သူမအဖေက တစ်ချိန်က ဗမာပြည်မှာ တပ်စွဲခဲ့တဲ့ ဂျပန်စစ်သားဟောင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်တုန်းက ဗမာအမျိုးသမီးနဲ့ လက်ထပ်ခဲ့ကာ သားလေးတစ်ယောက်ရှိခဲ့တယ်။ ဂျပန်တပ်တွေ ဗမာပြည်က ဆုတ်ခွာတော့ သူ့အဖေက သူ့ဇနီးနဲ့ ဆယ်လသားအရွယ်ကလေးကို ထားရစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းထဲမှာ အခက်အခဲတွေကြားကနေ ယုမိစံက သူမရဲ့ မောင်လေးဖြစ်သူ မောင်မောင်ကို နောက်ဆုံးမှာ ရှာတွေ့ခဲ့သော်လည်း သူ့မောင်လေးက သူ့အဖေကို သူနဲ့ သူ့အမေကို စွန့်ပစ်ခဲ့လို့ မုန်းတီးနေကြောင်း၊ သူ့အဖေက ဂျပန်လူမျိုးဖြစ်လို့ ပတ်ဝန်းကျင်မှာ ထုတ်ပြောရမှာ ရှက်ရွံ့နေကြောင်း သိလိုက်ရတဲ့ စိတ်ခံစားမှုတွေကို သရုပ်ဖော်‌ရေးသားထားပါတယ်။

ဂျာနယ်ကျော်မမလေးက အခြားစာအုပ်ပေါင်း နှစ်ဆယ်ကျော် ထုတ်ဝေခဲ့ပြီး လစဥ်မဂ္ဂဇင်းများအတွက် ဆောင်းပါးများနဲ့ ဝတ္ထုတိုများ ရေးသားခဲ့ပါတယ်။ “မုန်း၍မဟူ” ဝတ္ထုနဲ့ “တွေးတစိမ့်စိမ့်” ဝတ္ထုတွေနဲ့ စာပေဆိုင်ရာ ထူးချွန်ဆုနှစ်ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ သူမရဲ့ အခြားကလောင်နာမည်တွေကတော့ ရဝေလှိုင်၊ လှတခိုင်နဲ့ ဘိုကလေးမတင်လှိုင်တို့ ဖြစ်ပါတယ်။ 

သူမရဲ့ အမျိုးသားဖြစ်သူ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဘဝအကြောင်းနဲ့ သူတို့ဇနီးမောင်နှံရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို လှပသေသပ်စွာနဲ့ ရေးသားထားတဲ့ “သူလိုလူ” ဆိုတဲ့ စာအုပ်အပါအဝင် အခြားလက်ရာတွေအားလုံးက ခေတ်ပြိုင်စာရေးဆရာတွေကပါ ဩချရလောက်အောင် လက်ရာမြောက်ခဲ့ပါတယ်။  ဒီစာအုပ်လေးက အရမ်းနာမည်ကြီးသွားခဲ့တဲ့အတွက် အကြိမ်ကြိမ်အခါခါ ပြန်လည်ထုတ်ဝေခဲ့ရပါသေးတယ်။ 

ဒေါ်မမလေးနေခဲ့တဲ့ ဒေါ်ဆင်ဘဏ်(ဘိုကလေးမြို့)
(ဓာတ်ပုံ- B.B.C News မြန်မာ)
သူမရဲ့ လွှမ်းမိုးနိုင်မှုတွေ

ဂျာနယ်ကျော်မမလေးက ထူးချွန်ထက်မြတ်တဲ့ စာရေးဆရာတစ်ယောက်ပဲ မဟုတ်ပါဘူး။ သူမက မြန်မာနိုင်ငံရဲ့ စာရေးဆရာအဖွဲ့အစည်းမှာလည်း အရေးပါတဲ့ နေရာတွေကနေ ပါဝင်တာဝန်ယူခဲ့ပါသေးတယ်။ ၁၉၄၇ ခုနှစ်မှာ အမျိုးသမီးစာရေးကလောင်ရှင်အသင်းရဲ့ ဒုတိယဥက္ကဌနဲ့ ကလောင်ရှင်မဂ္ဂဇင်းရဲ့ အယ်ဒီတာအနေနဲ့ တာဝန်ယူခဲ့ပါတယ်။ ဂျာနယ်ကျော် စာစောင်ကို ထုတ်ဝေနေတဲ့အချိန်မှာတင် သူကက ပြည်သူ့ဟစ်တိုင်ဂျာနယ်ကိုလည်း ၁၉၃၉ ခုနှစ်မှာ စတင်ဖြန့်ဝေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နိုင်ငံတွင်း တိုင်းရေးပြည်ရေးမငြိမ်သက်တဲ့အတွက် အဲ့ဒီပုံနှိပ်တိုက်တွေကို ပိတ်သိမ်းခဲ့ရပါတယ်။ 

ဂျာနယ်ကျော်မမလေးက မြန်မာနိုင်ငံ စာရေးဆရာ အသင်းရဲ့ ဥက္ကဌအဖြစ် ၁၉၄၈ ခုနှစ်မှာ ဂုဏ်သတင်းကြီးမားတဲ့ ရာထူးကို တာဝန်ယူခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး ၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပြီးတော့ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ်ရဲ့ အတွင်းရေးမှူးချုပ်လည်း ဖြစ်ခဲ့ပါသေးတယ်။ အမျိုးသမီးတွေ တန်းတူညီမျှမှု သိပ်မရှိခဲ့တဲ့ အချိန်အတွင်းမှာ ကလေးသုံးယောက်ကို တစ်ယောက်တည်း ထိန်းကျောင်းပျိုးထောင်ရင်း ဒီလိုအောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာ အရမ်းအားကျစရာကောင်းပါတယ်။ ဂျာနယ်ကျော်မမလေးက ၁၉၈၂ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ 

ဂျာနယ်ကျော်မမလေးက အမျိုးသမီးစာရေးဆရာတွေအတွက် အားထားစရာ စံပြတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ စာရေးတဲ့ ဝါသနာတွေ မိသားစုဘဝတွေ သားသမီးတွေကို လုံးဝ အထိအခိုက်မခံခဲ့ပဲ သူယုံကြည်ရာကို တက်တက်ကြွကြွနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ စာအုပ်တွေနဲ့ ဘဝဇာတ်ကြောင်းက လူငယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေကို ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ယုံကြည်မှုရှိရှိနဲ့ ကျော်လွှားပြီး မိမိအိမ်မက်ကို ကိုယ်တိုင်ရှာဖွေနိုင်အောင် စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ စာအုပ်တွေပါ။ 

ဂျာနယ်ကျော်မမလေးရဲ့ စာအုပ်တွေကို City Books & Music လိုမျိုး ဆိုင်တွေမှာ အခုအချိန်ထိ ဝယ်ယူလို့ရနေပါသေးတယ်။ အနီးစပ်ဆုံး စာအုပ်ဆိုင်ကိုသွားပြီး ဂျာနယ်ကျော်မမလေးရဲ့ masterpiece စာအုပ်တွေကို ဝယ်ယူဖတ်ကြည့်ကြပါဦး။ သူမရဲ့ စာအုပ်တွေက လက်ဆောင်အနေနဲ့ ပေးလို့ရတယ်နော်။


Share

Comments

Related Posts