လူတွေရဲ့ စိတ်က လက်ရှိပစ္စုပ္ပန်မှာ အမြဲမနေဘဲ အနာဂတ်ကိုကြိုတင်တွေးတောကြပြီး၊ အတိတ်ကိုလည်း ပြန် လည် တမ်းတတတ်ကြပါတယ်။ လူ့စိတ်ဟာ အနာဂတ်ကို ကြိုသွားတာနဲ့ အတိတ်ကို ပြန်တွေးတာ နှစ်ခုမှာ ဘယ် တစ်ခုကို ပိုလုပ်ဖြစ်ကြတယ်လို့ ထင်ပါသလဲ .... လူအများစုကတော့ အတိတ်ကို ပြန်တွေးတာ ပိုများပါသတဲ့။ အနာဂတ်ဆိုတာက ခန့်မှန်းလို့မရတာတွေ၊ မရေရာမသေချာမှုတွေနဲ့ ပြည့်နှက်နေပေမယ့် အတိတ်ကတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဖြစ်ပျက်ခဲ့ပြီးသားတွေမို့ စိတ်ချလက်ချ ပြန်လွမ်းဆွတ်လို့ရတာပေါ့။ ဒီနေ့မှာတော့ ကျောင်းမုန့်ဈေးတန်းမှာ၊ ရပ်ကွက်ထဲက တွန်းလှည်းသည်ကြီးတွေဆီမှာ ဝယ်စားခဲ့ရတဲ့ ၉၀ ခုနှစ် ဝန်းကျင်က သရေစာမုန့်တွေကနေတဆင့် ငယ်ဘဝကို ပြန်တမ်းတနိုင်ဖို့ ငယ်ငယ်အချိန်က အသည်းစွဲမုန့် တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
(၁) ကပ်စေးနှဲ
လူအတော်များများ State ကျောင်းသားဘဝက မုန့်ဈေးတန်းမှာ ကပ်စေးနှဲ ဝယ်မစားဖူးတဲ့သူ ရှားမယ်ထင်ပါ တယ်။ ကျောင်းရှေ့မှာရောင်းတဲ့ ကပ်စေးနှဲကို အခုစားချင်လို့ ပြန်ရှာရင် ရောင်းတဲ့ဈေးသည်တွေ တော်ရုံ မတွေ့ ရ တတ်တော့ပါဘူး။
ကပ်စေးနှဲမှာ အုန်းသီးကို ထည့်ကျိုထားတဲ့ ကပ်စေးနှဲအုန်းယို၊ မြေပဲဖြစ်စေ၊ နှမ်းဖြစ်စေ ကပ်ပြီးစားရတဲ့ ကပ် စေးနှဲ စသဖြင့် အမျိုးအစား(၃) ခုလောက်ရှိတတ်ပါတယ်။ တချို့ ကပ်စေးနှဲတွေက စားလိုက်ရင် ပါးစပ်ထဲမှာ ထွေးနေပြီ သွားတွေကပ်လို့ စားရတာ ခက်ပါတယ်။ စားရတာအဆင်ပြေတဲ့ ကပ်စေးနှဲ ချိုမွမွလေးဖြစ်ဖို့ လျှို့ဝှက်ချက်က ကပ်စေးနှဲတွေကို တူ(တုတ်)နှစ်ချောင်းနဲ့ မွမွပွပွလေး ဖြစ်လာတဲ့အထိ ဆွဲပေးတာပါပဲ။ ကပ်စေးနှဲသီးသန့်ရောင်းတဲ့ ကျောင်းရှေ့ ဈေးသည်တွေ ရှားသွားပြီဆိုပေမယ့် ၉၀ခုနှစ် ငယ်ဘဝမုန့်တွေကို သီးသန့်စုရောင်းတဲ့ ဆိုင်လေးတွေမှာ ရှာဝယ်မယ်ဆို တွေ့နိုင်ပါသေးတယ်။
(၂) ဒေါနပေါင်မုန့်ကြော်
ဒီမုန့်ကလည်း ကျောင်းတွေရှေ့မှာ တွန်းလှည်းနဲ့ဖြစ်စေ၊ မုန့်ဗန်းရွက်ပြီးတော့ဖြစ်စေ လာရောင်းတဲ့ ဈေးသည် ကြီးတွေဆီက ဝယ်စားခဲ့ရတဲ့ မုန့်တွေထဲက တစ်ခုပါ။ ပူပူနွေးနွေး ပေါင်မုန့်ကြော်ချိုချိုလေးတွေကို ကလေးတွေ ဝိုင်းအုံနေတတ်လို့ ကျောင်းဆင်းတာနဲ့ မုန့်သည်ကြီးဆီ ရှေ့ဆုံးကရောက်အောင် ပြေးခဲ့ရတာတွေကို မှတ်မိကြဦး မယ် ထင်ပါတယ်။
ပေါင်မုန့်လေးတွေကို နှစ်ခြမ်းခြမ်းပြီး အုန်းသကြားယို၊ ထောပတ်နဲ့ နို့ဆီ၊ ပူတင်း နဲ့ ပဲ စတာတွေကို အစာသွပ် ထားတဲ့ ဒေါနပေါင်မုန့်ကြော်က ခုကြော် ခုစား ပူပူနွေးနွေးနဲ့ အရမ်းကောင်းလို့ တစ်လုံးနဲ့ ဘယ်တော့မှ မဝခဲ့ပါ ဘူး။ ဒီမုန့်ရဲ့ ထူးခြားချက်ကို ပြောရမယ်ဆိုရင် သူ့ရဲ့ ပေါင်မုန့်တွေက တခြားပေါင်မုန့်တွေလို ဖုတ်ထားတာမျိုး မဟုတ်ဘဲ ဂျုံကိုနယ်၊ အပွရိုက်ပြီး ကြော်လိုက်တာဖြစ်လို့ ကိုယ်တိုင်လုပ်စားမယ်ဆိုရင်လည်း မုန့်ဖုတ်စက် (Oven) မလိုဘဲ လုပ်ရ လွယ်ကူပါတယ်။ စားချင်လို့ တေ့တေ့ဆိုင်ဆိုင် ရှာမယ်ဆိုရင်မတွေ့တတ်ပေမယ့် သွားရင်းလာရင်း အမှတ်မထင်တွေ့တတ်တဲ့ ဒေါနပေါင်မုန့်ကြော်က ငယ်ဘဝရဲ့ အကြိုက်ဆုံးမုန့်တွေထဲက တစ်ခုပါပဲ။
(၃) ဓားလှီးရေခဲချောင်း
ရေခဲချောင်းတွေ၊ ရေခဲမုန့်တွေက ယနေ့ခေတ်မှာ ရွေးချယ်စရာ ပိုများလာတယ်ဆိုပေမယ့် ငယ်ငယ်က စားခဲ့ဖူး တဲ့ ဓားလှီးရေခဲချောင်းရဲ့ အရသာကိုတော့ အကောင်းဆုံးလို့ ထင်နေတုန်းပါပဲ။ ချောင်းဆိုးမှာ၊ အပူကန်မှာစိုးတဲ့ မေမေ့ကြောင့် ရေခဲချောင်းတစ်ခါစားဖို့ တော်တော်လေးတိုက်ပွဲဝင်ခဲ့ရတဲ့ ဓားလှီးရေခဲချောင်းကို ကြီးလာရင် အဝစားပစ်လိုက်မယ်လို့ အားခဲထားပေမယ့် အခုတော့ ဘယ်မှာသွားရှာရမလဲ မသိဘူး ဖြစ်နေပြန်ပါတယ်။ နို့၊ စတော်ဘယ်ရီ၊ နာနတ် အစရှိတဲ့ အရသာစုံနဲ့ အသဲပုံ ရေခဲချောင်းအတုံးကြီးတွေကို လာဝယ်မှ ဓားနဲ့ လှီးပေးတဲ့ ဓားလှီးရေခဲချောင်းသည်ကြီးဆီမှာ “ဦးလေး ထူထူလေးလှီးပေး” လို့ ကလေးတိုင်းပြောခဲ့ဖူးကြမှာပါ။ အခုအချိန် မှာတော့ တစ်ခါတစ်လေ ရပ်ကွက်ထဲ လာရောင်းတဲ့ ဓားလှီးရေခဲချောင်း ချိုအေးမွှေးလေးကို ကံဆုံရင် တွေ့နိုင် ပါသေးတယ်။
(၄) အာတာပူစီ
ငှက်သိုက်မုန့်လို့လည်း ခေါ်ကြတဲ့ ဒီမုန့်ကို ယနေ့ခေတ်မှာ Cotton Candy လို့ နာမည်လှလှလေး ခေါ်နေကြ ပေမယ့် 90’s Kids တွေအတွက်တော့ အာတာပူစီပါပဲ။ လူကြီးတွေရဲ့ “ဗိုက်မဝဘူး၊ ချောင်းဆိုးလိမ့်မယ်” အစရှိ တဲ့ အကြောင်းပြချက်တွေကြောင့် စိတ်ကြိုက်မစားခဲ့ရတဲ့ သကြားမျှင်ပွပွ အာတာပူစီက ကလေးဘဝရဲ့ အချိုမြဆုံး တိမ်တိုက်တွေပါပဲ။ ကျောင်းရှေ့မှာ၊ ဘုရားပွဲမှာ၊ ပွဲဈေးမှာ ရောင်းနေတာမြင်ရင် မဝယ်ရမနေနိုင်လို့ မိဘတွေကို ပူဆာခဲ့ရတဲ့ အမှတ်တရတွေအများကြီးနဲ့မို့ အာတာပူစီဟာ မုန့်တစ်ခုဆိုတာထက် ပိုပါတယ်။ ယနေ့ မှာ ပိုကြီး၊ ပိုလှ၊ ပိုအရောင်စုံတဲ့ အာတာပူစီတွေကို ကိုယ့်စိတ်ကြိုက် ဝယ်စားလို့ရနေတဲ့တိုင်အောင် ငယ်ဘဝရဲ့ တိမ်တိုက် အာတာပူစီလေးတွေကိုလည်း မမေ့နိုင်ပါဘူး။
(၅) ကူဖီးမလိုင်
သူလည်း ရေခဲချောင်းပုံစံတစ်မျိုးပဲဆိုပေမယ့် နွားနို့ကို အဓိကအသုံးပြုထားတာကြောင့် ချိုတာထက် စိမ့်တဲ့ အရသာဘက်ကို ပိုပြီးသွားပါတယ်။ ကျောင်းရှေ့မှာ၊ လမ်းထဲမှာ လာရောင်းကြတဲ့ ဈေးသည်ကြီးတွေက “ကူဖီးမလိုင်” ရယ်လို့ အော်သံမှ မဆုံးသေးဘူး၊ လူပျောက်ပျောက်သွားလို့ ဖမ်းရခက်၊ စားရခဲတဲ့ အီစိမ့်မွှေး ကူဖီးမလိုင်က ငယ်ဘဝရဲ့ အသည်းစွဲပါပဲ။ ကူဖီးမလိုင်အပြင် အုန်းမွှေးလုံး ရောင်စုံလေးတွေကိုလည်း ကလေး ဘဝကနေ အခုအရွယ်ရောက်တဲ့အထိ ကြိုက်နှစ်သက်နေဆဲပါ။ ပဲနီလေးများများနဲ့ ပဲရေခဲချောင်း၊ မန်ကျည်း၊ သံပုရာ အစရှိတဲ့ ဘယ်ရေခဲချောင်းကိုမဆို မက်မက်မောမော စားခဲ့တဲ့ ကလေးဘဝရဲ့ မှတ်ဉာဏ်တွေက ခုချိန်ထိ လတ်ဆတ်နေဆဲပါပဲ။
(၆) ဝေဖာယိုသုတ်
မြို့ထဲအနှံ့ တွေ့နေရတဲ့ မုန့်သည်တွေထဲက တစ်မျိုးကတော့ “ဝေဖာယိုသုတ် ချိုချိုလေး” လို့ အော်ရောင်းတဲ့ တွန်းလှည်းဈေးသည်တွေပဲ ဖြစ်ပါတယ်။ ငယ်ကတည်းက ခုချိန်ထိ စားမဝတဲ့ မုန့်တွေကိုပြောပါဆိုရင် ဝေဖာယို သုတ်က တစ်ခုအပါအဝင် ပါပဲ။ ဝေဖာပါးပါး ကြွပ်ကြွပ်လေးကို နို့ဆီသုတ်၊ အုန်းသီးဆံ နုနုမျှင်မျှင်လေးတွေကို ညှပ်ထားတဲ့ ဝေဖာယိုသုတ်ကို ငယ်ငယ်က ကျောင်းဆင်းရင် အပြေးဝယ်စားနေကျပါ။ နို့ဆီရဲ့ အချိုရယ်၊ အုန်းသီး ဆံနုရဲ့ ချိုစိမ့်စိမ့် အရသာရယ် ပေါင်းထားလို့ စားလိုက်ရင် ချိုမြကြွပ်ယွနေတဲ့ ဒီမုန့်လေးက ကလေးဘဝရဲ့ အမှတ်တရဟောင်းတွေကို တစ်စိတ်တစ်ပိုင်း ချိုမြိန်စေခဲ့ပါတယ်။ အခုအချိန်အထိ အလွယ်တကူ ဝယ်စားလို့ ရနေတုန်း ဆိုပေမယ့် ငယ်ငယ်က ဝေဖာယိုသုတ်က ပိုချိုတယ်လို့ ထင်မိနေပါတယ်။
(၇) မြန်မာမုန့်စုံ
ဒီနေ့လို ရွေးချယ်စရာ အသင့်စားမုန့်တွေ မများသေးတဲ့ ကလေးဘဝကတည်းက ဗမာမုန့်မျိုးစုံကို မက်မက်စက် စက် စားခဲ့ကြပါတယ်။ လမ်းထဲကို လာရောင်းတဲ့ ခေါင်းရွက်ဈေးသည်၊ တွန်းလှည်းသည်၊ ကျောင်းရှေ့ မှာ၊ ဈေး ထဲမှာ စသဖြင့် ဗမာမုန့်မျိုးစုံကို နေရာစုံမှာ ဝယ်စားခဲ့ကြတာပေါ့။ ဗမာမုန့်အများစုဟာ အချိုနဲ့ အစိမ့် အရသာ ဘက်ကို ပိုသွားကြပါတယ်။ ဆန်ထွက်တဲ့ နိုင်ငံဖြစ်တာကြောင့် ဗမာမုန့်တွေဟာ ဆန်နဲ့ကောက်ညှင်းကို အခြေခံ ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကောက်ညှင်းပေါင်း၊ ပြန်ပေါင်း၊ မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ် စတဲ့ မုန့်တွေ ကို ကောက်ညှင်းနဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။ ထန်းသီးမုန့်၊ မုန့်လိပ်ပြာ၊ မုန့်ဖက်လိပ် အစရှိတဲ့ ဆန်မုန့် တွေကို အုန်းသီး၊ သကြား၊ ပဲ၊ ထန်းညက် စတာတွေနဲ့ ပြုလုပ်ကြပါတယ်။ မုန့်ဗိုင်းတောင့်၊ အညာသား ကျောကုန်း၊ မုန့် ကျွဲသည်း၊ မုန့်ဦးနှောက်၊ မုန့်စိမ်းပေါင်း၊ မုန့်လက်ကောက်တွေကတော့ ထန်းလျက်အရသာချိုချိုမို့ ကလေးတွေ အကြိုက်ပေါ့။ ကျောက်ကျော၊ ဆနွမ်းမကင်း၊ ရွှေကြည်၊ ကောက်ညှင်းကျည်တောက် မှသည် ရွှေထမင်း၊ ဆီ ထမင်း၊ ဘိန်းမုန့်၊ မုန့်ပျားသလက်၊ မန်းမရွေး၊ မုန့်လေပွေ၊ မုန့်ဆန်းမရွေး၊ ပေါက်ပေါက်ဆုပ် အထိ မြန်မာ့ရိုးရာ စားစရာ မုန့်တွေ အရသာစုံ၊ ရွေးချယ်စရာ များစွာရှိပါတယ်။
ငယ်ဘဝက စားခဲ့ဖူးတဲ့ မုန့်တွေထဲမှာ အများစုက အခုထိ ဝယ်လို့ရနေဆဲ ဆိုပေမယ့် တချို့ကလည်း ဈေးကွက်ထဲ မှာ သိပ်မတွေ့ရတော့ပါဘူး။ အချိန်တွေရွေ့လျားလာတာနဲ့အမျှ ပိုကောင်းမွန်တဲ့ အရသာတွေကို စားသုံးလာတာ ကြောင့် ကလေးဘဝက အရမ်းကြိုက်ခဲ့တဲ့ မုန့်တွေကို အခုပြန်စားကြည့်တဲ့အခါ အဲ့ဒီတုန်းကလောက် အရသာ မတွေ့တော့တာလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လူတွေလွမ်းဆွတ်ကြတာ မုန့်ဆိုတဲ့ ရုပ်ဝတ္ထုသီးသန့် မဟုတ်ဘဲ ဒီမုန့်တွေနဲ့အတူ တွဲပါနေတဲ့ ငယ်ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာ၊ ဆွတ်ပျံ့ဖွယ်ရာ၊ ကြည်နူးဖွယ်ရာ အမှတ်တရ တွေကိုပဲ ဖြစ်ပါတယ်။
Comments