ပိတ်ရက်ရှည်မှာ မျှဝေဖို့ရာ

Posted in အစားအစာ

A Photo Credit to MY Yangon Guide


လူဆိုတာ တစ်ဦးတစ်ယောက်တည်း တစ်မိသားစုတည်း ရပ်တည်လို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ဦး တည်း သီးသန့်ရပ်တည်နေရတာထက်စာရင် ပတ်ဝန်းကျင်နဲ့ ကိုင်းကျွန်းမှီ၊  ကျွန်းကိုင်းမှီ ရပ်တည်ရှင်သန်ရတာ ပိုအဓိပ္ပါယ် ပြည့်ဝမယ်ထင်ပါတယ်။ အိမ်နီးနားချင်း ကောင်း ပတ်ဝန်းကျင်ကောင်းမှာ အပြန်အလှန် အမှီသဟဲပြုပြီး နွေးထွေးကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်သင့်ပါတယ်။ ပေးကမ်းမျှဝေခြင်းဟာ ရင်းနှီးမှုတည်ဆောက်ဖို့ အလျှင်မြန်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်လို့ ပိတ်ရက်ရှည်မှာ အချိန်ရတုန်း ရခိုက် အိမ်နီးချင်းနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ အပြင် ဘယ်သူ့ကိုမဆို စားသောက်ဖွယ်ရာတွေမျှဝေချင်တယ်ဆို အောက်က အစား အသောက်တွေကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ 

Photo Credit to Danuphyu Daw Saw Yee

သင်္ကြန်ထမင်း 

သင်္ကြန်ဆိုရင် သင်္ကြန်ထမင်းက မပါမဖြစ်ပဲပေါ့။ နံ့သာဖယောင်းနံ့မွှေးမွှေး ထမင်းအေးအေးလေးနဲ့ ငါးခြောက်ထောင်းကြော် ငရုတ်သီးကြော် အတွဲအဖက်က အစပ်အဟပ်တည့်လွန်းလှပါတယ်။ သင်္ကြန်ထမင်းကို ကျန်တဲ့အချိန်တွေလည်း လုပ်စားလို့ မရတာ မဟုတ်ပေမယ့် ဒီအချိန်မှာစားရတာနဲ့တော့ ခံစားချက်ချင်း ဘယ်တူပါ့မလဲနော်။ ကိုယ်လက်စွမ်းပြထားတဲ့ သင်္ကြန် ထမင်း အေးအေးမွှေးမွှေးလေးကို အိမ်နီးနားချင်းတွေနဲ့အတူ မျှဝေရင်း ပိုရင်းနှီးနွေးထွေးတဲ့ ဝန်းကျင်လေးတစ်ခုကို အခုပဲ စတင်လို့ရပါပြီ။

ကော်ရည်ခေါက်ဆွဲ 

ပါဝင်ပစ္စည်းများပေမယ့် ပြုလုပ်ရတာ သိပ်မခက်လှဘဲ စားကောင်းလို့ လူတိုင်းနီးပါးကြိုက်ကြတာကတော့ ကော်ရည်ခေါက် ဆွဲပဲ ဖြစ်ပါတယ်။ စတုဒိသာကျွေးသလိုမျိုးမှာတော့ သိပ်မတွေ့ရပေမယ့် လူ ၃/၄၀ စာ ဝေမျှမှာမျိုးဆိုရင်တော့ အထူး ကောင်းမွန်တဲ့ ရွေးချယ်စရာလို့ ပြောချင်ပါတယ်။ ကြက်ပြုတ်ရည်နဲ့ ကော်ရည်အရော ဟင်းရည်ချိုချိုမှာ မှိုခြောက် တွေရဲ့ အချိုဓာတ် ထပ်ဖြည့်ထားပြီး ခေါက်ဆွဲဖတ်အိအိလေးတွေနဲ့ ပဲပင်ပေါက်၊ ကန်စွန်းရွက်တို့လို အရွက်တွေရဲ့ ပေါင်းစပ်မှုက ဇွန်းကလက်က မချနိုင်စရာ ကော်ရည်ခေါက်ဆွဲကို ဖြစ်ပေါ်လာစေပါတယ်။ မွှေးမွှေးစပ်စပ် ငပိထောင်းတစ်ခွက်ကတော့ ဆွေမျိုးမေ့သွားမယ့် ကော်ရည်ခေါက်ဆွဲတစ်ပွဲရဲ့ ရွှေအိုရောင်အနားသတ်လေးပါပဲ။ ဒေသအလိုက် ပြုလုပ်နည်းတွေ ကွဲပြား ကြမှာဖြစ်ပြီး အခုပြောပြသွားတာက ရန်ကုန်ဆိုင်တော်တော်များများမှာ ရောင်းချနေတဲ့ ကော်ရည် ခေါက်ဆွဲပုံစံ ဖြစ်ပါတယ်။

သာခွေယိုင် 

ထမင်းတွေ၊ ခေါက်ဆွဲတွေပြီးတော့ အချိုပွဲတွေဘက် လှည့်ကြဦးစို့ရဲ့။ အစဦးဆုံးကို အချိုအီဆုံး သာခွေယိုင်လေးနဲ့ စလိုက် ကြမလား။ သူ့နာမည်ကြားလိုက်တာနဲ့ ချိုအီလို့ မူးမွေ့ခွေယိုင်သွားမတတ် ဆိုတဲ့ ခံစားချက်ကိုပေးနေတဲ့ သာခွေယိုင်က နာမည်နဲ့လိုက်အောင် အီစိမ့်ချိုမြမှု အပြည့်ပါ။ မလိုင်တက်အောင် ကြိုထားတဲ့ အုန်းနို့နဲ့ နို့စိမ်းအရောကို  ကောက်ညှင်းအိ ထွေးထွေး မှာ စမ်းပြီး တလုတ်ကယ်ဝဝ စားလိုက်ရရင်ဖြင့် ပါးစပ်နတ်ပြည်တက်သွားသလိုပါပဲတဲ့။ တစ်ခုသတိထားရမှာက အချိုအအီ အတက်စာဖြစ်လို့ ‌မတည့်တဲ့ရောဂါအခံတွေရှိရင်တော့ အလွန်အကျွံမစားမိဖို့ပါပဲ။ 

ရေခဲသုပ် 

အိမ်နီးချင်းနဲ့ အပေါင်းအသင်းတွေရဲ့ ပူလောင်လောင်နွေနေ့လယ်ခင်းတွေထဲကို ရေခဲသုပ်လေးတစ်ခွက် ရောက်ရှိလာမယ်ဆို ရင်ထဲထိ အေးသွားမှာ ဟုတ်သလားမေးနေဖို့တောင်မလိုဘူးနော်။ ကြိတ်စက်ထဲထည့်ကြိတ်ထားတဲ့ ရေခဲမွမွလေးတွေပေါ် မှာ နှင်းဆီရည်၊ သကြားရည်နဲ့ နို့ဆီတို့လို အချိုလေးတွေကိုစမ်း မြေပဲဆံကစလို့ အစေ့အဆံမျိုးစုံကို တင်၊ ကျောက်ဖရုံယိုနဲ့ စပျစ်သီး၊ ပန်းသီးစိပ်လေးတွပါထည့်ထားတဲ့ ရေခဲသုပ်ချိုအေးမွှေးလေးတစ်ခွက် လက်ခံရရှိသူရဲ့ လျှာဖျားကနေ နှလုံးသား ထဲထိ အေးချိုမြသွားစေမှာပါ။ ဒါကြောင့် ရေခဲသုပ်က ကိုယ်ချစ်တဲ့သူတွေကို အချစ်တွေပေးဖို့ ကြားခံအဖြစ် သုံးလို့အကောင်းဆုံး အချို ပွဲလေး ဖြစ်နေတာပေါ့။

မုန့်လက်ဆောင်း 

အဆုံးသတ်မှာတော့ အရိုးရှင်းဆုံးက အကောင်းဆုံးပဲမဟုတ်လား။ မုန့်လက်ဆောင်းဖတ် ဖြူဥဥလေးတွေပေါ်မှာ မြေအိုး လေးထဲထည့် အအေးခံထားတဲ့ ထန်းလျက်ရည်ချိုကျဲကျဲလေး (သို့) သကြားရည်နဲ့ နံ့သာရည်လေး တစ်ပေါက် နှစ်ပေါက် အုပ်လို့ ဖန်ခွက်လေးထဲ ထည့်သောက်ရတဲ့ မုန့်လက်ဆောင်းက ဘယ်တော့မှ ရိုးမသွားပါဘူး။ ပါဝင်ပစ္စည်းကလည်း ၃ မျိုး တည်းရယ်မို့ ကရိကထလည်းနည်း ကုန်ကျစရိတ်အားဖြင့်လည်း ဝန်ပေါ့တဲ့ မုန့်လက်ဆောင်းချိုချိုးလေးတွေက လက်လှမ်းမှီ ရာ မျှဝေဖို့ အကောင်းဆုံး နွေအချိုပွဲပါပဲ။ 

အချိုပွဲတွေပဲဖြစ်ဖြစ်၊ မုန့်နဲ့ ထမင်းဟင်းတွေပဲဖြစ်ဖြစ် တန်ဖိုးနည်း/များမဆို ဟင်းခွက်ကမ်းခြင်းဓလေ့ဟာ တစ်ဦးနဲ့တစ်ဦး၊ တစ်အိမ်နဲ့တစ်အိမ်ကစ ပတ်ဝန်းကျင်တစ်ခုလုံး အချင်းချင်းဖေးမကူညီ၊ နွေးထွေးညီညွတ်ကြခြင်းရဲ့ အခြေခံနည်းလမ်း တစ် ခုပါပဲ။ တစ်ယောက်တည်းနေတာ များလာပြီး မိသားစုနဲ့တောင် အလာပသလာပ သိပ်မပြောဖြစ်ကြတဲ့ မြို့ပြလူနေမှုမှာ ရင်း နှီး နွေးထွေးတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း တည်ဆောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အများ ကြီး အထောက်အကူပြုပါတယ်။ နှလုံးသားဆီကိုသွားဖို့ အနီးဆုံးဖြတ်လမ်းဟာ အစာအိမ်ဖြစ်တာကြောင့် ပိတ်ရက်ရှည်မှာ ချစ်ရသူတွေနဲ့ အနီးဝန်းကျင်ကို စားကောင်းတာလေးတွေမျှဝေခြင်းကနေတဆင့် ချစ်ခြင်းမေတ္တာတွေ လက်ဆင့်ကမ်းလိုက် ကြရအောင်။


Share

Comments

Related Posts