ကျေးဇူးတင်တတ်အောင် သင်ပေးပါ

Posted in မိဘအုပ်ထိန်းခြင်း

ဘယ်နေရာပဲရောက်ရောက်၊ ဘယ်သူ့ကိုမဆို ကိုယ့်ကိုကူညီပေးလိုက်တဲ့ တစ်စုံတစ်ယောက်ကို ကိစ္စကြီးသည်၊ ငယ်သည်ဖြစ်စေ ကျေးဇူးတင်စကားဆိုတာက အပန်းလည်း မကြီးတဲ့အပြင် ပြောတဲ့သူရော ပြောခံရတဲ့သူပါ စိတ်ထဲ ကြည်နူးကျေနပ်မှုဖြစ်စေတာပါ။ နုနယ်တဲ့ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့ လူမှုဆက်ဆံရေးကောင်းစေမှုအတွက် သင်ကြားကြရာမှာ ကျေးဇူးတရားကို နားလည်သိမြင်ပြီး လက်ခံဝေမျှနိုင်ဖို့ကလည်း အလိုအပ်ဆုံး သွန်သင်လမ်းပြပေးခြင်းပါပဲ။ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကား ပြောတတ်အောင် သင်ပေးဖို့က အပြောလွယ်ပေမယ့် ဒီကျေးဇူးတရားကို အမှန်တကယ် နားလည်ပြီး ပြန်လည်ဝေမျှဖို့ရာ သင်ကြားပေးဖို့ကျ မိဘတွေအနေနဲ့ ပိုလို့တောင် ခက်ခဲတတ်ပါတယ်။ ကလေးငယ်လေးတွေကို ဒီလိုကျေးဇူးတရားကို သိတတ်ပြီး လက်တွေ့ပြောဆိုနိုင်ဖို့ရာအတွက် ဖေဖေမေမေတို့ သဘာဝကျကျသင်ကြားပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးလေးမှာ ဆက်ဖတ်ကြည့်နော်။ 

ကျေးဇူးတင်တတ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

ကျေးဇူးတင်တတ်ကြောင်း ပြောတတ်တဲ့ ကလေးတွေက အသက်ကြီးလာတဲ့အခါမှာ လက်တွေ့ဘဝကို အကောင်းမြင်စိတ်များများနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်ကြပါတယ်။ သူတို့မှာ မရှိတဲ့အရာတွေကို တောင့်တနေတာထက် လက်ရှိရှိနေတဲ့ အရာတွေကို တန်ဖိုးထားတတ်ပြီး ကျေနပ်ရောင့်ရဲနိုင်တဲ့ အလေ့အကျင့်လေးတွေ ရှိနေတတ်ကြမှာပါ။ ကိုယ့်အပေါ် ကူညီလိုက်တဲ့သူရဲ့ စေတနာကို နားလည်ပြီး ကျေးဇူးတင်စကားပြောတဲ့အခါ ခင်မင်ရင်းနှီးမှုတိုးစေပြီး မိသားစုဝင်၊ သူငယ်ချင်းတွေကြား လေးနက်တဲ့ဆက်ဆံ‌ရေး ဖန်တီးတည်ဆောက်နိုင်လို့ တကယ်ကို အရေးပါတဲ့ စကားလုံးလေးပါပဲ။ နောက်ပြီး ကျေးဇူးတရားသိတတ်မှုနဲ့အတူ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျလွယ်မှုတွေကို လျော့ပါးစေပြီး ဘဝအခက်အခဲတွေကို တောင့်ခံဖြေရှင်းနိုင်တာတွေကြောင့် စိတ်ကျန်းမာရေးကောင်းစေဖို့အတွက်လည်း တစ်မျိုးတစ်ဖုံဆက်စပ်နေပါသေးတယ်။ 

ဘယ်လိုသင်ကြားပေးမလဲ

အတုမြင် အတတ်သင် ဆိုတဲ့အတိုင်း ခုခေတ်အရွယ်ကလေးတွေက မိဘတွေဆီကနေ အနီးစပ်ဆုံး အတုယူတက်မြောက်ကြတာမို့ ကျေးဇူးတင်စကားကို မိဘတွေက စပြော၊ သင်ကြားပေးရမှာပါ။ နေ့ဒဓူဝ လုပ်ဆောင်နေကြ အလုပ်လေးတွေမှာ ကျေးဇူးတင်တဲ့အကြောင်းလေးတွေ နည်းနည်းစီ ထည့်ပြောပေးမယ်ဆို ကလေးတွေက အချိန်တစ်ခုရောက်ရင် လိုက်ပြောလာလိမ့်မှာပါ။ မိသားစုဝင်အချင်းချင်းဖြစ်ဖြစ် ကျေးဇူးတင်ကြောင်း မှတ်စုလေးတွေ ရေးခိုင်း၊ ပေးခိုင်းတာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ကိုယ့်ကို ကူညီတဲ့ တခြားတစ်ယောက်စီက စေတနာနဲ့ လုပ်ရပ်လေးတွေကို အသိအမှတ်ပြုစေတတ်အောင် သင်ကြားပေးပြီးသားလည်း ဖြစ်စေတာပါ။ ဒီနည်းလမ်းလေးတွေက ကလေးတွေကို ကျေးဇူးတရားသိတတ်ပြီး မျှဝေစေတတ်ဖို့ သင်ကြားပေးသလိုဖြစ်ပြီး ကိုယ့်ဘဝမှာ ရရှိပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထား၊ ကျေးဇူးတင်တတ်ဖို့ အမှတ်ရစေနိုင်တာ ဖြစ်ပါတယ်။

အကျိုးကျေးဇူးတွေ 

ကျေးဇူးတရားသိတတ်ခြင်းက ကလေးတွေကို အကောင်းမြင်တတ်ပြီး ကိုယ်ချင်းစာစိတ်ရှိစေဖို့အတွက် သင်ကြားပေးပြီး ကိုယ်ပိုင်ဘဝနဲ့ နေထိုင်ရာပတ်ဝန်းကျင်အတွက်ပါ အကျိုးကျေးဇူးများစွာ ရှိစေပါတယ်။ ကျေးဇူးတရား သိမြင်ခံစားတတ်တဲ့ကလေးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံမှုကောင်းစေပြီး သူများတွေထက် ဘဝကို ကျေနပ်ရောင့်ရဲနိုင်ကာ ပိုပျော်အောင် ဖန်တီးနေနိုင်ကြတာ တွေ့ရပါတယ်။ ကောင်းမွန်တဲ့ ခံစားချက်နဲ့ ကျေးဇူးတင်ကြောင်း ပြောလိုက်တာဖြစ်ဖြစ်၊ ကျေးဇူးတင်ခံရတာ ဖြစ်ဖြစ်မှာ စိတ်ပျော်စေပြီး တစ်ဦးနဲ့တစ်ဦးကြား ရင်းနှီးမှုကို ရစေတာမို့ ကလေးတွေ ငယ်ရွယ်စဥ်ကတည်းက ဒါကို သင်ကြားပေးဖို့ လိုကိုလိုအပ်တာပါ။ လူအများနဲ့ တွေ့ကြုံ‌ပေါင်းသင်းရတဲ့အခါ ကွဲပြားခြားနားမှုတွေ လက်ခံနိုင်လာပြီး သူတို့လေးတွေ စိတ်ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ပါသေးတယ်။

စျေးဝယ်ရင်း စျေးရောင်းသူတစ်ဦးကို ကျေးဇူးတင်စကားဆိုတာ၊ အိမ်မှာ ပစ္စည်းတွေ ဝိုင်းကူရှင်းပေးလို့ ကျေးဇူးစကားဆိုတာ စသဖြင့် တစ်နေ့တာကြုံရတဲ့ အသေးအဖွဲကိစ္စလေးတွေမှာ ကျေးဇူးစကား ထည့်သွင်းပြောဖို့ သင်ပေးလိုက်ပါ။ ဒီကနေ ကလေးတွေက ကျေးဇူးတရားသိတတ်၊ တန်ဖိုးထားတတ်လာပြီး ဒါဟာ သူတို့လေးတွေ ရှေ့ဆက်ရမယ့် လူမှုဘဝအတွက် အထောက်အကူကောင်းဖြစ်စေမှာ အသေအချာပါပဲ။


Share

Related Posts