ဖွယ်ဖွယ်ရာရာ မြန်မာ့ရိုးရာပင်လယ်စာဟင်းလျာများ

Posted in အစားအစာ

အရသာထူးကဲတဲ့ ပင်လယ်စာတွေက လူမျိုးမရွေးအကြိုက်တွေ့ကြလေ့ရှိကြတဲ့ အစားအစာတစ်ခုပါပဲ။ လတ်ဆတ်တဲ့ ပင်လယ်စာတွေကို သုံးပြီးချက်ပြုတ်ထားတဲ့ ဟင်းလျာတွေထဲက လူကြိုက်များတဲ့  ဟင်းအမယ်ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဟင်းလျာတွေကို ဘယ်လိုချက်ထားလဲ ကြည့်လိုက်ကြရအောင်နော်။

ရခိုင်ရေဘဝဲသုပ်

ရေဘဝဲကို ရခိုင်သုပ်စပ်စပ်လေးသုပ်စားမယ်ဆိုရင် ပြုတ်ထားတဲ့ရေဘဝဲ၊ ရခိုင်ငါးပိထောင်း၊ ငရုတ်သီးစိမ်း၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီအစိမ်း၊ နံနံပင် ၊ သံပုရာသီး၊ မန်ကျည်းရည် စတာတွေ လိုအပိပါတယ်။ ဒီဟင်းလျာရဲ့ အသက် - မပါမဖြစ်လို့ ပြောရမယ့်  ရခိုင်ငါးပိထောင်းကို အရင်ဆုံးထောင်းရပါမယ်။  မီးဖုတ်ထားတဲ့ငါးပိ ၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းလှော်နည်းနည်းထည့်ပြီး ဆုံထဲမှာ ညက်အောင်ထောင်းပါ။ ငါးပိထောင်းရပြီဆိုရင် သုတ်မယ့်ဇလုံထဲမှာ လှီးထားတဲ့ ရေဘဝဲပြုတ်ရယ်၊ ငါးပိထောင်းနဲ့  ကျန်တဲ့ပါဝင်အမယ်တွေထည့်ပြီး သမအောင်ရောနယ်လိုက်ရင် ခံတွင်းလိုက်မယ့် ရခိုင်ရေဘဝဲသုပ်စပ်စပ်လေး ရပါပြီ။ အနေတော်ပြုတ်ထားထားတဲ့ ရေဘဝဲက တထုပ်ထုပ်နဲ့ ဝါးလို့ကောင်းတဲ့အပြင် ချဉ်စပ်အရသာလေးက စွဲမက်စရာပါပဲ။

ကိုတံငါဟင်း

လှပတဲ့ကမ်းခြေတွေအပြင် အရသာရှိတဲ့ ဟင်းလျာတွေကြောင့်ပါ နာမည်ကျော်တဲ့ ရခိုင်ဒေသက လူကြိုက်များတဲ့ နောက်ထပ် ပင်လယ်စာဟင်းတစ်မျိုးကတော့ ကိုတံငါဟင်းပါပဲ။ ကိုတံငါရဲ့ ပိုက်ထဲမိလာတဲ့ ဂဏန်းတွေ၊ ငါး၊ ပုစွန်၊ ဂုံး၊ ခရု စတဲ့ ပင်လယ်စာမျိုးစုံကို ပေါင်းစပ်ဖန်တီးထားတဲ့ ဟင်းတစ်ခွက်ပေါ့။  ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန်ချက်ပြီး ပူပူနွေးနွေးစားလိုက်ရင် အရသာရှိလှတဲ့ ဟင်းလေးကိုချက်ဖို့ ပင်လယ်စာတွေကိုသေချာသန့်စင်ဆေးကြောပါမယ်။ ပြီးရင်ရေဆူအောင်တည်ထားတဲ့ အိုးထဲကို ချင်း၊ ကြက်သွန်၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ နနွင်း ထည့်ပြီး ပင်လယ်စာ ထည့်လိုက်ပါ။ ကျက်ခါနီးမှာ မန်ကျည်းသီးစိမ်း၊ နံနံပင်၊ ရှမ်းနံနံထည့်၊ အရသာမြည်းပြီး မိသားစုတွေ အတူစားနိုင်ပါပြီ။ လတ်ဆတ်တဲ့ ပင်လယ်စာတွေရဲ့ အချိုဓာတ်နဲ့ ချဉ်စပ် မွှေးပျံ့တဲ့အရသာတွေက လန်းဆန်းစေတဲ့အပြင် ဆီမပါသလောက်ဖြစ်လို့  အဆီရှောင်ချင်တဲ့ မိသားစုတွေ အတွက် သင့်တော်တဲ့ ဟင်းလျာလေးပါပဲ။

ပြည်ကြီးငါးခရုဆီ အချိုချက်

ချဉ်စပ်စားဖို့ အဆင်မပြေဘူးဆိုသူတွေအတွက် ရွေးချယ်စရာ ဟင်းတစ်ခွက်ကတော့ ပြည်ကြီးငါး အချိုချက်လေးပါ။ ဒီဟင်းအတွက် ပြည်ကြီးငါး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ခရုဆီလိုအပ်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို အနံ့မွှေးလာအောင် ဆီသတ်ပြီး ပြည်ကြီးငါးထည့်ပါမယ်။ ငါးကျက်တဲ့ အနေအထားရောက်ရင် အသီးအရွက်နဲ့ ခရုဆီထည့်၊ အရသာလိုသလို ထည့်ပြီး စားလို့ရပါပြီ။ ပြည်ကြီးငါး၊ ခရုဆီ၊ အသီးအရွက်တွေရဲ့ အချိုအရသာတွေ ပေါင်းစပ်ထားတဲ့ ထမင်းမြိန်စေမယ့် ဟင်းချိုချိုလေးတစ်ခွက်ပါပဲ။

ငါးသံပုရာပေါင်း

အဆီကြောက်တဲ့ မိသားစုတွေအတွက် ချဉ်ပြုံးပြုံးအရသာနဲ့ လန်းဆန်းစေမယ့် နောက်ထပ်ဟင်းတစ်ခွက်ကတော့ ငါးသံပုရာပေါင်းလေးပါ။ ငါးအနေတော်တစ်ကောင်ကို ဆေးကြောသန့်စင်ပြီး ဆား၊ ခရုဆီ၊ ငံပြာရည်၊ ဂျင်း ထောင်းထားတာထည့်ပြီး နာရီဝက်‌လောက်ပေါင်းပါမယ်။ နောက်ထပ်အိုးတစ်လုံးထဲမှာငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ သံပုရာရည်ထည့်ပြီး ဆူပွက်ရုံတည်ပါမယ်။ ပြီးရင် ငါးပေါ်ကို ဆမ်းပြီး ငါးသံပုရာပေါင်းကို ထမင်းဖြူလေးနဲ့တွဲဖက်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပြီပေါ့။ နူးညံ့တဲ့ငါးပေါင်းလေးနဲ့ သံပုရာနံ့လေးသင်းနေတဲ့ ချဉ်စပ်ဆော့လေးရဲ့ လိုက်ဖက်ညီမှု တသားတည်းကျနေတဲ့ အရသာလေးက ဒီဟင်းပွဲလေးရဲ့စွဲဆောင်မှုလေးလို့ ဆိုနိုင်ပါတယ်။ 

ပုစွန်တန်ပူရာကြော်

အဆာပြေစာ အနေနဲ့ ဖြစ်ဖြစ်၊ ကလေးတွေ ကြိုက်မယ့် မီနူးလေး စဉ်းစားနေတယ်ဆိုရင် ပုစွန်တန်ပူရာကြော်က ရွေးချယ်မှုကောင်းလေးဖြစ်မှာပါ။ ပုစွန်၊ တန်ပူရာမှုန့်၊ ကြက်ဥ ၊ ငရုတ်ကောင်းမှုန့် တို့ကို သုံးပြီး မြန်မြန်လေးချက်ပြုတ်နိုင်ပါတယ်။ တန်ပူရာမှုန့်ထဲကို ကြက်ဥ၊ ငရုတ်ကောင်း၊ ဆား နည်းနည်းထည့်မွှေပြီး အကြော်နှစ်ကို အရင်စပ်ထားပါမယ်။ သန့်စင်ထားတဲ့ ပုစွန်ကို အကြော်နှစ်ကပ်ပြီး ဆီပူထဲမှာ ရွှေရောင်သမ်းလာတဲ့ထိကြော်ပါ။ ပုစွန်တန်ပူရာကြော်ပူပူနွေးနွေးလေးကို ခရမ်းချဉ်သီးဆော့စ်၊ မရောနိစ် တို့နဲ့ တွဲဖက်တည်ခင်းမယ်ဆိုရင် အလွန်လိုက်ဖက်တဲ့ အတွဲအဆက်လေးပါပဲ။ လတ်ဆတ်တဲ့ ပုစွန်ရဲ့ အချိုဓာတ်နဲ့ ကြက်ဥ၊ မရောနစ်တို့ အဆိမ့်အရသာတွေက လျှာပေါ်မှာ စိမ့်ဝင်ပျော်သွားစေတဲ့ အမှတ်တရလေးကျန်ရစ်ခဲ့စေမှာပါ။

အခုဆိုရင် မိသားစုတွေအတွက် အကောင်းဆုံးအရသာ၊ အာဟာရတွေ ဖန်တီးပေးချင်သူတွေအနေနဲ့ ဖော်ပြခဲ့တဲ့ဟင်းပွဲလေးတွေကို တစ်နေ့တမျိုး မြည်းစမ်းကြည့်နိုင်ပြီနော်။ ပင်လယ်စာတွေက အရသာရှိရုံသာမက ပရိုတင်းနဲ့ သတ္တုဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ ပါ၀င်ပစ္စည်းတွေကို အနီးအနားက‌ ဈေးနဲ့၊ စူပါမားကတ်တွေမှာ စုံစုံလင် ရရှိနိုင်ပြီး ကလေးတွေကို တပါတည်း ခေါ်သွားမယ်ဆိုရင် သူတို့အကြိုက် ပင်လယ်စာတွေ စိတ်တိုင်းကျရွေးချယ်နိုင်မှာဖြစ်ပါတယ်။


Share

Comments

Yamin

ကိုယ်ကseafoodကြိုက်တဲ့အစားတစ်လိုင်းလေးပါ။အခုလိုခံတွင်းမြိန်မယ့်ပင်လယ်စာဟင်းလေးတွေကိုideaပေးထားတာသိပ်ကိုကောင်းပါတယ်။ဒီဆောင်းပါးလေးကိုအရမ်းသဘောကျမိပါတယ်။ တခြားအစားအစာနဲ့ပတ်သတ်လို့ဆောင်းပါးအစုံကိုလည်းဖတ်ပါဦးမယ်ရှင့်။

Khin thit thit zaw

ကျွန်မလိုအစားတစ်လိုင်းတစ်လိုင်းအတွက်ပင်လယ်စာချက်နည်းတွေကြည့်ပြီးချက်စားပါဉီးမယ် ခံတွင်းမိန်စေမယ့်ရခိုင်စာလေး🤤 ချက်ရလွယ်ကူပြီးလျင်မြန်တဲ့ပင်လယ်စာချက်နည်းအတွက်ကျေးဇူးတင်ပါတယ်ရှင့်

Takuue May

ပင်လယ်စာတွေသိပ်ကြိုက်တဲ့သူတစ်ယောက်ပါ ဒီဆောင်းပါးလေးကိုဖတ်ပီး ပင်လယ်စာတွေကို ဘယ်လိုပုံစံအမျိုးမျိုးနဲ့ စားလို့ရလဲသိခွင့်ရတယ် ကိုယ်ပုကိုယ်စားနေကျပုံစံမဟုတ်တဲ့ အသစ်အဆန်းတွေ ကြိုးစားချက်လို့ရတယ် ပင်လယ်စာကြိုက်တဲ့လူတွေအတွက်အသုံးဝင်တဲ့ဆောင်ပါးတစ်ပုဒ်ပါပဲ

Related Posts