ရာသီဥတုအပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများ

Posted in ကျန်းမာရေး, စိတ်ကျန်းမာရေး


လူတွေရဲ့ စိတ်ခံစားမှုတွေက ကြုံတွေ့နေရတဲ့ ဘဝအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတဲ့အပြင် ဥတုရာသီကိုလည်း အမှီပြုနေတတ်ပါတယ်။ နွေမှာဆိုလည်း နွေမို့လို့ ပူပူလောင်လောင်နဲ့ လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး အလုပ်မတွင်ကြသလို မိုးဆိုလည်း မိုးတွင်းမို့လို့ ပတ်ဝန်းကျင်က အုံ့အုံ့မှိုင်းမှိုင်းနဲ့ စိတ်မကြည်လင်မှုတွေ ဖြစ်တတ်ကြပါတယ်။ ဒီကနေ Seasonal Affective Disorder (SAD) ဆိုတဲ့ ရာသီဥတုအပြောင်းအလဲကနေ ဖြစ်တတ်တဲ့ စိတ်ခံစားမှုမူမမှန်တာနဲ့ စိတ်အတတ်အကျဖြစ်မှုတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျန်းမာရေးကို ဆက်စပ် ပတ်သတ်နေတတ်ပါတယ်။ အများအားဖြင့် ဒီရောဂါက မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ အဖြစ်များတတ်ပြီး လိုအပ်တဲ့ နေရောင်ကောင်းကောင်း ထိတွေ့မှုမရတာကြောင့် ဦးနှောက်ထဲ ဓာတုဗေဒအပြောင်းအလဲတွေဖြစ်ပြီး စိတ်ဓာတ်ကျမှုကို ဦးတည်စေတာမျိုးပါ။ SAD ဖြစ်ရတဲ့အကြောင်းအရင်းတွေနဲ့ ရောဂါလက္ခဏာတွေအပြင် ဒါကိုသတိပြုနိုင်ဖို့နဲ့ ဆောင်ရန်၊ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါရစေ။

ဖြစ်ရတဲ့အကြောင်းအရင်း

အထူးသဖြင့် မိုးအဆက်မပြတ် ရွာတတ်တဲ့ မိုးရာသီမှာဆို လိုအပ်တဲ့နေရောင်ခြည်ကို ပြည့်ပြည့်ဝဝမရရှိတာ၊ မိုးတွေ၊ လေတွေနဲ့ အပြင်သိပ်မထွက်ဖြစ်တော့လို့ အိမ်တွင်းမှာပဲ အနေများလာတဲ့အခါ ဗီတာမင် ဒီ ချို့တဲ့ပြီး Serotonin ဓာတ်တွေ မထွက်တော့တာမို့ စိတ်ပိုင်းဆိုင်ရာအတွက် အားနည်းမှုတွေရှိလာနိုင်ပြီး SAD ဆိုတာ ဖြစ်လာနိုင်ပါတယ်။ အသက်အရွယ်ကြီးတဲ့သူတွေထက် ငယ်တဲ့သူတွေမှာ SAD ဖြစ်နိုင်ခြေများပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ရောဂါခံစားနိုင်ရခြေ ပိုများတတ်ပါတယ်။ နေရောင်ရရှိမှုနည်းပြီး နေ့တာတိုတဲ့ ဆောင်းတွင်းနေ့ရက်တွေအပြင် အခုလို မိုးများတဲ့နေ့ရက်တွေမှာလည်း ကိုယ်ခန္ဓာက နေရောင်ကောင်းကောင်း ထိတွေ့မှုမရှိတဲ့အတွက် စိတ်ခံစားမှုအတက်အကျတွေ ရှိနိုင်ပြီး ဥတုကာလ ကြာရှည်လေ ရောဂါခံစားရမှုကြာရှည်လေပါပဲ။

သတိထားသင့်တဲ့ သူ့ရဲ့လက္ခဏာတွေ
နေရောင်ခြည်ရရှိမှုနည်းလာတဲ့ မိုးရာသီ အစ သို့ ဆောင်းရာသီ အစ အချိန်တွေမှာ ကိုယ်က နေရောင်မခံမိဘဲ စားသောက်နေထိုင်မှုပါ မှားယွင်းနေမယ်ဆို SAD ရောဂါလက္ခဏာတွေ တွေ့ရဖို့အလားအလာများပါတယ်။ ဘယ်လောက် အိပ်အိပ် အိပ်ရေးမဝဘဲ ပင်ပန်းနွမ်းနယ်နေတာ၊ နေ့တိုင်းနီးပါး စိတ်ဓာတ်ကျ၊ ဝမ်းနည်းသလိုဖြစ်နေတာ၊ ကိုယ်ပျော်ရွှင်တတ်ကြွစွာ လုပ်ဆောင်နေကျ အရာတွေကိုတောင် စိတ်ပါဝင်စားမှုမရှိတော့တာ၊ အာရုံမစူးစိုက်နိုင်တာနဲ့ ကိုယ့်ကိုအပြစ်ရှိစိတ်နဲ့ တန်ဖိုးမရှိဘူးလို့ တွေးပြီး မျှော်လင့်ချက်ကင်းမဲ့လာတာမျိုးတွေ အထိ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပြင်းထန်တတ်တာပါ။ အစားအသောက်မှာလည်း ကာဗွန်ဟိုက်ဒရိတ်ဓာတ်များတဲ့ အရာတွေကိုပဲ အာသိသဖြစ်နေတတ်ပြီး အဝလွန်ခြင်းကို ဥ◌ီးတည်နေတတ်တာမို့လို့ သတိထားသင့်ပါတယ်။

ဒီလိုမဖြစ်အောင်

ဥတုရာသီကြောင့်ဖြစ်တဲ့ စိတ်အတတ်အကျလွယ်တဲ့ရောဂါ (SAD)ကို ကာကွယ်ဖို့အတွက် နည်းလမ်းအတိအကျရယ်လို့ မရှိပေမယ့် ဒီရောဂါခံစားလာရတယ်လို့ သိတာနဲ့ တပြိုင်နက် actionယူပြီး ကာကွယ်နိုင်ဖို့ အရေးကြီးဆုံးပါပဲ။ အားအင်ကုန်ခမ်းနေတာ၊ စားချင်၊ သောက်ချင်စိတ်ပျောက်လာတာ၊ အိပ်ချိန်မမှန်တော့တာ၊ စိတ်ခံစားမှုအပြောင်းအလဲပြင်းထန်တာတွေ ခံစားလာရတယ်ဆို ကျွမ်းကျင်ရာ ဆရာဝန်တစ်ဦးဦးနဲ့ ပြသဖို့ ဝန်မလေးနေဘဲ ရောဂါကို အနိုင်ယူနိုင်ဖို့လိုပါတယ်။ အရင်က SADရောဂါဖြစ်ဖူးထားတယ်ဆို ရာသီဥတုအပြောင်းအလဲကြုံတာနဲ့ ရောဂါပြန်ဖြစ်ဖို့လွယ်ကူတာမို့ ပိုပြီးတော့ မပေါ့ဆသင့်ဘဲ ဒီရောဂါဖြစ်ပွားတတ်တဲ့ ရာသီဥတုမစမှီ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။ ဒီလိုကာကွယ်မှုတွေမရှိဘဲ ရောဂါအခြေအနေဆိုးလာမယ်ဆို လူမှုပတ်ဝန်းကျင်မှာ ရှောင်ဖယ်ခံရတာ၊ မူးယစ်ဆေးစွဲလမ်းတာအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုတွေအထိ ဖြစ်စေနိုင်တာမို့ အရမ်းသတိထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုပါပဲ။

စိတ်ဝင်စားဖို့ကောင်းလောက်အောင်ပဲ လူတွေရဲ့ စိတ်ကျန်းမာရေးက အစားအသောက်နဲ့ နေတာထိုင်တာအပြင် အမြဲပုံမှန်ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့ ဆက်စပ်ပတ်သတ်နေတာပါ။ ဒီလိုရာသီအပြောင်းအလဲတွေကနေ ကိုယ့်စိတ်ကျန်းမာရေးမှာ အပြောင်းအလဲတွေ ဖြစ်လာပြီဆို အဘက်ဘက်က ကြိုတင်ပြင်ဆင်နိုင်ဖို့ အကြံပြုရင်း SAD ကိုဂရုပြုနိုင်ကြပါစေနော်။


Share

Comments

Related Posts