ကြက်ဥကို ပုံစံမျိုးစုံ ချက်စားနိုင်ဖို့

Posted in အစားအစာ


ကြက်ဥတွေဆိုတာ ဘယ်တော့မှ မပျက်သုဉ်းသွားမယ့် အမေ့ရဲ့ လက်စွဲဟင်းပွဲ၊ ငယ်ဘဝ တစ်လျှောက် လုံး အမုန်းစားခဲ့ရပေမယ့် ထပ်ခါထပ်ခါပြန်ရွေးချယ်မိတဲ့ အချစ်ဦးလိုဟင်းပွဲလို့ ရည်ညွှန်းလိုက်ရင် ပို တယ် မထင်ပါနဲ့။ ကြက်ဥတွေဟာ အရသာရှိရုံသာမက ပရိုတင်းဓာတ်လည်း အလွန်ကြွယ်ဝတဲ့ စားစရာဖြစ်ပါတယ်။ ဗီတာမင်၊ ပရိုတင်းအပြည့်နဲ့ ကြက်ဥဟင်းတွေဟာ မနက်စာပဲစားမလား၊ နေ့လယ် စာလား၊ ညစာလား ..... ဘယ်အချိန်ပဲစားစား အာဟာရအပြည့်နဲ့ အလွယ်ကူဆုံး ပြင်ဆင် ချက်ပြုတ်နိုင် တဲ့ ဟင်းပွဲပါပဲ။ ကြက်ဥကို ပုံစံမျိုးစုံချက်စားနိုင်ဖို့ ပြုလုပ်ရတာ ရိုးရှင်းလွယ်ကူပေမယ့် အရသာအပြည့်ရှိတဲ့ ချက်နည်း(၅)မျိုးကို ဖော်ပြလိုက်ပါတယ်။ (၁) ဇာတ်လိုက်ကျော်ကြီး ကြက်ဥပြုတ်

ကြက်ဥဆိုရင် အပြုတ်မှဆိုတဲ့ ကြက်ဥပြုတ်ပရိတ်သတ်တွေလည်းရှိကြသေးတာမို့ သူ့ကိုလည်း ချန် ထားခဲ့လို့တော့ မရဘူးလေ။ ကြက်ဥတစ်လုံးကို ရေထဲထည့်ပြုတ်ဆိုတာထက် စနစ်ကျတဲ့ ကြက်ဥ ပြုတ်နည်း တွေရှိပါတယ်။ အကာပဲကျက်ပြီး အနှစ်ပျော်ပျော်လေးဖြစ်နေတဲ့ ကြက်ဥကာကျက်ကို လိုချင်ရင် (၃) မိနစ်ပြုတ်ပါ။ အနှစ်ကို နည်းနည်းပိုကျက်စေချင်ရင် (၅) မိနစ်ခန့်ပြုတ်ပါ။ (၈) မိနစ် လောက် ပြုတ်ရင်‌ တော့ အနှစ်ရော အကာပါ လုံးဝကျက်သွားပါပြီ။ ကြက်ဥပြုတ်ကို အိုးထဲက ဆယ်ပြီး ရေအေးနဲ့ ဆေးပေးတာ၊ ရေခဲရေ စိမ်ပေးတာမျိုးလုပ်နိုင်ပါတယ်။ ကြက်ဥခွာတဲ့အခါ အခွံကပ် မနေစေဖို့ ကြက်ဥပြုတ်အိုးထဲကို ဆား၊ ရှာလကာရှည်၊ ရှောက်ရည်၊ မုန့်ဖုတ်ဆိုဒါ စတာတွေထဲက ကြိုက်နှစ်သက်ရာ တစ်မျိုးမျိုးကို ထည့်ပြုတ်ပေးပါ။ ဒီလောက်ဆိုရင်တော့ ကြက်ဥကို အထှာကျကျ ပြုတ်နိုင်ပြီပေါ့။ 

(၂) ကြက်ဥမွှေကြော်နဲ့ ကြက်ဥခေါက်ကြော်

ကြက်ဥမွှေကြော်နဲ့ ကြက်ဥခေါက်ကြော်ကို ကွဲကွဲပြားပြား သိကြသလား ... 

ကြက်ဥကို ပန်းကန်တစ်လုံးထဲထည့်၊ ဆားနဲ့ အခြားဟင်းခတ်မှုန့်တွေထည့်ပြီး သမအောင်မွှေပါ။ အိုးထဲ မှာ ဆီအနည်းငယ်ထည့်၊အပူပေးပြီး မွှေထားတဲ့ကြက်ဥကို ထည့်ကြော်ပါ။ အနှစ်နဲ့အကာ ရောနေပြီဖြစ် တဲ့ ဒီကြက်ဥအချပ်လိုက်လေးကို ကြက်ဥမွှေကြော်လို့ ခေါ်ပါတယ်။ ကြက်ဥခေါက်ကြော်နဲ့ မွှေကြော်က အိုးထဲထည့်တဲ့ အဆင့်မှာ ကွာခြားသွားတာပါ။ ကြက်ဥမွှေကြော်ဖြစ်အောင် ကြက်ဥကို အိုးထဲထည့်ပြီး အပိုင်း အစသေးသေးလေးတွေဖြစ်သွားတဲ့အထိ ဆက်တိုက်မွှေပေးရပါမယ်။ ကြက်ဥမွှေကြော်ထဲကို ကြက်သွန်မြိတ်၊ ငရုတ်ကောင်း စတဲ့ ကိုယ်နှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်နိုင်ပါ တယ်။ကဲ ဒီတော့ ကြက်ဥခေါက်ကြော်ဖြစ်ဖြစ်၊ မွှေကြော်ပဲဖြစ်ဖြစ် အရသာရှိအောင် ကြော်လှော်နိုင်ပြီပေါ့။

(၃) ကြက်ဥပေါင်း 

ကြက်ဥကြီးမစားချင်ဘူးဆိုတဲ့ ကလေးတွေတောင် ကြက်ဥပေါင်းကို မငြင်းဆန်နိုင်ကြဘူးနော်... ပထမဆုံးကြက်ဥတွေကို ရေသေချာဆေး၊ အပေါက်သေးသေးလေးတွေဖောက်ပြီး အထဲက အရည် တွေကို ဆေးထိုးအပ်အသစ်နဲ့ စုပ်ထုပ်ပြီး ဇလုံတစ်လုံးထဲ ထည့်ထားပါ။ ဆားနဲ့ ငရုတ်ကောင်းထည့်ပြီး သမအောင် နာနာလေးခလောက်ထားပါ။ ပြီးရင် ဆေးထိုးအပ်နဲ့ပြန်စုပ်ပြီး ကြက်ဥခွံထဲ ပြန်ထည့်ပေးပါ။

အပြည့်ထည့်ရင် ပေါင်းတဲ့အခါ လျှံထွက်နေမှာဖြစ်လို့ အပြည့်ကြီးတော့ ပြန်မထည့်နဲ့နော်... ဒီကြက်ဥတွေကို ပေါင်းအိုးထဲ ထည့်ပေါင်းလိုက်ရင် စားချင်စဖွယ် ကြက်ဥပေါင်းလေး ရပြီပေါ့။

(၄) ကြက်ဥပဲငံပြာရည်စိမ်

ကြက်ဥငံလို့လည်းခေါ်ကြတဲ့ ကြက်ဥပဲငံပြာရည်စိမ်က လူကြိုက်များတဲ့ ကြက်ဥဟင်းလျာ တစ်မျိုး ပါ။ ပြုလုပ်ရတာလည်း အင်မတန်မှ လွယ်ကူပါတယ်။ ကြက်ဥငံလုပ်ဖို့ အရင်ဆုံး ကြက်ဥ‌တွေကို (၈) မိနစ်ပြုတ်ပါ။ ကြက်ဥငံပြုလုပ်ရာမှာ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ငံပြာရည် အကြည်ကို ရေဆတူရော ပါ။ ကြက်သွန်နီတစ်လုံး၊ ကြက်သွန်ဖြူတစ်လုံးကို ပါးပါးလှီးပြီး ထည့်ပါ။ အရသာအတွက် ဆား အနည်းငယ်၊ သကြား ထမင်းစားဇွန်းတစ်ဇွန်းထည့်ပါ။ ငရုတ်သီးစိမ်း မိမိစိတ်ကြိုက်ပမာဏနဲ့ နှမ်း အနည်းငယ်ထည့်ပါ။ နံနံပင်၊ ကြက်သွန်မြိတ် ကြိုက်ရင် ထည့်လို့ရပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ကြက်ဥပြုတ်တွေကို အခွံခွာ၊ အရသာဝင်လွယ်အောင် ဓားရာပေး၊ ဘူးတစ်ခု ထဲမှာထည့်ပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း အရသာသွင်းထားတဲ့ ပဲငံပြာရည်ကို ကြက်ဥပြုတ်မြုတ်အောင် လောင်းထည့်လိုက် ပါ။ ဘူးကို လေလုံအောင် အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲမှာ တစ်ညထည့် ထားလိုက်ရင် ကြက်ဥထဲကို အရသာတွေဝင်သွားပြီဖြစ်လို့ စားလို့ကောင်းနေပါပြီ။ ထမင်းပူပူလေးကို ကြက်ဥငံဝါဝါ လေးနဲ့ တွဲစားလိုက်မယ်ဆိုရင် ဇွန်းကို လက်ကမချနိုင်အောင် ဖြစ်သွားမှာနော်။

(၅) လက်ဖက်ကြက်ဥ

လက်ဖက်ကြက်ဥဆိုတာ သူ့နာမည်အတိုင်း လက်ဖက်ခြောက်နဲ့ ကြက်ဥကို အဓိကထားပြီး အရသာပိုရှိ စေဖို့ အခြားအမယ်တွေထပ်ပေါင်းထည့်ထားပြီး ပြုတ်ထားတာဖြစ်ပါတယ်။ လက်ဖက်ကြက်ဥလုပ်ဖို့ လက်ဖက်ခြောက်၊ ပဲငံပြာရည်၊ သကြားနဲ့ ဆား အနည်းငယ်စီ လိုအပ်ပါတယ်။ အနံ့မွှေးစေဖို့ သစ်ဂျပိုး ခေါက်နဲ့  နာနတ်ပွင့်အနည်းငယ်ကို ကြိုက်နှစ်သက်ရင် ထည့်လို့ရပါတယ်။

ပထမဦးဆုံး ကြက်ဥတွေကို ရေဆေးပြီး ၅ မိနစ်ခန့်ပြုတ်ပါ။ ပြုတ်ပြီးသွားတဲ့ ကြက်ဥတွေကို အခွံအက် သွားအောင် အခွံကိုဇွန်းနဲ့ခေါက်လိုက်ပါ။ အခွံတွေ ကွာမသွားစေဖို့ သတိထားပေးပါနော်။ လက်ဖက် ခြောက်နဲ့ ပါဝင်ပစ္စည်းတွေကို ရေထဲထည့်ပြီး ဆူအောင်တည်ထားပါ။ အခွံအက်ရာပေးထားတဲ့ ကြက်ဥ ပြုတ်တွေကို လက်ဖက်ခြောက်ရည်ထဲမှာ တစ်နာရီခွဲခန့် မီးအေးအေးနဲ့ ပြုတ်ထားပါ။ ပြီးရင်တော့ အညိုရောင်သန်းပြီး အရသာရှိတဲ့ လက်ဖက်ကြက်ဥကို စားသုံးနိုင်ပါပြီ။

ကြက်ဥတွေဆိုတာ ဟင်းအနေနဲ့သာမက မနက်စာအဖြစ် ပေါင်မုန့်နဲ့ပဲတွဲစားမလား?... ခရီးသွားရင် အစာပြေအဖြစ် ကြက်ဥပြုတ်တွေပဲ ယူသွားမလား?.... နေ့လယ်ခင်းသရေစာအဖြစ် ကြက်ဥလက်ဖက် ပဲလုပ်စားမလား?.... အချိန်တိုင်း အခြေနေတိုင်းအတွက် သင့်တော်ကောင်းမွန်တဲ့ စားစရာတစ်ခုပါ။ ကြက်ဥကို ဟင်းအမယ်အမျိုးမျိုးအပြင် ကြက်ဥပူတင်းတို့လို အချိုပွဲတွေ၊ အစာပြေစားစရာတွေ အစရှိ သဖြင့် အမျိုးစုံဖန်တီးလို့ရပါတယ်။ ဒါတွေအပြင် ကြက်ဥမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ဒီလိုကောင်းကျိုးများတဲ့ ကြက်ဥကို တစ်နေ့တစ်မျိုးမရိုးရလေအောင် ပုံစံမျိုးစုံချက်စားလို့ရပါပြီ။


Share

Comments

Related Posts