မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့

Posted in အိမ်မှုရေးရာ


မိုးစက်တွေကို  သဘောကျပြီး မြေသင်းနံ့ကို နှစ်ခြိုက်တဲ့ မိုးရာသီချစ်သူတစ်ယောက်ဆိုရင်တောင် အဝတ်တွေ သေချာမခြောက်တာ၊ ဖားဥစွဲပြီး မှိုနံ့ထွက်တာတွေအတွက်ကြောင့် စိတ်ညစ်ရမယ် ထင်ပါတယ်။ မိုးကို ကြိုက် တယ်ဆိုရင်တောင် အဝတ်အစားတွေကိုတော့ နေနံ့လေးနဲ့ ခြောက်သွေ့မွှေးပျံ့နေစေချင် ကြပါတယ်။ ဒါကြောင့် မိုးတွင်းမှာတောင် အဝတ်အစားတွေ မှိုနံ့မထွက်ဘဲ မွှေးပျံ့နေဖို့အတွက် အလွယ်တကူ လိုက်လုပ်လို့ရတဲ့ နည်းလမ်း တွေကို ဖော်ပြသွားပါမယ်။

လျော်ဖွပ်ရာမှာ ဒါတွေ သုံးပါ 

မိုးမိလာလို့ အဝတ်တွေစိုလာတဲ့အခါ ချက်ချင်းမလျှော်ဘဲ အဝတ်လျှော်ခြင်းထဲ ထည့်ထားမိတတ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက လျှော်ပြီးပြီဆိုရင်တောင် အဝတ်တွေက အနံ့အသက်မကောင်းဘဲ ကျန်နေတတ်ပြီး မှိုလည်း စွဲတတ်တာကြောင့် မိုးစိုလာတဲ့ အဝတ်တွေကို ချက်ချင်း လျှော်ဖွပ်ဖို့ လိုအပ်ပါတယ်။ လျှော်ဖွပ်ပြီးတဲ့အခါ အဝတ်ပျော့ဆီ (အမွှေးဆီ)နဲ့ စိမ်ထားခြင်းက ပုံမှန်အချိန်တွေမှာ သိပ်မထူးခြားဘူးလို့ ထင်ရပေမယ့် မိုးစိုတဲ့ အဝတ်တွေကို အနံ့ကောင်းစေဖို့တော့ ထိထိရောက်ရောက် ကူညီပေးပါတယ်။ ထိခိုက်ယားယံလွယ်တဲ့ အရေပြားရှိသူတွေဆိုရင် အရည်သွေးစိတ်ချရတဲ့ အမွှေးဆီကို သင့်တော်တဲ့ပမာဏပဲ အသုံးပြုဖို့ သတိထားပါ။ ဒါမှမဟုတ် ရှလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါကိုရောပြီး အဝတ်တွေကို စိမ်ပေးခြင်းအားဖြင့်လည်း အနံ့ဆိုးတွေကင်းဝေးပြီး အဝတ်တွေ ဖြူ‌ဖွေး တောက်ပြောင်နေပါလိမ့်မယ်။ သြော် ပြီးတော့ ... ချွေးစိုတဲ့ အားကစားဝတ်စုံတွေ၊ ရေစုပ်လွယ်တဲ့ တဘက်တွေ ကိုလည်း မကြာမကြာ လျှော်ဖွပ် ပေးဖို့ လိုအပ်ပါတယ်နော်။

အဝတ်လျှော်စက် သန့်ရှင်းရေး 

ဒီလို မိုးရာသီမှာဆို အဝတ်လျှော်စက် အသုံးပြုသူတစ်ယောက်အတွက် လျှော်ပြီးသားအဝတ်တွေကလည်း အနံ့အသက် မကောင်းတာမျိုး၊ သိပ် မပြောင်တာမျိုး ပိုသိသိသာသာ ဖြစ်လာတဲ့အခါ အဝတ်လျှော်စက်ကို သန့်ရှင်းရေးမလုပ်တာ ကြာပြီလားဆိုတာလည်း ထည့်စဥ်းစားရမယ့် အချက် ဖြစ်ပါတယ်။ မှိုစွဲတာ၊ အမှုန်အမွှား နဲ့ အနယ်တွေ ရှင်းလင်းသွားစေဖို့ အဝတ်လျှော်စက်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးရမှာပါ။ အဝတ်လျှော်စက် သန့်ရှင်းရေး ဆေးရည်တွေ ဝယ်ယူ အသုံးပြုလို့ရသလို၊ ရေနွေးနဲ့ ရှလကာရည်ကို သုံးပြီးတော့လည်း ဆေးကြော နိုင်ပါတယ်။ အဝတ်လျှော်စက်သုံးပြီးပြီဆို အဖုံး(သို့) တံခါးကို ဖွင့်ထားခဲ့ခြင်းအားဖြင့် အတွင်းပိုင်း ခြောက်သွေ့ လွယ်တာကြောင့် အနံ့အသက်ကောင်းဖို့ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်ပါလိမ့်မယ်။

ကောင်းမွန်စွာ ခြောက်သွေ့ဖို့ 

မိုးများတဲ့ ရန်ကုန်လိုနေရာမျိုးမှာ လေဝင်လေထွက်မကောင်းတဲ့ တိုက်ခန်းတွေဆိုရင် အဝတ်မှာတင်မကဘဲ နံရံ တွေမှာပါ မှိုနံ့စွဲ၊ မှိုစွဲနေတာ တွေ့ဖူး၊ ကြုံဖူးကြမှာပါ။ ဒါဟာ လေထုထဲမှာတောင် အစိုဓာတ်များ၊ စိုထိုင်းဆ များနေလို့ပါပဲ။ အခုနေပူ၊ အခုပဲရွာချ ဆိုတဲ့ ရန်ကုန်မိုးနဲ့ဆို အဝတ်တွေကို အိမ်ထဲမှာပဲ လှန်းကြတာ များပါတယ်။ စိုထိုင်းထိုင်းအိမ်ထဲမှာ စိုထိုင်းထိုင်းလေထုနဲ့ဆို အဝတ်တွေလည်း အေးစက်စိုထိုင်းနေတော့တာပါပဲ။ ဒါကြောင့် အဝတ်တွေ ခြောက်သွေ့ဖို့ဆို အိမ်တွင်းလေထု ခြောက်သွေ့ဖို့က အခြေခံအချက်ပဲ ဖြစ်ပါတယ်။ အိမ်တွင်း လေထုခြောက်သွေ့ဖို့ဆို ရေငွေ့စုပ်စက် (Dehumidifier) တွေကို အသုံးပြုနိုင်ပါတယ်။ မိုးတွေဆက်တိုက်ရွာတဲ့ နေ့ရက်တွေမှာတောင် အဝတ်တွေ သေချာခြောက်သွေ့ချင်တယ်ဆိုရင်အဝတ်ခြောက်စက်တွေက‌ တော့ အကောင်းဆုံး‌ရွေးချယ်မှုပါ။ အဝတ်ခြောက်စက် အသုံးမပြုချင်ဘူးဆိုရင်လည်း အဝတ်တွေကို စင်မှာလှန်းပြီး ပန်ကာနဲ့ မှုတ်ပေးလို့လည်း ရပါတယ်။ သတိပြုရမယ့် အချက်ကတော့ စိုစိစိ အဝတ်တွေကို မီးပူတိုက်ပြီး  အခြောက်မခံဖို့ပါပဲ။ ဒီလိုပြုလုပ်ခြင်းက အနံ့ဆိုးကို မသက်သာစေတဲ့အပြင် အထည်ရဲ့ အရည်အသွေးကိုပါ ထိခိုက်စေလို့ပါ။

ကောင်းမွန်စွာသိမ်းဆည်းဖို့ရာ

အဝတ်တွေ အနံ့ကောင်းစေဖို့ဆို ဘယ်လိုသိမ်းဆည်းသလဲဆိုတာကလည်း အတော်စကားပြောပါတယ်။ အဝတ် ဗီရို၊ သေတ္တာ ဒါမှမဟုတ် အဝတ်ထည့်တဲ့ ပုံးတွေက ခြောက်သွေ့သန့်ရှင်းပြီး အနံ့ကင်းနေဖို့ အရေးကြီးပါတယ်။ ဒါမှသာ အဝတ်တွေကို မှိုနံ့မစွဲမှာပေါ့။ မိုးတွင်းမှာ အဝတ်တွေ မှိုနံ့မစွဲအောင်ဆိုရင် အမွှေးခဲတွေ၊ အမွှေးအိတ်‌ တွေထက် ပရုတ်လုံးက ပိုထိရောက်တယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။ အဖြူရောင်နဲ့ အရောင်ဖျော့ အဝတ် တွေ၊ တန်ဖိုးကြီးတဲ့ အထည်တွေကိုတော့ လေလုံတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်မယ်ဆို အနံ့အသက်အတွက်ရော မှိုအတွက်ပါ စိတ်ချရမှာပါ။

မိုးတွင်းမှာ လှပတဲ့အရာ ကောင်းတဲ့ဘက်ခြမ်းများစွာရှိပါပေမယ့် သူ့ရဲ့ မကောင်းတဲ့အခြမ်းက တစ်ခုကိုပြောပါဆို ရင် မှိုနံ့ထွက်နေတဲ့ စိုစိစိ အဝတ်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းအဆင့်ဆင့် ကို သုံးပြီး လျှော်ဖွပ်မယ်ဆိုရင်တော့ မိုးရာသီမှာတောင် အဝတ်အထည်တွေက နေနဲ့ခြောက်ထားသလို အနံ့လေး သင်းနေပါလိမ့်မယ်။ ဒီမိုးရက်တွေမှာ လက်တွေ့လိုက်လုပ်ကြည့်လိုက်တော့နော်။



Share

Comments

Related Posts