အလုပ်တွေကြိုးစားရင်း အပျော်တွေဘယ်လိုဖန်တီးကြမလဲ

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


ကြိုးစားခြင်းအတွက် ဆုလာဘ်တစ်ခုရှိတယ်ဆိုပေမယ့် ကျောင်းမှာရော ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေရရှိဖို့ ကြိုးစားနေကြရင်း  နေ့စဉ်ဘဝမှာ  စိတ်နဲ့ကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်ညီနေဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ 

ကျောင်းမှာရော လုပ်ငန်းခွင်မှာရော အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေရုံနဲ့ မပြီးသေးပါဘူး၊ အလုပ်နဲ့ ဘဝ ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ အတွက် အားလပ်ချိန်ယူပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပျော်ပါးပြီးနေထိုင်ဖို့ကလည်း အရေးကြီးပါတယ် ။ ဒီလိုကနေ  “work hard, play hard” ဆိုတဲ့ စကားစုလေး က ဒီနေ့ခေတ် လူငယ်တွေကြားမှာ အသုံးများရေပန်းစားလာတာပဲ ဖြစ်ပါတယ်။ အဲဒီစကားအတိုင်း တာဝန်ဝတ္တရားများနဲ့ ကတိကဝတ်တွေကြား အကျိုးရှိတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်ရင်း ဘဝရဲ့ ပျော်ရွှင်မှုတွေကိုလည်း ခံစားလိုက်ကြအောင်။

အလုပ်တွေကြိုးစားရင်း အပျော်တွေဖန်တီးခြင်းဖြင့် အကျိုးကျေးဇူး အများကြီးရနိုင်တယ်။ ပထမဦးဆုံး အလုပ်ကြိုးစားရင် ကိုယ့်ရဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် ပညာရေးမှာ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ပြီး ကိုယ့်ရဲ့ အရည်အချင်းတွေ တိုးတက်လာပါမယ်။  တစ်ဖက်ကလည်း လူမှုဆက်ဆံရေးနဲ့ အသိုင်းအဝိုင်းကြား အပျော်တွေ ဖန်တီးရင်း စိတ်ဖိစီးမှုတွေကို လျှော့ချကာ အလုပ်နဲ့ လူမှုဘဝ ပျော်ရွှင်မှုတွေ တိုးပွားလာမှာပါ။

ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ပြီး အလုပ်လည်းလုပ်မယ်..ပျော်လည်းပျော်မယ် ဆိုတဲ့ ဘဝဒဿနအတိုင်း နေထိုင်နိုင်ဖို နည်းလမ်းကောင်းတွေကို မျှဝေပေးပါရစေ။

(၁) ပျော်စရာတွေအတွက် အချိန်ပေးပါ။

အလုပ်လုပ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားပြီး ကိုယ်ကိုယ်တိုင်အတွက်ကျ အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်နော်။ ဒါကိုဖြေရှင်းဖို့ဆိုရင် ကိုယ့်ရဲ့အချိန်စာရင်းမှာ မီတင်လုပ်ဖို့ အချိန်ဖယ်ထားသလိုမျိုး  ကိုယ်အနားယူဖို့အတွက်လည်း အချိန်ဖယ်ထားပါ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာဖြစ်ဖြစ်၊ အားကစားတစ်ခုခုလုပ်လိုက်တာဖြစ်ဖြစ် ဒါမှမဟုတ်လည်း ကိုယ်ဝါသနာပါတဲ့အရာတစ်ခုခုလုပ်နေတာဖြစ်ဖြစ် ကိုယ့်အတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်တဲ့ ဘယ်အရာမျိုးအတွက်ပဲဖြစ်ဖြစ် အချိန်သက်သက်ဖယ်ထားလိုက်ဖို့ မမေ့ပါနဲ့နော်။

(၂)  အသစ်အဆန်းတွေကို စမ်းကြည့်ပါ။

တစ်ခါမလုပ်ဖူးတဲ့အရာတွေနဲ့ ဝါသနာအသစ်အဆန်းတွေကို ဆန်းကြည့်တာက ဗဟုသုတကြွယ်ဝဖို့၊ အသစ်တစ်ခုခုသင်ဖို့နဲ့ လုပ်ငန်းခွင်ပြင်ပမှာ အောင်မြင်မှုဆိုတဲ့အရသာကို ခံစားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒီလို လုပ်ကြည့်တာက လောကကြီးကို ပိုပြီး အကောင်းမြင်တတ်လာပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးတက်လာစေတဲ့အပြင်  မိမိကိုယ်ကို ချစ်တတ်လာစေပါတယ်။ ဒါကြောင့် ကိုယ်စမ်းကြည့်ဖို့ စိုင်းပြင်းနေတဲ့ အကသင်တန်းတို့၊ အချက်အပြုတ်သင်တန်းတို့၊ တောင်သွားတက်တာဖြစ်ဖြစ် လုပ်ကြည့်လိုက်ပါ။

(၃) နည်းပညာတွေရဲ့ အဝေးမှာ ခဏလောက်နေလိုက်ပါ။ 

နည်းပညာတိုးတက်လာတာက တကယ်ကောင်းပါတယ်။ ဒါပေမယ့် တခါတလေကျရင် ကိုယ့်ဘဝကို အရမ်းစိုးမိုးလာတယ်နော်။ အမြဲတမ်း ဒီဖုန်းတွေ သုံးနေတာက စိတ်ပင်ပန်းတာတွေ၊ စိုးရိမ်တာမျိုးတွေဖြစ်လာပြီး စိတ်ဓာတ်ကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နည်းပညာတွေနဲ့ ခဏလောက် အဆက်အသွယ်ဖြတ်ထားလိုက်ပြီး အခုလက်ရှိအချိန်ကို တဝကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားလိုက်ပါ။ လမ်းလျှောက်ထွက်တာမျိုး၊ စာအုပ်ဖတ်တာ ဒါမှမဟုတ်လည်း ဖုန်းနဲ့ လက်ပတော့စကရင်တွေကို  ကြည့်စရာမလိုတဲ့အရာတစ်ခုခုကိုလုပ်နေလိုက်ပါ။ 

 (၄) ငြင်းဆိုတတ်ဖို့ ကြိုးစားကြည့်ပါ။

အထူးသဖြင့် လူ‌တွေဟာ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ အထက်အရာရှိ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က အကူအညီတစ်ခုတောင်းလာရင် ငြင်းဆိုဖို့ ဝန်လေးတတ်ကြပါတယ်။ တောင်းဆိုမှုတိုင်းကို မငြင်းဆန်ဝံ့သာ လက်ခံလုပ်ဆောင်ပေးလိုက်ရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ကြုံရပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်တာဝန်မဟုတ်တဲ့ အရာတွေကို ကူညီပေးဖို့ ပြောလာရင် ကိုယ့်မှာ အချိန်မရှိဘူးဆို ငြင်းဆိုလိုက်ပါ။ ဒါမှသာ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ ခွန်အားတွေ သက်သာပြီး အရေးကြီးတဲ့ အလုပ်တွေအပေါ်မှာ အာရုံစိုက်လုပ်ကိုင်လာနိုင်မှာပါ။ လုပ်ငန်းခွင်မှာ ငြင်းဆိုတတ်တာကလည်း ကိုယ့်ရဲ့ ကိုယ်စိတ်ကျန်းမာရေးကို ထိန်းသိမ်း ကူညီရာရောက်ပါတယ်။ 

အလုပ်နဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီအောင် နေထိုင်နိုင်ရင် ကောင်းကျိုးတွေအများကြီးနော်။ စိတ်ပင်ပန်းနေတာတွေကို လျှော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ အလုပ်နဲ့ကိုယ်ပိုင်ဘဝ ဟန်ချက်ညီညီ ထိန်းထားနိုင်ခြင်းက ကိုယ့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေနိုင်တယ်လို့ သုတေသနစာတမ်းတွေက ဖော်ပြထားပါတယ်။ 

ဘဝမှာ အသစ်အဆန်းတွေကို ရှာဖွေရင်း အပန်းဖြေအနားယူတာမျိုးတွေလုပ်ပေးတာမျိုးက ကိုယ့်ရဲ့ ဦးနှောက်ကို အားအင်တွေပြန်လည်ဖြည့်တင်းပေးပြီး အာရုံစူးစိုက်မှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါကြောင့် ကိုယ်က လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါမှာ စိတ်ကူးသစ်၊ အိုင်ဒီယာသစ်တွေနဲ့ အလုပ်မှာ စွမ်းဆောင်ရည်တွေတိုးတက်လာပြီး အလုပ်လုပ်ရတာပိုပျော်စေမှာ အသေအချာပါပဲ။

နောက်ဆုံးပိတ်အနေနဲ့ပြောရမယ်ဆိုရင် အလုပ်နဲ့ ဘဝ ဟန်ချက်ညီနေဖို့ဆိုရင် အလုပ်လည်းလုပ်မယ်..ပျော်လည်းပျော်မယ်ဆိုတဲ့ ဘဝဒဿနအတိုင်း နေထိုင်နိုင်ဖို့က အရေးကြီးတယ်နော်။ ဒါကြောင့် အလုပ်လည်းလုပ်၊ ပျော်လည်းပျော်ရင်းနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်တဲ့ ဘဝတစ်ခုကို ရရှိဖို့ ကြိုးစားလိုက်ရအောင်။ 

 


Share

Comments

Nay Htun

အရင်ကဆို အလုပ်လုပ်မယ်၊ ပိုက်ဆံစုမယ် ဆိုတဲ့အတွေးနဲ့ပဲ Feelingless နေခဲ့မိတာ။ ဒါက လွဲမှားနေတယ်ဆိုတာ သိခဲ့တဲ့နောက်ပိုင်း Work - Life မျှအောင်နေဖို့ကြိုးစားခဲ့တယ်။ ဘဝအတွက် ရှင်သန်ဖို့ အလုပ်လုပ်ရသလို၊ ကျန်းမာပြီး ချစ်ရခင်ရတဲ့သူတွေနဲ့အတူ နေပျော်တဲ့ဘဝလေးပါ ပိုင်ဆိုင်ရရင် ပိုကောင်းတယ်ဆိုတာသိခဲ့ရပါတယ်။

Chakari Hsu

ကိုယ်လုပ်တဲ့ အလုပ်ကို ချစ်မယ် ကျေးဇူးတင်တတ်တဲ့စိတ်ရှိမယ်ဆို အလုပ်မှာပျော်မှာပါ☺️ စိတ်ကိုဖိစီးမှုတွေကင်းဝေးအောင် ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေကို ငြင်းဆိုဖို့ အားမနာပါနဲ့🙂 ဘဝက တစ်ကြိမ်သာ ရှင်သန်ရတာမို့ အလုပ်လဲလုပ်မယ် အဓိပ္ပါယ်ရှိတာတွေလဲလုပ်မယ် ပျော်အောင်လဲနေမယ် Work Life Balance 😊

Answer Was

အရမ်းတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ရင်‌ ဘောင်တန်း‌နိုင်ဖို့ အလုပ်ကိုပဲပိုပြီးအားစိုက်လုပ်မိနေကြတော့ ကိုယ်ပိုင်အချိန်လေးတွေနည်းလာကြတယ်။ ဒီဆောင်းပါးလေးထဲမှာ ပျော်စရာလေး‌ တွေပြုလုပ်ကြည့်ဖို့ အသစ်အဆန်းလေးတွေဖန်တီးကြည့်ဖို့ နည်းပညာနဲ့ခဏအဝေးနေဖို့၊ငြင်းဆန်တတ်ဖို့ နည်းလမ်းကောင်းလေးတွေဖတ်ရတာ အကျိုးရှိစေပါတယ်။

Related Posts