နာမည်ကြီးမုန့်တွေရဲ့ ထင်မှတ်မထားတဲ့ မူလနိုင်ငံများ

Posted in အစားအစာ


ကမ္ဘာတစ်လွှားက နာမည်ကြီး လူကြိုက်များကြတဲ့ အစားအစာတွေရဲ့ မူလနိုင်ငံတွေကို သိကြလား။ နာမည် ကျော် စားစရာတွေရဲ့  သမိုင်းကြောင်းတွေကို အသေးစိတ် မသိဘူးဆိုရင်တောင် အပေါ်ယံဝိုးတဝါးတော့ ခန့်မှန်းမိကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ကိုယ်ထင်ထားနဲ့ အံ့သြဖွယ်ရာ ကွဲလွဲနေတဲ့ နာမည်ကြီးမုန့်တွေရဲ့ မွေးရပ်မြေတွေကို ဖော်ပြလိုက်ပါတယ်။

(၁ဘာဘယ်တီး (Bubble Tea) 

ကိုယ်တွေထင်နေတဲ့ မူလနိုင်ငံ - တရုတ်(သို့) ထိုင်း 

တကယ့်မူရင်းက - ထိုင်ဝမ်

ယနေ့ခေတ်ရဲ့ လူကြိုက်အများဆုံး သောက်စရာတစ်ခုအဖြစ် ရပ်တည်နေတဲ့ Bubble Tea ကို ထိုင်း (သို့) တရုတ်နိုင်ငံက စတင်ခဲ့တဲ့ သောက်စရာတစ်မျိုးလို့ ထင်မှတ်မှားကြပါတယ်။ ဒါပေမယ့် သူ့ရဲ့ သမိုင်းကြောင်း ကို သေချာရှာဖွေကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွေက စတင်ပေါ်ပေါက်ခဲ့တာ မဟုတ်ဘူးဆိုတာ တွေ့ရမှာ ပါ။ အပူရော အအေးအနေနဲ့ပါ သောက်သုံးနိုင်တဲ့ ဒီလက်ဖက်ရည်က (၁၉၈၀) ကာလ ထိုင်ဝမ်မှာ စတင် ပေါ် ပေါက်ခဲ့တယ်လို့ သိရပါတယ်။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်တဲ့ လင်းရှူဝေ(Lin Hsui Hui) က သူ့ရဲ့ လက်ဖက်ရည်ထဲကို ပီလောပီနံမှုန့်နဲ့ ပြုလုပ်ထားတဲ့ Bubble ပုလဲလေးတွေ ထည့်ရောင်းခဲ့ရာမှ လူကြိုက်များ လာပြီး ဘာဘယ်တီး (Bubble Tea) ရယ်လို့ ဖြစ်ပေါ်လာတာပါ။ ယခုအခါမှာတော့ ပုလဲအပြင် အခြား အသီးအနှံနဲ့ topping အမျိုးမျိုး ထည့်သွင်း ပြင်ဆင်လာကြပါတယ်။

(၂) တန်ပူရာ (Tempura) 

ကိုယ်တွေထင်နေတဲ့ မူလနိုင်ငံ - ဂျပန်

တကယ့်မူရင်းက - ပေါ်တူဂီ

အသီးအရွက်စုံနဲ့ ပင်လယ်စာတွေကို မုန့်နှစ်နဲ့ကပ်ပြီး ကြွပ်ကြွပ်ယွယွလေးဖြစ်အောင် ကြော်ထားတဲ့ တန်ပူရာကို ဂျပန်ဟင်းပွဲအဖြစ် လူသိများ၊ လူကြိုက်များကြပါတယ်။ အံ့သြဖွယ်ကောင်းတာတစ်ခုက တန်ပူရာရဲ့ မူလဇစ်မြစ် ဟာ ဂျပန်ဟင်းလျာ မဟုတ်ဘူးဆိုတာပါပဲ။ (၁၆) ရာစုမှာ ဂျပန်နိုင်ငံနဲ့ ကူးလူးဆက်ဆံမှုတွေ ရှိခဲ့တဲ့ ပေါ်တူဂီ ကုန်သည်တွေက ဒီဟင်းပွဲကို စတင်မိတ်ဆက်ခဲ့ကြတယ်လို့ သိရပြီး ဂျပန်စားဖိုမှူးတွေက ဂျပန်ဒေသထွက် ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်နိုင်ခဲ့တာကြောင့် (၁၉) ရာစုမှာ တန်ပူရာကို ဂျပန် ရိုးရာ ဟင်းပွဲအဖြစ် လူသိများနေပါပြီ။ ဒါကြောင့် ဂျပန်မှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ကြိုက်နှစ်သက်ကြတဲ့ တန်ပူရာက မူလပေါ်တူဂီဟင်းပွဲကို ဂျပန်ရိုးရာအဖြစ် အဆင့်မြှင့်ပြောင်းလဲနိုင်ခဲ့တဲ့ ဟင်းတစ်ပွဲလို့ ပြောချင် ပါ တယ်။


(၃) ပါစတာ (Pasta) 

ကိုယ်တွေထင်နေတဲ့ မူလနိုင်ငံ - အီတလီ

တကယ့်မူရင်းက - တရုတ် 

ပါစတာလို့ ပြောလိုက်တာနဲ့ အီတလီနိုင်ငံရဲ့ ရိုးရာအစားအစာလို့ ပြေးမြင်တဲ့အထိ လူတွေရဲ့ အသိစိတ်ထဲ မှာ အီတလီနဲ့ ပါစတာကို ခွဲလို့မရအောင် တွဲမြင်နေကြပါပြီ။ ဒါပေမယ့် ပါစတာဟာ တကယ်ရော အီတလီက စတင် ပေါ်ပေါက်ခဲ့တဲ့ ဟင်းပွဲဟုတ်ရဲ့လား။ မယုံနိုင်စရာကောင်းနေနိုင်ပေမယ့် ပါစတာရဲ့ မူလရင်းမြစ်ဟာ တရုတ်နိုင်ငံ ပါ။ (၁၃) ရာစု ဥရောပရဲ့ နယ်မြေသစ်ရှာဖွေသူတွေ အာရှဖက်ကို စတင်ခြေဆန့်လာခဲ့ချိန်က တရုတ်နိုင်ငံရဲ့ ကြက်ဥ ခေါက်ဆွဲကို ရှာတွေ့ခဲ့ကြပြီး ပါစတာအဖြစ် ပြုပြင်ပြောင်းလဲခဲ့တယ်လို့ ယူဆကြပါတယ်။ ကြက်ဥနဲ့ ဂျုံကို အခြေခံတဲ့ ခေါက်ဆွဲဟာ တရုတ်နိုင်ငံမှာ BC  (၁) ရာစု လောက်ကတည်းက ပေါ်ပေါက်နေပါပြီ။ မာကိုပိုလို (သို့) အခြားနယ်မြေသစ်ရှာဖွေသူတစ်ဦးက တရုတ်ကြက်ဥခေါက်ဆွဲကို အီတလီနိုင်ငံဆီ ယူဆောင် သွားပြီး အီတလီဟန် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်ကာ စပါကတီရယ်လို့ ဖြစ်ပေါ်လာတယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

(၄) ခရုမုန့် (Croissant) 

ကိုယ်တွေထင်နေတဲ့ မူလနိုင်ငံ - ပြင်သစ် 

တကယ့်မူရင်းက - သြစတေးယ (Austria) 

ခရိုးဆန့်၊ ခွစွန့်၊ ခရုမုန့် ဘယ်လိုပဲခေါ်ခေါ်  ဒီပေါင်မုန့်ကို မြင်လိုက်တဲ့အခါတိုင်းမှာ ပြင်သစ်မုန့်လို့ပဲ ထင်မှတ်မိနေ ပါတယ်။ သို့ပေမယ့် ဒီမုန့်က ပြင်သစ်ပြည်ဖွားမဟုတ်ဘဲ သြစတေးယ(Austria) ဒေသသားလေးပါတဲ့။ လခြမ်း ပုံသဏ္ဍာန်ပေါင်မုန့်တွေကို ရှေးခေတ်အီစတာပွဲတော်မှာ ထည့်သွင်းဖို့ ဓလေ့ထုံးတမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြ ပါတယ်။ ခရိုးဆန့်ရဲ့ မူရင်းမုန့်ဖြစ်တဲ့ kipferl ကို (၁၂) ရာစု ကတည်းက သြစတေးယရဲ့ အီစတာပွဲတွေမှာ စတင် တွေ့ရှိနေပြီလို့ သမိုင်းပညာ‌ရှင်တွေက ဆိုကြတာကြောင့် ခရိုးဆန့်ရဲ့ မူလနိုင်ငံက ပြင်သစ်မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နူးညံ့တဲ့ ဂျုံသားနဲ့ အရသာရှိတဲ့ ခရုမုန့်တွေက နိုင်ငံတကာမှာ ပြင်သစ် ခရိုးဆန့် ရယ်လို့ နာမည်ကြီးနေဆဲပါ။

(၅) ဒိုးနတ်(Donut) 

ကိုယ်တွေထင်နေတဲ့ မူလနိုင်ငံ အမေရိကန် 

တကယ့်မူရင်းက - ဂရိ

ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးဆိုတဲ့ ဒိုးနတ်အမှတ်တံဆိပ်တွေကို အမေရိကန်နိုင်ငံက ထုတ်လုပ်တာကြောင့် ဒိုးနတ်ရဲ့ ဇာတိချက်မြှုပ်က အမေရိကန် လို့ ထင်မယ်ဆိုလည်း ထင်သင့်ပါတယ်။ မူလပထမ ဒိုးနတ်တွေက ဒီနေ့ မြင်ရသလို အလယ်မှာ အပေါက်နဲ့ လက်စွပ်ပုံမဟုတ်ဘဲ အလုံးလေးတွေပါတဲ့။ ဒီမုန့်အချိုကို ဒတ်ချ် ရွေ့ပြောင်း နေထိုင်သူတွေက ဥရောပကနေ တဆင့် နယူးယောက်ဆီကို ခေါ်ဆောင်လာခဲ့ကြတာပါ။ တကယ်တော့ ဒိုးနတ်ရဲ့ မွေးရပ်မြေက ဂရိနိုင်ငံဖြစ်ပါသတဲ့။ Loukoumades လို့ခေါ်တဲ့ ပျားရည်စမ်းမုန့်ချိုလုံးလေးတွေဟာ လက်စွပ်ပုံ ဒိုးနတ်ရဲ့ မူလပုံသဏ္ဍာန်ပါပဲ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၇၇၆) (776 BC) ကတည်းက ကျင်းပနေပြီဖြစ်တဲ့ အိုလံပစ်ပွဲတွေမှာ ဘိုးဘေးဒိုးနတ်တွေဖြစ်တဲ့ ပျားရည်မုန့်ချိုလုံးလေးတွေကို အနိုင်ရသူအတွက် ဆုလက်ဆောင် အဖြစ် ပေးခဲ့ကြပါတယ်။ ဒီလို ရှည်လျားခိုင်မာတဲ့ သမိုင်းကြောင်းတွေက ဒိုးနတ်တွေဟာ ဂရိဇာတိမုန့်တွေလို့ ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်။

ကိုယ်နေ့စဥ် အမှတ်တမဲ့ စားသုံးနေတဲ့ အစားအစားတွေဟာ တကယ်တော့ ရှည်လျားတဲ့သမိုင်းကြောင်းတွေ၊ ယဥ်ကျေးမှုပေါင်းကူးတံတားနဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ပြယုဂ်ဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ် ပြီးတဲ့အခါ ဒိုးနတ်စားရင်း ပထမဦးဆုံး အိုလံပစ်ပြိုင်ပွဲမှာ ဆုရရှိသူဟာလည်း ဒီလို မုန့်အချိုကိုပဲ စားသုံးခဲ့ ကြောင်း၊ ခရုမုန့် (Croissant) ဟာ ရှေးခေတ် သြစတေးယ အီစတာပွဲတွေမှာ ခန့်ခန့်ထည်ထည် ပါဝင်‌နေ ခဲ့မှာ ဖြစ်ကြောင်း၊ တန်ပူရာဟာ မူလပေါ်တူဂီဟင်းလျာကို ဂျပန်ရိုးရာနဲ့ ပေါင်းစပ် ဆန်းသစ်ခဲ့တဲ့ ရလဒ်ဖြစ်ကြောင်း စသဖြင့် အတွေးစတွေ ကျန်နေမယ်လို့ မျှော်လင့်ပါတယ်။ အခုဖော်ပြခဲ့တာနဲ့ အလားတူ အခြားအစားအစာတွေ ရှိသေးတယ်ဆိုရင်လည်း မျှဝေသွားကြပါဦး။


Share

Comments

Related Posts