မှိုင်းပြနေတဲ့ စိတ်ကလေး လင်းကျင်းသွားစေဖို့ အမြန်ဆုံးနည်းလမ်း

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


ကျနေတဲ့ စိတ်ဓာတ်တွေကို နည်းအမျိုးမျိုးနဲ့ ပြန်လည်ဆွဲတင်ဖို့ ကြိုးစားကြမှာပေါ့နော်။ မှိုင်းပြနေတဲ့ စိတ် ကလေး လင်းကျင်းသွားစေဖို့ လမ်းအသွယ်သွယ်ရှိပေမယ့် ဘယ်လမ်းက အမြန်ဆုံးဖြစ်မလဲ ရှာဖွေကြည့်‌တော့ အဖြေထွက်လာပါတယ်။ ဟော ဒီမှာ “အားကစား” ပါတဲ့။ လမ်းလျှောက်ခြင်းလို အရိုးရှင်းဆုံး အားကစားက တောင် စိတ်အခြေအနေကို အမြန်ဆုံးကောင်းလာစေပါတယ်။ အကြောင်းရင်းနဲ့ အကျိုးကျေးဇူးတွေကို အတူတူ ဆက် ဖတ်ကြည့်ရအောင်လား။

လေ့ကျင့်ခန်းနဲ့ စိတ်အခြေအနေ 

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ စိတ်အခြေအနေကြားထဲမှာ သိပ္ပံနည်းကျ ဆက်စပ်မှုတွေ ရှိလို့ နေပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ အေရိုးဗစ်လုပ်တာ စတဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကမဆို ပြုလုပ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်က နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ခံစားမှုကောင်းစေတဲ့ အန်ဒိုဖင်ဟော်မုန်း (Endorphin Hormones) တွေကို ထုတ်လွှတ်ပေးနေပါတယ်။ ဒီဟော်မုန်းအပြင် အားကစားပြုလုပ်နေတဲ့အချိန် မှာ ဒိုဖာမင် (Dopamine) နဲ့ စီရိုတိုနင် (Serotonin) တို့လို စိတ်ပူပန်မှုတွေ ပြေလျော့စေပြီး စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကို ထိန်းညှိပေး တဲ့ ဟော်မုန်းတွေလည်း ထွက်ရှိပါသေးတယ်။ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းက ဟော်မုန်းတွေကိုပဲ ထွက်စေတာမဟုတ်ပါဘူး၊ ဦးနှောက်ဆီကို သွေးစီးဆင်းမှုပိုကောင်းစေလို့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ပိုထုတ်လွှတ်ပေးနိုင်ပြီး မှတ်ဉာဏ်တွေ၊ စွမ်းအင်တွေလည်း မြင့်တက်စေပါသေးတယ်။

ကြာချိန်များများ လိုသလား 

လေ့ကျင့်ခန်းက အချိန်တစ်ခုယူပြီး လုပ်မှ စိတ်ခံစားမှုတိုးတက်စေတာလား။ ဥပမာပြောရရင် နာရီဝက် အေရိုး ဗစ် ကစားမှ၊ တစ်နာရီပြေးမှ၊ တပတ် ၃ရက် ရေကူးမှ စိတ်ခံစားမှု ကောင်းမွန်လာမှာလား။ အဲ့လောက်တောင် အချိန်ယူစရာမလိုပါဘူးနော်။ လေးကန်နေတဲ့ တနင်္လာနေ့မနက်မှာ ၁၀ မိနစ်လောက်အချိန်ယူပြီး ခပ်သွက်သွက် လေး လမ်းလျှောက်ပေးလိုက်ရင်တောင် စိတ်ကလေး သိသိသာသာရွှင်လန်းလာမှာပါနော်။ နေ့လယ်စာစားချိန် မှာ လမ်းခဏ‌လျှောက်တာ၊ ဧည့်ခန်းထဲ အိပ်ခန်းထဲမှာပဲ ၁၀ မိနစ်လောက် ကခုန်ခြင်းရဲ့ စိတ်ဖိစီးမှုတွေပြေ ပျောက်ပြီး စိတ်ကလေးနှစ်သိမ့်သွားစေကြောင်း သုတေသနစာတမ်းတွေ အရ သိရပါတယ်။

စီးချက်ညီညီ စိတ်ကြည်ကြည် 

အားကစား လုပ်နေတဲ့ အချိန်တွေက စိတ်ကလေး ငြိမ်သက်စေပြီး စိတ်ပင်ပန်းစေတဲ့ အရာတွေကို မစဥ်းစားမိတဲ့ အဖိုးတန် အခိုက်အတန့်လေးတွေပါပဲ။ လမ်းလျှောက်တာ၊ ပြေးတာတို့လို စီးချက်ညီအားကစားတွေက အဆိုးမြင်အတွေးများ လုံးထွေးရစ်ပတ်မှုကို လျော့ချပေးပြီး စိတ်ကြည်စေလို့ တရားထိုင်ခြင်းနဲ့ အလားတူတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ရစေပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းအရပါ သက်ရောက်မှု ကောင်းတွေကြောင့် အားကစားက အချိန်တိုအတွင်းမှာတောင် စိတ်ခံစားမှုကို မြှင့်တင်နိုင်တာပေါ့။

ရေရှည်လှုပ်ရှား အားကစား 

၁၀ မိနစ်လို အချိန်တိုအတွင်းမှာတောင် စိတ်ခံစားမှုကို ချက်ချင်း ကောင်းမွန်စေတဲ့ အားကစားပြုလုပ်ခြင်းကို နေ့ စဥ်ဘဝမှာထည့်သွင်းပြီး ‌ရေရှည်အလေ့အကျင့်တစ်ခုအဖြစ် မွေးမြူသွားနိုင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ဘယ်လောက်တောင် အကျိုးကျေးဇူးများလိမ့်မလဲနော်။ အားကစားကို ရေရှည်ပြုလုပ်နေသူ တွေက မပြုလုပ်သူတွေထက် နာတာရှည်စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုဖြစ်တဲ့နှုန်း ပိုနည်းတယ်လို့ စစ်တမ်းတွေ အရ သိရပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကို ရေရှည်ခံစားရ၊ ပိုင်ဆိုင်ရမယ်လို့ မှတ် ယူနိုင်တာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်မှုကိုလည်း မြင့်တက်စေပြီး အလုပ်ပြီးမြောက်မှုရဲ့ အရသာ ကိုလည်း ပိုခံစားမိစေပါသတဲ့။ ဒီလိုစိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအပြင် နှလုံးကိုသန်မာစေတာ၊ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေတာ၊ ကောင်းကောင်းအိပ်ပျော်စေတာ စတဲ့ သိသာတဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုး တွေလည်း ရှိတာမို့ အားကစားကို နေ့စဥ်ဘဝထည်း ထည့်သွင်းပြီး ဒီအကျိုးကျေးဇူးတွေကို ရယူလိုက်ကြရ အောင်။

ရက်စက်ခက်ထန်တဲ့ ကမ္ဘာကြီးမှာ မှောင်မိုက်ပြီး စိတ်ဓာတ်ကျတဲ့ နေ့ရက်တွေကို ဖြတ်ကျော်နိုင်ဖို့ အလင်းရောင် နဲ့ လမ်းကြောင်းတွေလည်း ရှိပါသေးတယ်။ ဒီလမ်းတွေထဲမှာ အားကစားက လျှင်မြန်ပြီး ထိရောက်တဲ့ နည်းလမ်း တစ်ခုမို့ စိတ်ခံစားမှုတွေကို မြန်မြန်တိုးတက်ကောင်းမွန်စေဖို့၊ လင်းချင်းစေဖို့ဆို အခုပဲ ထပြီး ခပ်သွက်သွက်‌ လေး လမ်းလျှောက်လိုက်ရ‌အောင်လား။


Share

Comments

Related Posts