ဒီနေ့ခေတ်ကြီးမှာမှမဟုတ်ပါဘူး .. ခေတ်အဆက်ဆက် မိဘတာဝန်ကို ယူရတာ လွယ်ကူတဲ့အလုပ် ဘယ်တုန်းကမှ မဟုတ်ခဲ့ ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ၊ နည်းပညာတွေ၊ အပြိုင်အဆိုင် ပညာရေးတွေ အချိန်နဲ့အမျှ တရှိန်ထိုး တိုးတက်နေတဲ့ ၂၁ ရာစု ကြီးမှာ မိဘနေရာဟာ ပိုဖိအားများတဲ့ ရာထူးတစ်ခု ဖြစ်လို့လာနေပါတယ်။ လူတိုင်းမှာ သူ့ဖိအားနဲ့သူ ရှိကြတယ်ဆိုပေမယ့် လူလတ်တန်းစားမိဘတွေရဲ့ မျှော်လင့်ချက်နဲ့ ဖိအားက တိုက်ရိုက်အချိုးကျဆုံး၊ အပြင်းထန်ဆုံးလို့ ဆိုချင်ပါတယ်။ ကိုယ့်ရင် သွေးကို အကောင်းဆုံးဆိုတာတွေ ဖြည့်ဆည်းပေးချင်တယ်ဆိုတာ သဘာဝပါ။ အကောင်းဆုံး ဖြည့်စွက်စာ၊ အကောင်းဆုံး စားဝတ်နေရေး၊ အကောင်းဆုံး ပညာရေးတွေကို ဖြည့်ဆည်းပေးနိုင်မှ မိဘတာဝန်ကျေတာလား။ ဖိအားတွေလည်း လျော့ နည်းမယ်၊ အကောင်းဆုံးတွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်ဆိုတဲ့ နည်းလမ်းမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဘာတွေလဲ ကြည့်လိုက်ကြစို့လား။
ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှု
မိဘတွေအနေနဲ့ ကိုယ့်ရင်သွေးကိုပေးနိုင်တဲ့ အကောင်းဆုံးပံ့ပိုးမှုက ချစ်ခြင်းမေတ္တာ နဲ့ နွေးထွေးလုံခြုံစေမှုပါပဲ။ ငွေကြေးနဲ့ အကောင်းဆုံးသော ရုပ်ဝတ္ထုပစ္စည်းတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရင်းနဲ့ပဲ လုံလောက်တဲ့ ချစ်ခြင်းကို ပြသဖို့ မေ့နေတတ် ကြပါတယ်။ ချစ်ပေမယ့် ထုတ်မပြတတ်ဘူး၊ ထုတ်ပြလည်း အချိန်မရှိဘူး ဆိုတာမျိုးပေါ့။ ငယ်ဘဝမှာ မိဘတွေက လုံလုံ လောက်လောက်ချစ်ပေးခံရတဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်အနီးအနားကလူတွေကိုပါ ချစ် တတ်ကြ၊ ချစ်နိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်လုံခြုံဖို့၊ ချစ်ခြင်းအတုအယောင်တွေနောက်ကို လိုက် မနေရဖို့တဲ့ သူတွေဖြစ်ဖို့ဆို ငယ်စဥ်ကတည်းက မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို ရဖို့ လိုအပ်ပါတယ်။
အခြေခံ manner တွေကို သင်ထားပါ
အရွယ်ရောက်လာလို့ လူမှုပတ်ဝန်းကျင်မှာ စတင်ခြေချလာရတဲ့အခါ အပြုအမူကောင်းတွေပြုမူတတ်ဖို့ အလွန်အရေးကြီး ပါတယ်။ စည်းကမ်းဆိုတာ၊ အခြေခံ အပြုမူကောင်းတွေဆိုတာ အိမ်က စတာပါ။ ထမင်းစားပွဲ ယဥ်ကျေးမှု၊ တခြားသူတွေ နဲ့ အတူတူနေထိုင်တဲ့ အခါ၊ အလုပ်လုပ်ရတဲ့အခါ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ဆိုတာ ငယ်စဥ်ကတည်းက သင်ပေးလိုက်မှ ကြီးလာတဲ့အခါ အပြုအမူကောင်းတဲ့ လူယဥ်ကျေးတစ်ယောက်အဖြစ် ခေါင်းမော့နိုင်မှာပါ။ ငယ်သေးလို့မသိတာပါ၊ ကြီးရင် သူ့ဟာသူ သိသွားလိမ့်မယ်လို့ မတွက်ပါနဲ့၊ ငယ်ကတည်းက မသိရင် ဘယ်တော့မှ မသိလာနိုင်ပါဘူး။ ရေချိုးခန်းမီး၊ အိမ်သာ မီးပြန်ပိတ်တတ်ဖို့ကအစ၊ ထမင်းစားဝိုင်းမှာ ကိုယ့်အပြုအမူကြောင့် တပါးသူအနှောင့်အယှက်မဖြစ်စေဖို့အလယ်၊ သူများ ပစ္စည်းကို လက်လွတ်စပယ် ယူမသုံးဖို့၊ ယူမကိုင်ဖို့အဆုံး အခြေခံအကုန်လုံးကို သင်ထားပေးတာက ကိုယ့်ကလေးပေးနိုင်တဲ့ အထောက်အပံ့ကောင်းတစ်ခုပါ။
ဆော့ကစားခိုင်းပါ
ကလေးဘဝကို နှစ်ခါပြန်မရနိုင်တဲ့ အလွတ်လပ်ဆုံး အချိန်အပိုင်းအခြားပါ။ ခေတ်ရဲ့တောင်းဆိုမှုကြောင့်ပဲလား၊ မိဘတွေရဲ့ ဖြစ်ထွန်းစေချင်လွန်းတဲ့ ဆန္ဒတွေကို ထမ်းပိုးရလို့ပဲလား ... ကလေးငယ်လေးတွေကစလို့ ကျောင်းနဲ့ ကျူရှင်၊ သင်တန်းတစ် ခု ကနေတစ်ခု ကူးလူးသွားလာနေရလို့ ဆော့ကစားဖို့အချိန်မရှိကြတော့ပါဘူး။ ဆော့ကစားခြင်းဟာ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာပါ များစွာအထောက်အကူပြုနေပါတယ်။ ကလေးတွေကို ပြေးလွှားဆော့ကစား ခွင့်ပြုလိုက်ပါ။
ကလေးဟာ စိတ်ထွက်ပေါက်မဟုတ်ပါ
ဘဝမှာ၊ မိသားစုမှာ၊ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ကြုံတွေ့လာရတဲ့အခါ ကလေးကို ပုံမချဖို့၊ ကလေးဟာ ကိုယ့် စိတ်ထွက်ပေါက်အနေနဲ့ အသုံးချစရာလူ မဟုတ်ဘူးဆိုတာ အမြဲသတိချပ်စေချင်ပါတယ်။ တစ်ခါတစ်ခါ သတိမထားမိဘဲ ဖြစ်စေ၊ သတိထားမိနေတဲ့ကြားကပဲဖြစ်စေ ကိုယ်အဆင်မပြေမှုတွေကြောင့် ကလေးကိုဆူငေါက်မိ၊ ရိုက်မိတာမျိုး ဖြစ် တတ်ပါတယ်။ မိဘလုပ်ရတာ ပင်ပန်းတာမှန်ပါတယ်။စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေရှိလာတိုင်း ကလေးကို နင့်ကြောင့် နင့်ကြောင့်ရယ်လို့ အပြစ်တင်တဲ့အခါ ကလေးမှာ စိတ်ဒဏ်ရာ ရလာပြီး မိဘနဲ့ ကလေးကြား တံတိုင်းခြားလိုက်သလို စိတ် ချင်းဝေးကွာသွားတတ်ပါတယ်။ အပြစ်တင်မယ့်အစား နားလည်အောင် ပြောပြတဲ့နည်းလမ်းကို သုံးပြီး ကောင်းမွန်တဲ့ ကလေးဘဝဖြစ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။
ယုံကြည်မှုတည်ဆောက်ပါ
မိဘတိုင်းက စိုးရိမ်တတ်ကြတယ်ဆိုတာ နားလည်ပါတယ်။ မဖြစ်သင့်တာမဖြစ်ရလေအောင် တားမြစ်၊ ထိန်းချုပ်ကြတယ် ဆိုပေမယ့် အရာရာတိုင်းကို တဟဲ့ဟဲ့နဲ့ မစားနဲ့၊ မသွားနဲ့ရယ်လို့ နေတာတကာ တားမြစ်ချုပ်ချယ်နေတာမျိုး လုပ်မယ်ဆို ကလေးနဲ့ မိဘကြား ယုံကြည်မှု တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ ကလေးရဲ့ ဆန္ဒကိုလည်း လေးစားပြီး၊ သေချာနားထောင် ပေးပြီး ခွင့်ပြုပေးသင့်တဲ့အတိုင်းအတာကို ခွင့်ပြုပေးပါ။ ဘာလိုကိစ္စမျိုးပဲ ဖြစ်ပါစေ၊ မိဘနဲ့ တိုင်ပင်ပြီး၊ မိဘကလည်း သူတို့ အတွေးအမြင်ကို လေးစားတယ်ဆိုရင် အိမ်ကမသိအောင် ခိုးလုပ်တဲ့ကိစ္စဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ အရွယ်ရောက်လာ တဲ့ အခါမှာလည်း ဘယ်လိုရွေးချယ်ကောင်းတွေလုပ်လုပ် ကိုယ့်မိဘက ကိုယ့်နောက်မှာရှိနေတယ်၊ ကိုယ်ကို ယုံကြည်ပေးနေ တာလောက် ကောင်းတဲ့ ခွန်အားမရှိပါဘူး။
ရှေ့ဆောင်လမ်းပြဖြစ်ပါစေ
ကလေးတွေဆိုတာ လက်ဦးဆရာတွေဖြစ်ကြတဲ့ မိဘတွေကို ကြည့်ပြီး သင်ယူကြ၊ အတုခိုးကြတာပါ။ ဒါကြောင့် မိဘ ကိုယ်၌က ကိုယ်ကျင့်တရားကောင်း၊ အပြုအမူကောင်းပြီး ရိုးသားကြိုးစားတဲ့သူ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ငါပြောသလို လုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတာ ကောင်းတဲ့ခံယူချက်မဟုတ်ဘူးနော်။ ကလေးကို ရိုးသားစေချင်ရင် ကိုယ်ကိုယ်တိုင်က ရိုးသားဖို့၊ ကလေးကို စကားချိုချိုသာသာ ပြောစေချင်ရင် ကိုယ်ကိုယ်တိုင်က မဆဲဆို မငေါက်ငန်းနေဖို့၊ ကလေးကို စာဖတ် စေချင်ရင် ကိုယ်ကိုယ်တိုင်က စာပေနဲ့ရင်းနှီးဖို့ လိုပါတယ်။ ရှေ့ဆောင်လမ်းပြကောင်းဖြစ်မှ နောက်လိုက်ကောင်းကလေး တွေကို ပျိုးထောင်ပေးနိုင်မှာပါ။
အကောင်းဆုံးဆိုတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ပဲဖြည့်ဆည်းပေးနေပါစေ ရင်သွေးငယ်ရဲ့နှလုံးသားကို ချစ်ခြင်းမေတ္တာ၊ စာနာသနားတတ်မှု၊ ကြံ့ခိုင်မှု၊ နူးညံ့မှုတွေနဲ့ မဖြည့်ဆည်းပေးနိုင်ရင် နှလုံးသားတွေ ဗလာဖြစ်နေပြီး မိဘနဲ့ကလေးကြား ခံစားမှုတံတိုင်းခြားနေတဲ့ ဆက်ဆံရေးတွေ ဖြစ်နေဦးမှာပါ။ အကောင်းဆုံးပညာရေး၊ အကောင်းဆုံး စားဝတ်နေရေးတွေကို ဖြည့်ဆည်းပေးနိုင်မှ တာဝန်ကျေတဲ့မိဘဖြစ်မှာမဟုတ်ပါဘူး။ အရေးကြီးဆုံးက မိဘနဲ့ သားသမီးတွေရဲ့၊ မိသားစုဝင်တွေရဲ့ နှလုံးသားတွေ နွေးထွေးစေဖို့ပါပဲ။
Comments