ခွေးလေးကြောင်လေးတွေ ရာသီတုပ်ကွေးဖြစ်တဲ့အခါ

Posted in အိမ်မွေးတိရစ္ဆာန်, တိကျန်းမာရေး


ရာသီအပြောင်းအလဲဆို လူတော်တော်များများ နှာစေး၊ ချောင်းဆို၊ ဖျားနာ စတဲ့ ရောဂါလက္ခဏာတွေပြပြီး တုပ်ကွေးဖြစ်ကြရောပဲ‌နော်။ ဒီရာသီတုပ်ကွေးက အိမ်မှာမွေးထားတဲ့ ခွေးလေး၊ ကြောင်‌လေးတွေမှာရော ဖြစ်တတ်ပါတယ်လို့ပြောရင် အံ့သြစရာများ ဖြစ်နေမလား။ ဒါဟာအမှန်ပါပဲ။ ဒါကြောင့် တုပ်ကွေးမိနေတဲ့ အမွေးလုံးလေးတွေကို ဘယ်လိုဂရုစိုက်ပေးရမလဲ၊ တုပ်ကွေးမမိအောင် ဘယ်လိုကြိုတင်ကာကွယ်ပေးလို့ရလဲ ဆိုတာတွေကို နည်းနည်းလောက် တီးမိခေါက်မိ လေ့လာထားကြရအောင်။

တိ တုပ်ကွေးဆိုတာ 

ခွေးရော ကြောင်ပါ တုပ်ကွေးဖြစ်တတ်ကြတာ မှန်ပေမယ့် တိလေးတွေမှာ ဖြစ်တဲ့ တုပ်ကွေးက လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တုပ်ကွေးနဲ့တော့ မတူပါဘူး။ ခွေးတွေမှာဖြစ်တဲ့ တုပ်ကွေးနဲ့ ကြောင်တုပ်ကွေးကလည်း မတူ ညီတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်တွေက လူကနေ တိ၊ တိကနေ လူကို အပြန်အလှန် ကူးစက်ဖို့ ခဲယဥ်းပါတယ်။ စိုစိုစွတ်စွတ်ဖြစ်နေတဲ့ အချိန်တွေ၊ ရာသီအကူးအပြောင်းတွေမှာ တိလေးတွေ တုပ်ကွေး အဖြစ်များကြပြီး သခင်တွေ အသိနောက်ကျရင် အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်လို့ သတိထားရ မယ့် ဗိုင်းရပ်စ် တစ်မျိုး ဖြစ်ပါတယ်။

တုပ်ကွေးလက္ခဏာများ 

တိလေးတွေ တုပ်ကွေးမိရင် ပြတဲ့လက္ခဏာတွေက လူတွေဖြစ်တဲ့ လက္ခဏာတွေနဲ့ တော်တော်များများ ဆင်တူ ကြပါတယ်။ တိအမျိုးအစားနဲ့ သူတို့ရဲ့ကိုယ်ခံအားတွေပေါ်မူတည်ပြီး အသေးစိတ်လက္ခဏာတွေကတော့ မတူညီ ကြဘူးပေါ့နော်။ တိလေးတွေ တုပ်ကွေးမိရင် ယေဘုယျအားဖြင့်

-နုံးပြီး မလှုပ်မရှား၊ မကစားဘဲ ခွေနေမယ်။

-အစာစားတာလည်း နည်းမယ်၊ ဒါမှမဟုတ် လုံးဝအစာမဝင်တာမျိုးလည်း ဖြစ်နိုင်တယ်။

-ပုံမှန်ထက် ကိုယ်အပူချိန်ပိုများနေမယ်၊ အသက်ရှူထုတ်တဲ့လေ ပူနေ၊ နှာသီးဖျား ခြောက်သွေ့နေမယ်။

-နှာချေမယ်၊ ချောင်းဆိုးမယ်၊ နှာရည်အကြည်တွေကျမယ်။

-အန်မယ်၊ (အဖြူရောင်အမြှုပ် ဒါမှမဟုတ် အဝါရောင်အရည်တွေ အန်နိုင်ပါတယ်)

- မျက်လုံးမှာ မျက်ဝတ်တွေ ပိတ်နေမယ်။

ဒီလို တုပ်ကွေးလက္ခဏာတွေထဲက တစ်ခုခုပြနေပြီဆို မပေါ့ဆဘဲ ဆေးခန်းမြန်မြန်သွားဖို့ လိုပါတယ်။ ဆရာဝန်‌ တွေက လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး သင့်တော်တဲ့ ပိုးသတ်‌ဆေး ပေးပါလိမ့်မယ်။ 

အိမ်တွင်းပြုစုစောင့်‌ရှောက်မှုများ 

တုပ်ကွေးကာလကို တိလေးတွေ ကောင်းကောင်းကျော်ဖြတ်နိုင်ဖို့ဆို ဆေးခန်းပြတာအပြင် အိမ်တွင်း ပြုစုစောင့် ရှောက်မှုတွေလည်း လုပ်ဖို့ လိုအပ်တာ အမှန်ပါပဲ။ ကိုယ့်အိမ်မှာ တိလေး တစ်ကောင်မကရှိတယ်ဆိုရင် တခြား တိတွေကို ဗိုင်းရပ်စ်မကူးစေဖို့ တုပ်ကွေးဖြစ်နေတဲ့ တိလေးကို သီးသန့်ခွဲထားဖို့ လိုပါတယ်။ သီးသန့်ခွဲထားတဲ့ အခါလည်း အားမငယ်ရအောင် သခင်က အနီးကပ်ပြုစု၊ အားပေးခြင်းတာ၊ နွေးနွေးထွေးထွေး၊ သက်တောင့် သက်သာဖြစ် အောင် တိလေးစိတ်အားတက်ကြွဖို့၊ မြန်မြန်ပြန်နလထူလာဖို့ အရေးကြီးတဲ့ အချက်ပါ။ တုပ်ကွေး မိလို့ အစာမဝင်တဲ့ တိလေးကို အစာမာတွေ အတင်းမကျွေးဘဲ အာဟာရမပြတ်စေဖို့ ကြက်ပေါင်းရည်၊ အရိုး ပြုတ်ရည် စတဲ့ အာဟာရဖြစ်စေမယ့် အရည် မျိုးကိုပဲ ဝင်အောင်တိုက်ပေးပါ။ ဆရာဝန်ရဲ့ ကုသမှုအပြင် သခင်ရဲ့ စောင့်ရှောက်မှုကလည်း တိလေးတွေ နေပြန်ကောင်းလာဖို့ အဓိကအချက် ဖြစ်ပါတယ်။

ကြိုတင်ကာကွယ် တိတုပ်ကွေး အန္တရာယ် 

ဘယ်တော့မဆို ကုသခြင်းက ကြိုတင်ကာကွယ်ခြင်းထက် ပိုကောင်းတာ အသေအချာပါပဲ။ တိလေးတွေကို တုပ်ကွေးမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ပေးထားလို့ရလဲ ကြည့်လိုက်ကြရအောင်။

-တုပ်ကွေးရာသီစပြီဆိုတာနဲ့ အိမ်ကတိလေးတွေကို လူထူထပ်တဲ့နေရာမျိုးတွေကို မခေါ်သွားပါနဲ့။ အိပ်ပြင်မှာ တခြားတိတွေနဲ့ ထိတွေ့ခြင်းကိုလည်း တတ်နိုင်သမျှ လျော့ချသင့်ပါတယ်။

-သခင်ကိုယ်တိုင်ကလည်း အပြင်ကပြန်လာတဲ့အခါ တိလေးတွေကို ချက်ချင်းမထိတွေ့သေးဘဲ အရင်ဆုံး လက်ဆေးတာ၊ ဆေးကြောသန့်စင်တာမျိုး လုပ်သင့်ပါတယ်။

-ရာသီဥတု အကူးအပြောင်းမှာ တိလေးတွေကို နွေးနွေးထွေးထွေးထားတာ၊ ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ဖို့ နဲ့ အစာပုံမှန်စားနေဖို့ ဂရုစိုက်ပေးတာမျိုးကတော့ အခြေခံ လိုအပ်ချက်ပါပဲ။

-တိလေးတွေကို ပုံမှန်ထိုးပေးရမယ့် ကာကွယ်ဆေးတွေထိုးနှံပေးထားခြင်းက ကိုယ်ခံအားတိုးမြှင့်စေတာမို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေ အချိန်မှန် ထိုးပေးဖို့လည်း မမေ့နဲ့နော်။

တိလေးတွေ ဆိုတာ ဘယ်လိုခံစားနေရလဲ ထုတ်မပြောတတ်တာကြောင့် သခင်ဘက်က သူတို့လေးတွေကို ဂရုတစိုက် စောင့်ကြည့်နေ၊ စောင့်ရှောက်ပေးနေဖို့ လိုအပ်ပါတယ်။ ဒီလိုရာသီအကူးအပြောင်းတွေဆိုရင် လူတွေသာမက တိလေးတွေလည်း တုပ်ကွေးဖြစ်နိုင်တယ်ဆိုတာ သိထား၊ သတိထားမိကြပြီး လိုအပ်တဲ့ ကာကွယ်မှုတွေလုပ်ထားကြမယ်၊ လက္ခဏာတွေကို သတိထားမိပြီး စောစီးစွာ ကုသပေးမယ်ဆို တုပ်ကွေး ကြောင့် ကိုယ့်တိလေး အလေအလွင့်ဖြစ်သွားမှာကို ကာကွယ်နိုင်မှာပါ။ ချစ်ရတဲ့ တိလေးတွေကို ရာသီတုပ်ကွေး ရန်က အကောင်းဆုံး ကာကွယ်ပေးကြစို့လား။ 


Share

Comments

Related Posts