အိမ်မက်၊ ဝါသနာနဲ့ အောင်မြင်မှုတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေနောက် လိုက်ရင်းနဲ့ပဲ ကိုယ့်အနီးအနားက ကိုယ့်ကို ကျောထောက် နောက်ခံ ပြုပေးနိုင်တဲ့၊ ထောက်ပံ့ပေးနေတဲ့ မိသားစုဝင်တွေရဲ့ အရေးပါမှုကို မေ့နေတတ်ကြပါတယ်။ ဒီလိုမော်ဒန်ခေတ်ကြီး မှာ မိဘ၊ မောင်နှမသားချင်း၊ ဆွေမျိုးတွေနဲ့ ခပ်စိမ်းစိမ်းဖြစ်တာ များလာပါတယ်။ သူစိမ်းတစ်ယောက်ရဲ့ ချီးကျူးစကားတစ် ခွန်း၊ အားပေးကူညီမှုတစ်ခုကိုတောင် ကျေးဇူးတင်တတ်ကြရင် ဘာ့ကြောင့် ကိုယ့်အနီးအနားက မိသားစုဝင်တွေရဲ့ ကောင်း မွန်မှုကို အသိအမှတ်မပြုနိုင်ရမလဲ။ ခပ်တန်းတန်းဖြစ်လာတဲ့ အရင်းနှီးဆုံးဆက်ဆံရေးတွေနောက်ကွယ်က အကြောင်းရင်း တွေနဲ့ နွေးထွေးကောင်းမွန်တဲ့ ဆက်ဆံရေး ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
အသိအမှတ်မပြုမိခြင်း
အနီးဆုံးမှာရှိနေတဲ့ အရာတွေရဲ့ အလှတရားနဲ့ ကောင်းမွန်မှုကို နေ့စဥ်မြင်တွေ့နေရတဲ့အခါ ဘာမှမဆန်းတော့သလို ဖြစ်သွား တတ်ပါတယ်။ အိမ်ခန်းအပြင်အဆင်တစ်ခုကို မြင်ရဖန်များလာ တဲ့အခါ ငြီးငွေ့စရာဖြစ်လာတယ်၊ အလှတရားတစ်ခုကို မြင်ရဖန်များလာတဲ့အခါ လှတဲ့နေရာကို မရှာနိုင်ကြတော့ဘူးတဲ့။ ဒီလိုပါပဲ ကိုယ့်အပေါ်ကောင်းပေးတာ တသက်လုံးလိုလို ဖြစ်လာတဲ့အခါ သြော် ကောင်းပေးနေတာပါလား၊ အချစ်ခံနေရတာ ပါလား လို့ မစဥ်းစားမိကြတော့ဘဲ ရသင့်ရထိုက်တဲ့ မွေးရာပါ အခွင့်အရေးရယ်လို့ ဖာသိဖာသာပဲ ဖြစ်လာပါတော့တယ်။
သီးသန့်ဆန်တဲ့ လူနေမှု
နောက်တစ်ခုကတော့ သီးသန့်ဆန်လာတဲ့ လူနေမှုပုံစံကြောင့်ပါပဲ။ တစ်ယောက်တည်းနေကြတယ်၊ တသီးတသန့် ရပ်တည် ကြတယ်။ မိုးလင်းကနေ မိုးချုပ်အလုပ်လုပ်ကြပြီး ပြန်လာရင်လည်း ဝိုင်းဖွဲ့ စကားပြောတာ၊ အတွေ့အကြုံတွေ ဖလှယ်တာ၊ ထမင်းလက်ဆုံစားတာမရှိတော့ဘဲ ကိုယ့်အခန်းထဲကိုယ်ဝင်နားတဲ့ နေ့စဥ်ဘဝက သီးသန့်ဆန်မှုနဲ့အတူ စိမ်းသက်မှုတွေကိုပါ ယူဆောင်လာလို့ပါ။
ချစ်တာကို ထုတ်မပြခြင်း
ကလေးကို ချစ်ကြောင်းထုတ်ပြရင် ကလေးက မနာခံတော့မှာ၊ ဂျီဂျမှာ စတဲ့ အယူအဆကြောင့် မိဘနဲ့ သားသမီးကြား၊ မောင်နှမတွေကြား ချစ်ခြင်းမေတ္တာကို ပေါ်ပေါ်ထင်ထင်ထုတ်မပြတတ်ကြတာမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းနဲ့ ပျိုးထောင် ခံရပြီး ကြီးပြင်းလာတဲ့ကလေးက ကောင်းမွန်တဲ့ ခံစားမှုတွေ၊ ချစ်ခြင်းနဲ့ အသိအမှတ်ပြုခြင်းတွေကို ဘယ်လိုထုတ်ပြရမှန်း မသိတာခြင်းက မိဘနဲ့ အရွယ်ရောက်လာတဲ့ သားသမီးကြား လက်ပွန်းကတီးမရှိရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။
ပိုရင်းနှီး၊ နွေးထွေးတဲ့ အသိုင်းအဝိုင်းတစ်ခု ဖန်တီးနိုင်ဖို့ နည်းလမ်းကောင်းအချို့ကို ဖော်ပြထားပါတယ်။
ခရီးထွက်ခြင်းက ပတ်ဝန်းကျင်အသစ်နဲ့ ထိတွေစေပြီး စိတ်လက်ကြည်သာစေလို့ မိသားစုလိုက်ခရီးသွားရင်း စကားစမြည် ပြောခြင်းက ရင်းနှီးစေဖို့၊ အမှတ်တရကောင်းတွေ ဖန်တီးကြဖို့ အကြံကောင်းပါပဲ။ ဒါကြောင့် ပိတ်ရက်တွေမှာ မိသားစုလိုက် နေရာအသစ်တွေကို ခရီးထွက်ရင်း၊ ဒေသစာတွေ စားကြည့်ပြီး၊ ဓလေ့ထုံးတမ်းအသစ်အဆန်းတွေကို လေ့လာရင်း တစ် ယောက်နဲ့တစ်ယောက်ကြား ပိုမိုရင်းနှီးနွေးထွေးနိုင်တာပေါ့။
အချိန်ကောင်းများ အတူတူဖန်တီးခြင်း
ကိုယ်ပိုင်အချိန်လည်းလိုပေမယ့် ပိတ်ရက်တွေ၊ အားလပ်ချိန်တွေထဲက အချို့က မိသားစုနဲ့ အတူအချိန်ကုန်ဆုံးကြည့်ပါ။ ဟင်းအတူချက်တာ၊ ရုပ်ရှင်အတူကြည့်တာလိုမျိုး Indoor Activity တွေကနေ အတူတူဈေးဝယ်ထွက်တာ၊ ခရီးသွားတာ စတဲ့ outbound activities တွေ လုပ်ဆောင်ပြီး တစ်ယောက်နဲ့တစ်ယောက်ကြား ပိုရင်းနှီးလာအောင် လုပ်ဆောင်နိုင်ပါ တယ်။
အသိအမှတ်ပြုခြင်း
ကိုယ်နဲ့အရင်းနှီးဆုံးသူတွေရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကို အသိအမှတ်ပြု၊ ချီးကျူတာမျိုး ဒီနေ့ကစပြီး လုပ်ကြည့် လိုက်ကြရအောင်။ ကိုယ့်မိဘပဲ၊ မောင်နှမပဲ ဒါသူတို့လုပ်ပေးရမှာတွေ၊ ထမင်းချက်တာ၊ အိမ်တံခါးဖွင့်ပေးတာ၊ မုန့်ဝယ်ခဲ့တာ သူတို့လုပ်နေကျပဲ ကျေးဇူးတင်စရာမလိုဘူးလို့ မတွေးဘဲ ဒီ့အတွက် အသိအမှတ်ပြု၊ ကျေးဇူးတင်စကားပြောသင့်ပါတယ်။
နားလည်ပေးခြင်းနှင့် ခွင့်လွှတ်ခြင်း
မိဘဆိုတိုင်း အရာရာကို ပြီးပြည့်စုံစွာနဲ့ အမှားယွင်းကင်းကင်းလုပ်ဆောင်နိုင်တာမဟုတ်ဘူး၊ ရင်းမြစ်အခြေခံက လူသားတွေ ပဲမို့ မှားယွင်းတတ်တယ်၊ လိုအပ်ချက်တွေ မပြည့်စုံမှုတွေ၊ ဝမ်းနည်းမှုနဲ့ ခံစားချက်တွေ ရှိတယ်ဆိုတာ နားလည်ထားရပါ မယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အငြင်းပွားစရာလေးတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်ကြတဲ့အခါ ဒီ သဘောတရားကို နားလည်ပြီး ခွင့်လွှတ်ပေးနိုင်မယ်ဆို သာယာချမ်းမြေ့တဲ့ မိသားစုလေး ဖြစ်လာမှာပါ။
မိသားစုဝင်အချင်းချင်း အထူးသဖြင့် မိဘတွေဟာ ကိုယ့်ကို အကောင်းဆုံးထောက်ပံ့ကူညီပေးနေပေမယ့် ကိုယ့်ဘက်က ဒါကို အသိအမှတ်ပြဖို့၊ ကျေးဇူးတင်ဖို့ မေ့နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပွင့်လင်းနွေးထွေးတဲ့ ဆက်ဆံရေးမရှိဘဲ အကွာအဝေးတစ်ခု ခြားနေတတ်ကြပါတယ်။ ဒီလိုဖြစ်နေတာ ကောင်းတဲ့သဘောတော့ မဆောင်ပါဘူး။ ဒီလိုဖြစ်နေတာ ကောင်းတဲ့သဘောတော့ မဆောင်ပါဘူး။ စိတ်ရောကိုယ်ပါ ကျန်မာစေဖို့၊ ကောင်းမွန်နွေးထွေးတဲ့ ရပ်ဝန်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် မိသားစုနဲ့ ရင်းနှီး ကျွမ်းဝင် တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ အခုပဲ အတူတူစတင်ကြရအောင်။
Comments