ဟင်းခါးရာသီ မိုးရာသီ

Posted in အစားအစာ


မုတ်သုံမိုးရာသီ ပြန်ရောက်လာပြီဆိုတော့ ခံတွင်းရှင်းရှင်းနဲ့ ထမင်းစားမြိန်စေမယ့် ဟင်းခါးတွေက မြန်မာပါးစပ်နဲ့ ကိုက်ညီပြီး စားကောင်းသောပါပဲ။ ဟင်းခါးလို့ ဆိုရာမှာ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်နဲ့ ငရုတ်ကောင်းနိုင်နိုင် ထည့်ချက်ကြပြီး သောက်လိုက်တိုင်း ပူပူနွေးနွေးလေးနဲ့ အစားလည်း မြိန်စေတဲ့အပြင် စိုစိုစွတ်စွတ်ရာသီနဲ့ မိုးအေးအေးမှာ အအေးမိခဲ့ရင်လည်း ဟင်းခါးပူပူလေးက လူကို နွေးထွေးစေတာမျိုးပါ။ ဒီလို ဟင်းခါးချက်နည်းမျိုးစုံထဲက လုပ်နည်းလည်း အရမ်းမခက်၊ မြန်လည်း မြန်၊ စားလို့ကောင်းစေမယ့် ပါဝင်ပစ္စည်းမျိုးစုံ ဟင်းခါးချက်နည်းတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးချင်လို့ ဒီဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်နော်။

ပိန်းရိုးဟင်းခါး

ဟင်းအမျိုးမျိုး ဖန်တီးချက်လို့ရတဲ့ ပိန်းပင်တစ်ပင်မှာ သူ့ရဲ့အရိုးတံကိုလည်း ဟင်းခါးချက်လို့ရပါသေးတယ်။ ပိန်းရိုးက အခန့်မသင့်ရင် ယားတတ်တဲ့အတွက် အရိုးတွေကို ပါးပါးလေးတွေ လှီးဖြတ်ပြီးရင် ‌ဆားနဲ့ ပိန်းရိုးက အရည်တွေထွက်အောင် သေချာနယ်ညှစ်ပြီး ဆေးပေးဖို့လိုပါတယ်။ ပြီးရင် ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းတို့နဲ့ ရေဆူလာတဲ့အခါမှ နူးနွယ်တဲ့ ပိန်းရိုးကို ထည့်ပေးရုံပါပဲ။  ပဲကြာဇံ သို့ ဆန်ကြာဇံ တို့ကို ရေစိမ်ထားပြီး နောက်ဆုံးမှ ထည့်လိုက်မယ်ဆို အရသာရှိတဲ့ ပိန်းရိုးဟင်းခါးလေး ရပါပြီ။

မယ်ဇလီရွက်ဟင်းခါး

ဆေးဖက်ဝင်တဲ့ မယ်ဇလီရွက်အညွှန့်လေးတွေကို အခက်လိုက် အရင်ပြုတ်ပြီး ခွက်တစ်ခွက်နဲ့ သပ်သပ်ဆယ်ထားပေးပါ။ အရင်ဆုံး ဆီအနည်းငယ်၊ ကြက်သွန်ဖြူ၊ ဂျင်း ထောင်းထားတာတွေ ဆန်ကိုထောင်းထားတဲ့ အမှုန့်နဲ့ လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဥ်သီးတွေထည့်ကာ ပုဇွန်ခြောက်မှုန့်လေးတွေနဲ့ ဆီသတ် မွှေပေးရမှာပါ။ ဆီသတ်လေးတွေ မွှေးလာရင် နှစ်သက်သလို ရေနဲ့ အရသာမှုန့်ထည့်ကာ တည်ပေးပြီးရင် ဟင်းခါးရည်လေးရပါပြီ။ ပြီးမှ ပြုတ်ထားပြီးသား မယ်ဇလီရွက်တွေ အပေါ်မှာမှ ဟင်းခါးရည်လေး လောင်းထည့် သောက်နိုင်ပါပြီ။ အရွက်တွေ အကြာကြီး ဟင်းခါးထဲထည့်ထားရင် ခါးသွားနိုင်လို့ စားခါနီးမှ ထည့်စားတာက အကောင်းဆုံးအရသာရမှာပါနော်။

ဘူးသီးဟင်းခါး 

အိမ်တွေမှာ လွယ်လွယ်ကူကူနဲ့ တော်တော်များများချက်လေ့ရှိကြတဲ့ နာမည်ကျော် ဘူးသီးဟင်းခါးကလည်း ထမင်းစားပွဲတွေမှာ မပါမဖြစ်ဖြစ်ပြီးတော့ ဟင်းပွဲအများစုနဲ့လည်း လိုက်ဖက်စားမြိန်ပါတယ်။ လုပ်နည်းကလည်း ပုံမှန် ဟင်းခါးချက်သလိုပဲ ဘူးသီးတွေကို ရေဆေး၊ အရွယ်‌တော်လေးတွေ ပိုင်းဖြတ်ပြီး ‌ရေဆူဆူမှာ ကြက်သွန်ဖြူ၊ အသားမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငရုတ်ကောင်းတို့နဲ့အတူ ဘူးသီးတွေ နူးမြည့်နေအောင် ပြုတ်ပြီးရင် စားလို့ အဆင်သင့်ဖြစ်ပါပြီ။

ကြာဇံဟင်းခါး

ဟင်းခါးတွေထဲ ပါဝင်ပစ္စည်းပေါပေါများများနဲ့ ထမင်းနဲ့ တွဲစားတာဖြစ်ဖြစ်၊ သွားရည်စာ အနေနဲ့တောင် စားလို့‌ကောင်းတဲ့ ကြာဇံဟင်းခါး သို့ ကြာဇံချက်ကို မကြိုက်တဲ့သူမရှိလောက်ပါဘူး‌နော်။ ကြက်ရိုးပြုတ်ရည်နဲ့ အဓိကချက်စားကြပြီး ပဲလိပ်၊ ကြွက်နားရွက်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲကြာဇံ စသဖြင့် ဒီလိုအခြေခံပစ္စည်းတွေ အပြင် နှစ်သက်သလို အပေါ့အငန်၊ အစပ်၊ အချဥ် ထပ်ထည့်ပြီး မြိန်ရည်ယှက်ရည် စားလို့အင်မတန်ကောင်းတဲ့ ဟင်းခါးတွေထဲ အပါအဝင်ပါ။ 

မြင်းခွာရွက်ဟင်းခါး

အမြင်အာရုံကောင်းစေတဲ့ မြင်းခွာရွက်ကို ဒီတိုင်း အတို့အမြုပ်အနေနဲ့ စားကြသလို ကြိတ်ပြီး အရည်ဖျော်သောက်တာဖြစ်ဖြစ်၊ ဟင်းခါးချက်သောက်တာဖြစ်ဖြစ် စားကြပါတယ်။ မြင်းခွာရွက်ချက်ဖို့အတွက် ‌ရေဆူအောင် တည်ထားတဲ့ အိုးထဲကို ဘူးသီးပါးပါးလှီးထည့်ကာ ကြက်သွန်ဖြူ၊ နှစ်သက်သလို အရသာနဲ့ ငရုတ်ကောင်းထည့်ပေးလိုက်ပါ။ နောက်ဆုံးမှာမှ အဓိက ဇာတ်လိုက်ဖြစ်တဲ့ မြင်းခွာရွက်ကို အိုးမချခင်လေး ထည့်ပြီး မွှေပေးရုံပါပဲ။

ကြာရိုးဟင်းခါး

အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေတဲ့ ကြာရိုးကို ဟင်းခါးချက်နည်းကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ရေနွေးတည်၊ ရေဆူလာပြီဆို ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ကြာရိုး၊ ငံပြာရည်၊ အချိုမှုန့်အနည်းငယ်တို့ကို ထည့်ပြီး ရောမွှေကာ ဟင်းခါးဆူအောင် မီးအေးအေးနဲ့ တည်ထားရုံပါ။ ထုံးစံအတိုင်း နောက်ဆုံးမှာ ငရုတ်ကောင်းမှုန့်ထည့်ပြီးရင် အသုပ်မျိုးစုံနဲ့ အတူတွဲစားလို့ လိုက်ဖက်တဲ့ ကြာရိုးဟင်းခါးလေးကို သုံးဆောင်လို့ရပါပြီ။

ပုံမှန်စားနေကျ ဟင်းခါးတွေ အပြင်ကိုမှ အိမ်ရှင်မတို့ ချက်နေ၊ စားနေကြမဟုတ်တဲ့ ဒီဟင်းခါးပူပူလေးတွေက မိုးရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ကိုယ်တိုင်အတွက်ရော၊ ချစ်ရသူအတွက်ပါ ထမင်းစားကောင်းစေမှာမို့ စမ်းချက်ကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။ နောက်ထပ် ထူးခြားပြီး အရသာရှိတဲ့ ဟင်းခါးချက်နည်းကောင်းလေးတွေ ရှိရင်လည်း အားလုံးတူတူချက်စားရအောင် Comment မှာ ဝေမျှခဲ့ပါဦး။



Share

Comments

Related Posts