သားသမီးတွေအတွက် အပြုသဘောဆောင်တဲ့ သွန်သင်ဆုံးမနည်းတွေဆိုတာ

Posted in မိဘအုပ်ထိန်းခြင်း


မိဘအရာ ရောက်လာပြီး သားသမီးတွေ သွန်သင်ဆုံးမကြတဲ့အခါ နည်းမှန်လမ်းမှန်နဲ့ သူတို့လေးတွေအတွက် ကောင်းမွန်တဲ့ ဘဝလမ်းကြောင်းပေါ် တင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ မသိ၊ နားမလည်သေးတဲ့ ကလေးတစ်ယောက်ကနေ အရွယ်ရောက်လို့ လူလားမြောက်တဲ့အထိ အဘက်ဘက်က ပျော်ရွှင်အောင်မြင်တဲ့ ဘဝပိုင်ဆိုင်ရဖို့ သင်ကြားပေးဖို့ဆိုတာ မိဘတွေအတွက် လွယ်ကူတော့အရာတော့ မဟုတ်ပါဘူး။ ဒီလိုသင်ကြားကြတဲ့နေရာမှာ အပြစ်တင်၊ ဆူပူကြိမ်းမောင်းတာ၊ အတင်းအကြပ်ခိုင်းစေတာတွေထက် နားလည်အောင် ရှင်းပြ၊ ပြောပြ၊ စံနမူနာကောင်းတွေ ပြသခြင်းတွေဟာ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကောင်းတစ်ခုဖြစ်ပြီး မှန်ကန်တဲ့ ချဥ်းကပ်နည်းတစ်ခုလည်း ဖြစ်စေမှာပါ။ မိဘနဲ့ သားသမီးကြား လေးစားချစ်ခင်တာ၊ နားလည်မှုရှိတာ၊ ကောင်းမွန်ညက်ညောတဲ့ ပြောဆိုဆက်ဆံတာတွေက ကလေးတွေအတွက် ကိုယ်ကျင့်တရားနဲ့ စည်းကမ်းကောင်းမွန်စေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း သင်ကြားပေးနိုင်ပါတယ်။

သင့်တော်ကောင်းမွန်တဲ့ သွန်သင်ဆုံးမနည်း

မိဘနဲ့ သားသမီးကြား လေးစားချစ်ခင်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရဖို့ဆို သွန်သင်ဆုံးမမှုနည်းလမ်း မှန်ကန်နေဖို့လိုပါတယ်။ ကလေးတွေမှာလည်း သူတို့ကို သူတို့လေးစားချစ်ခင်ခံရတယ်၊ အားပေးကူညီခံရတယ်ဆိုတဲ့ မိဘတွေဆီက အချစ်နဲ့ ယုံကြည်မှု ရမှသာ တိုးတက်ချင်စိတ်၊ ကြိုးစားချင်စိတ် ပိုမိုဖြစ်ပေါ်စေတာမျိုးပါ။ ဘယ်အရာမှာမဆို မှားမှားမှန်မှန် မိမိလုပ်ဆောင်လိုက်တဲ့အရာကို တာဝန်ယူစိတ်အပြည့်နဲ့ ရှိစေပြီး၊ မိသားစုအတွင်း ဆုံးဖြတ်ချက်တစ်ခုခုချတဲ့အခါလည်း ပါဝင်စေကာ ကိုယ့်ကို ယုံကြည်မှုရှိအောင် သင်ကြားဆုံးမပေးနိုင်ပါတယ်။ ကိုယ့်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကိုယ်ကျင့်တရားကောင်းစေဖို့ သင်ကြားကြတဲ့အခါ 

  • မိဘနဲ့ သားသမီးကြား အချင်းချင်းလေးစားချစ်ခင်မှု၊ 
  • ယဥ်ကျေးချိုသာတဲ့ ပြောဆိုဆက်ဆံမှု၊ 
  • ယုံကြည်မှုရှိဖို့နဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအတွက် ချီးကျူးအားပေးမှု၊ 
  • အမှားတွေကနေ သင်ခန်းစာယူပြီး၊ အမှန်ပြုပြင်နိုင်ဖို့အတွက် လမ်းကြောင်းပေးမှုတွေက အခြေခံကျတဲ့ သင်ကြားသွန်သင်ခြင်းတွေပါ။

အကျိုးကျေးဇူးတွေ

မိဘတွေရဲ့ ကောင်းမွန်တဲ့ ပဲ့ကိုင်ထိန်းကျောင်းမှုအောက်မှာ ကြီးပြင်းလာတဲ့ သားသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်တင်မဟုတ်ဘဲ လူမှုရေးရာပေါင်းသင်းဆက်ဆံမှုတွေမှာပါ အကျိုးကျေးဇူးတွေများစွာ ရှိတာပါ။ အုပ်ထိန်းသင်ကြားပေးမှုတွေမှာ ဒါပဲသင်၊ ဒါပဲလုပ်ဆိုပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိစေဘဲ အတင်းအကျပ်ခိုင်းတာလုပ်ခဲ့ရတဲ့ ကလေးတွေထက်စာရင် ယုံကြည်မှုအပြည့်နဲ့ တာဝန်ယူမှု၊ တာဝန်ခံတတ်မှုရှိစေတဲ့ သွန်သင်ဆုံးမမှုရထားတဲ့ ကလေးတွေက ဘဝမှာအောင်မြင်မှုရလွယ်စေပြီး မိဘနဲ့သားသမီးကြား ဆက်နွယ်မှုကို အားကောင်းစေပါတယ်။ မိသားစုတွင်းမှာလည်း အပေးအယူကောင်းကောင်းနဲ့ ကိုယ်ချင်းစာစိတ်အပြည့်ရှိကာ အချင်းချင်းလေးစားချစ်ခင်မှုတိုးစေတာပါ။ လက်တွေ့ဘဝမှာ အခက်အခဲနဲ့ ပြဿနာတွေကြုံရတဲ့အခါမှာလည်း စိတ်ပျက်အားလျော့မသွားဘဲ လမ်းမှန်ရှာဖွေနိုင်စွမ်းရှိကာ ကိုယ့်ကို ယုံကြည်မှုရှိနေစေတဲ့ ဘဝအားသာချက်တွေကို ပိုင်ဆိုင်စေမှာလည်းဖြစ်ပါတယ်။ 

မှန်ကန်စွာ သင်ကြားနိုင်ဖို့

ကိုယ်ချင်းစာနိုင်စွမ်းတွေ၊ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှုတွေနဲ့ မိမိကိုယ်ကို နားလည်ထိန်းကျောင်းနိုင်မှုတွေ ရှိစေဖို့က ဒီသင်ကြားမှုရဲ့ အဓိကရည်ရွယ်ချက်တွေပါ။ အရင်ခေတ်တွေကတည်းက မိဘအများစုရဲ့ ထိန်းကျောင်းသင်ကြားမှုတွေမှာ စကားကြမ်းကြမ်းတွေပြောတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမ၊ အပြစ်ပေးတာတွေကို ခုခေတ်မှာ ထားခဲ့လိုက်သင့်ပြီး ကောင်းမွန်တဲ့ ကိုယ်အမူအရာနဲ့ နေထိုင်မှုတွေကိုသာ စိတ်ရှည်ရှည်နဲ့ ရှင်းပြပြောပြ၊ ချီးကျူးပြောဆိုပေးရင်း ရင်းနှီးမှုတည်ဆောက်သင့်ပါတယ်။ အမှားလုပ်မိတယ်ဆိုတာလည်း ဒီအမှားကနေ သင်ယူလေ့လာမှုနဲ့ တိုးတက်မှုတွေအတွက် လမ်းစဖြစ်တာမို့ မိဘတွေအနေနဲ့ မဆူမ‌ငေါက်ပဲ အကောင်းမြင်စိတ်နဲ့ နားဝင်အောင်ပြောဖို့လိုတာပါ။ 

ကောင်းမွန်မှန်ကန်တဲ့ သင်ကြားပြသနည်းဆိုတာ မိဘက သားသမီးတွေကို သူ့တန်ဖိုးနဲ့သူ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ပေးထားကာ လက်တွေ့ဘဝမှာ အထောက်အကူကောင်းပေးစေတဲ့ နည်းမှန်လမ်းမှန်ရယ်ပါ။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ဘဝကို ပျော်ရွှင်ကျေနပ်စွာ ကြီးပြင်းလာဖို့အတွက် နည်းလမ်းမှန်မှန်နဲ့သင်ကြားပျိုးထောင်နိုင်ဖို့ ဒီဆောင်းပါးလေးက အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်နော်။ 


Share

Comments

Related Posts