သားသားမီးမီးတို့ ကိုယ်ခံအားကောင်းစေဖို့

Posted in မိဘအုပ်ထိန်းခြင်း, ကလေးငယ်အာဟာရ


ဇွန်၊ ဇူလိုင်လမှာ မိုးစက်တွေနဲ့အတူ ပျော်ရွှင်စရာတွေရော အနှောင့်အယှက်လေးတွေပါ ရောက်ရှိလာ ကြပါပြီ။ စိုထိုင်းဆမြင့်တက်ပြီး အပူချိန်လျော့ကျတဲ့ ဒီရာသီက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ဖွားတဲ့ ရာသီမို့ ဖျားနာမှုနှုန်း များပြားမြင့်တက်တဲ့ ရာသီဆိုလည်း ဟုတ်ပါတယ်။ အထူးသဖြင့် ကလေးရှိတဲ့ မိဘတွေ အတွက်ဆို မိုးရာသီဟာ တုပ်ကွေးနဲ့ ဖျားနာခြင်းတို့ရဲ့ ရာသီရယ်လို့တောင် နာမည်တပ်ချင်စရာပါပဲ။ ကလေးတွေ မဖျားနာ ဖို့ဆို ကိုယ်ခံအားမြင့်မား‌ဖို့ လိုတာကြောင့် မိုးရာသီမှာ ဘယ်လိုအစားအစားတွေကျွေးပြီး အဖျားကင်းစင် ကျန်းမာအောင် ကာကွယ်ပေးကြမလဲ ဆက်ဖတ်လိုက်ကြရအောင်။

ကိုယ်ခံအား တိုးမြင့်စေမယ့် အစားအစာများ 

ရှောက်သံပုရာ၊ ကမ္ဗလာလို ချဥ်ပြုံးပြုံးအသီးတွေနဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့လို ဘယ်ရီနွယ်ဝင်အသီး တွေက ဗီတာမင်စီ ကြွယ်ဝလို့ ကိုယ်ခံအားကို တိုးမြှင့်စေပါတယ်။ ပြီးတော့ ဒိန်ချဥ်နဲ့ အချဥ်ဖောက်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အနုဇီဝပိုးမွှားလေးတွေများစွာ ပါဝင်လို့ ကိုယ်ခံအားမြင့် တက်ဖို့ စားသုံးသင့်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဟင်းနုနွယ်နဲ့ ကိုက်လန်တို့လို အစိမ်းရောင်အရွက်တွေက လည်း ကိုယ်ခံအားအတွက်ကောင်းမွန်လို့ ကြော်စား၊ ချက်စား၊ ဟင်းချိုပဲ လုပ်သောက်သောက် စားသုံးသင့်တဲ့ အရွက်တွေပါ။ ကဲ ဒီတော့ ဟင်းနုနွယ်ရွက်သုပ်လေးတစ်မယ်ရယ်၊ ဒိန်ချဥ်နဲ့ ဘလူးဘယ်ရီ တွဲထားထဲ အချိုပွဲလေးတစ်ပွဲရယ် ဆိုရင်ရော ...

ဝမ်းဗိုက်လေးများ နွေးထွေးစေဖို့ 

မိုးအေးအေးဆိုတော့ နွေးနွေးထွေးထွေးဖြစ်ဖို့ဆို စွပ်ပြုတ်လေးတွေက ကွက်တိပဲပေါ့။ စွပ်ပြုတ်တွေဆိုတာ အာဟာရဓာတ် အများကြီးပါဝင်အောင် ချက်ပြုတ်ရလွယ်လို့ ဒီရာသီမှာ ကလေးတွေစားဖို့ မကြာခဏဆို သလို ချက်ပေးသင့်တယ်လေ။ ကြက်စွပ်ပြုတ်၊ အရိုးစွတ်ပြုတ်၊ ငါးစွပ်ပြုတ် စတဲ့ စွတ်ပြုတ်မျိုးစုံကို အသီးအရွက် လေးတွေပါ ခပ်မယ်ဆိုရင်တော့ အကောင်းဆုံး‌ရွေးချယ်မှုပါပဲ။ ချင်းနံ့၊ ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ စွတ်ပြုတ် ပူပူရော ကလေး‌တွေ ကြိုက်နှစ်သက်ကြမှာပါ။ မနက်စွပ်ပြုတ်၊ ညစွပ်ပြုတ် စားရတာ အီနေမှာစိုးရင် နို့ပူပူလေးနဲ့ Oatmeal လေးကို အသီး topping လေးတွေနဲ့ သီဟိုစေ့၊ ဗာဒံစေ့တို့လို့ အစေ့အဆံလေးတွေကိုပါ ထည့်လိုက် မယ်ဆိုရင် အာဟာရလည်းရှိ၊ စွမ်းအင်လည်း ပြည့်ဝစေမယ့်အပြင် ကလေးတွေအတွက် စားချင်စဖွယ်ပါ ဖြစ် တယ်လေ။

ရာသီပေါ် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ 

မိုးရာသီမှာ ဈေးသွားတဲ့အခါ မှို၊ မျှစ်၊ ဖရုံသီး၊ ဖရုံရွက် ကစလို့ မိုးရေစွတ်တဲ့ ဟင်းသီးဟင်းရွက်များစွာ နေရာတကာ လက်ညှိုးထိုး မလွဲပါပဲ။ နာနတ်၊ ကြက်မောက်၊ သရက်၊ မင်းဂွတ် စတဲ့ အသီးအနှံတွေ ပေါကြွယ်တဲ့ ရာသီဆိုလည်း မမှားပါဘူး။ ဒီလိုရာသီပေါ် သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေက က‌လေးတွေရဲ့ ရောဂါကာကွယ် နိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် ကိုယ့်ကလေးရဲ့ နေ့စဥ်စားသောက်မှုပုံစံမှာ အရွက်တစ်မျိုးမျိုး၊ သစ်သီး တစ်မျိုးမျိုးကို ထည့်သွင်းပေးခြင်းဖြင့် မိုးရာသီမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးနဲ့ နှာစေးချောင်းဆိုး၊ အဖျားရောဂါတွေကို ကာကွယ်နိုင်မယ့် ကိုယ်ခံအားကို မြှင့်တင်လိုက်စို့လား။

ပရိုတင်းဓာတ်လည်း လိုအပ်တာမို့ 

ကလေးတွေ ကိုယ်ခံအားကောင်းနေ၊ အားရှိနေဖို့ဆို မေ့မထား၊ ကျော်မသွားသင့်တဲ့ထဲမှာ ပရိုတင်းဓာတ်လည်း ပါ ဝင်ပါတယ်။ ဥအမျိုးမျိုး၊ အသားအမျိုးမျိုးက ပရိုတင်းပြည့်ဝ အစားအစားတွေ ဖြစ်တာကြောင့် ကလေးထမင်း ဘူးထဲ မကြာမကြာဆိုသလို ထည့်ပေးသင့်တဲ့ ဟင်းအမယ်တွေ ဖြစ်ပါတယ်။ အသားတွေ၊ ဥတွေမှ မဟုတ်ပါဘူး အာလူးနဲ့ ကုလားပဲ၊  ပဲနီလေး၊ ပဲဝါလေး စတဲ့ ပဲအမျိုးမျိုးကလည်း ပရိုတင်းပြည့်ဝစာတွေ ဖြစ်လို့ အသားနဲ့ အာလူး၊ ပဲကို အလှည့်ကျ ကျွေးပေးလည်း ရပါတယ်။ ပရိုတင်းဓာတ်ဟာ အားရှိဖို့အပြင် ကလေးငယ်တွေ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ပါ လုပ်ဆောင်ပေးတာကြောင့် ကလေးငယ်အာဟာရအတွက် သူ့ကိုလည်း ချန်ထားခဲ့ လို့ မရပြန်ပါဘူး။

ရှောင်ကြဉ်ရမှာ ဒါတွေပါ

ဘာတွေ စားသုံးသင့်လဲ လမ်းညွှန်ပြီးသွားပြီဆိုတော့ ဘယ်အရာတွေကိုတော့ ရှောင်ကြဉ်သင့်လဲ သိထားဖို့လည်း လိုပြန်ပါတယ်။ မိုးတွင်းမှာ ထကြွသောင်းကျန်းကြတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းယက်ပိုးတွေရဲ့ အဓိက သယ်ဆောင်သူကတော့ ယင်ကောင်ပါပဲ။ ဒါကြောင့် ယင်နားစာတွေကို မစားမိဖို့ သတိထားရှောင်ကြဉ်ရမှာ ဖြစ်တာကြောင့် မိုးတွင်းမှာတော့ အိမ်မှာချက်တဲ့အစားအစာတွေကို စားတာ အကောင်းဆုံးပါပဲ။ ကလေးတွေကို လည်း ယင်နားစာတွေကို ရှောင်ဖို့နဲ့ လက်ကိုမကြာခဏဆေးဖို့၊ အစာမစားခင်တိုင်းမှာ လက်ဆေးဖို့ သင်ကြား ထားရပါမယ်။ ဘက်တီးရီးယားတွေ ပေါများတဲ့ရာသီဖြစ်လို့ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ဆို ယင်နားစာရှောင်ကြဉ်ပြီး လက်ကိုဂရုတစိုက်ဆေးကြောရမယ့်အပြင် သန့်ရှင်းတဲ့ရေကို သောက်သုံးဖို့ကလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ‌သြော် ပြီးတော့လေ . ဒီရာသီမှာ ယင်ကောင်တွေလိုပဲ ခြင်တွေလည်း ပေါများလို့ ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ရပါမယ်နော်။ 

မိုးရာသီဆိုတာ မိဘတွေအတွက်တော့ ကိုယ့်ကလေးတွေ နှာစေးချောင်းဆိုးဖြစ်မှာကအစ၊ တုပ်ကွေးမဖြစ် အောင် အဆုံး ကျန်းမာရေးအတွက် စိတ်ပူစရာ၊ ဂရုပြုစရာများတဲ့ ရာသီပါ။ ကိုယ်ခံအားကောင်းနေမှ ပြင်ပက ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာပေါ့။ ဒါကြောင့် သားသားမီးမီးတို့ ကိုယ်ခံအားကောင်းစေဖို့ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း ကျွေးမွေး ဂရုစိုက်လိုက်ကြရအောင် မေမေဖေဖေတို့ရေ။



Share

Comments

Related Posts