လတ်ဆတ်တဲ့အသားတွေ ရွေးချယ်နိုင်ဖို့ နည်းလမ်းများ

Posted in အစားအစာ


စျေးဝယ်မယ့် အသားငါးအတန်းတွေ ရောက်ရင် ဘယ်လိုအသားကို ဘယ်လိုအခြေအနေမှာ ရွေးဝယ်ရမလဲ စဥ်းစားရခက်တတ်ကြပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အသားတွေကို အရောင်နီနီနဲ့ လတ်ဆတ်ပုံပေါ်တာမျိုးတွေကို ရွေးချယ်လိုက်ကြပေမဲ့ အရည်အသွေးမကောင်းတဲ့၊ မလတ်ဆတ်တဲ့ အသားတွေ ဝယ်မိတာအခါ အချိန်ရော၊ ငွေရောကုန်ရပြီလေ။ အသားရဲ့ အစိတ်အပိုင်း၊ အရည်အသွေးနဲ့ စျေးနှုန်းတွေ အားလုံးကို ချိန်ဆရွေးချယ်နိုင်မှ လတ်လတ်ဆတ်ဆတ်နဲ့ သန့်ရှင်းတဲ့ အသားတွေကို ကိုယ်နဲ့ ကိုယ့်အိမ်သားတွေအတွက် ချက်ပြုတ်ပြင်ဆင်နိုင်မှာပါ။ ဒါကြောင့် စျေးဝယ်တဲ့အခါ လွယ်လွယ်ကူကူနဲ့ လတ်ဆတ်တဲ့ အသားငါးတွေ ရွေးချယ်နိုင်ဖို့ နည်းလမ်းတွေကို ဒီဆောင်းပါးထဲမှာ ဖော်ပြသွားမှာမို့ တစ်ချက်ချင်း ဖတ်ကြည့်လိုက်ရအောင်။ 

လတ်ဆတ်မှု စစ်ဆေးခြင်း

အသားတွေပေါ်မှာ ကပ်ထားလေ့ရှိတဲ့ ကုန်ဆုံးရက်တစ်ခုတည်းကို ကြည့်ပြီးလည်း ဒီအသားက လတ်လတ်ဆတ်ဆတ်ရှိလား စစ်ဆေးလို့မရသေးပါဘူး။ တခါတလေမှာ ဒီအသားကို စတင်ထုပ်ပိုးတဲ့ရက်နဲ့ ကုန်ဆုံးရက်ကို မှားယွင်းကြည့်နိုင်တာကြောင့် ကိုယ်တိုင် မျက်စိနဲ့ အသားကို စစ်ကြည့်ပြီးမှ ရွေးချယ်တာ အကောင်းဆုံးပါပဲ။ လတ်လတ်ဆတ်ဆတ် လှီးဖြတ်ထားတဲ့အသားတွေက အရောင်စိုစိုနဲ့  အလေးချိန်‌ပေါ့နေတတ်ပြီး အချိန်အနည်းငယ်ကြာသွားတဲ့ အသားတွေမှာတော့ အောက်ဆီဂျင်ထိတွေ့မှုများလာတဲ့အတွက် နီညိုရောင်ဖြစ်နေတတ်ပါတယ်။ အသားရဲ့အရောင်က နီလွန်းနေရင်လည်း မကောင်းသလို၊ အရောင်ညိုရင့်နေရင်လည်း မကောင်းတာမို့ သူ့သဘာဝအရောင်အတိုင်း ခြောက်ခြောက်သွေ့သွေ့ရှိနေမှ လတ်ဆတ်နိုင်တာမျိုးပါ။ ဒါမှ အသားက လတ်ဆတ်လေ၊ အချိန်ကြာကြာ ထားသိုနိုင်ပြီး ကြော်ကြော်၊ ပြုတ်ပြုတ် နည်းမျိုးစုံချက်စားနိုင်ပါတယ်။

အသားအမျိုးအစားနဲ့ စျေးနှုန်း

အခုနောက်ပိုင်း စူပါမားကတ်တော်တော်များများမှာ အသားတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကြိုက်တဲ့အစိတ်အပိုင်းကို ကြိုက်သလောက်ပမာဏ ရွေးချယ်ဝယ်ယူလို့ရနေပြီဆိုတော့ အိမ်မှာ ကိုယ့်စိတ်ကြိုက် စားချင်တဲ့ပုံစံကို ချက်စားလို့ရပါတယ်။ စျေးမဝယ်ခင် အသားတွေရဲ့ အမျိုးအစားနဲ့ စျေးနှုန်းတွေကို ကြိုလေ့လာထားခဲ့ရင် အလွယ်တကူ ရွေးချယ်နိုင်ပြီး ကြက်၊ ဝက်၊ အမဲသား စတာတွေကို လျော့စျေးတွေနဲ့ ပိုကောင်းတဲ့ အရည်အသွေးကို ရနိုင်ပါတယ်။ နောက်ပြီး အသားတွေမှာ အဆီပါတာများလို့ဆိုပြီး တခြားအသားများတာကို ရွေးချယ်တတ်ကြတာလည်း ရှိပါတယ်။ သတိမထားကြတာ တစ်ခုက အဆီလိုင်းတွေ ပါတတ်တဲ့အသားတွေက ဟင်းချက်စားရင် အသားက သဘာဝထွက်တဲ့ အဆီနဲ့ အရသာပိုကောင်းနိုင်တာမို့ အဆီမကြိုက်ရင်တောင် ဟင်းချက်ပြီးတဲ့အခါမှ လှီးထုတ်လိုက်တာ၊ ဖယ်ထုတ်လိုက်တာမျိုး လုပ်နိုင်ပါသေးတယ်။ 

ခင်းကျင်းပြသထားမှု

ကျန်းမာရေးအတွက် အစားအသောက်သန့်ရှင်းမှုက အ‌ရေးကြီးဆုံးဖြစ်တဲ့အတွက် စျေးဝယ်တဲ့အခါ သားငါးတွေရဲ့ ခင်းကျင်းပြသထားတဲ့ပုံစံကိုလည်း သေချာ‌ပေါက်ကြည့်ရှုစစ်ဆေးရမှာပါ။ သေချာမဖုံးအုပ်ထားတဲ့ အသားငါးစင်တွေမှာ အသားတွေကို လက်တွေနဲ့ ဒီတိုင်းကိုင်တွယ်တာမျိုး၊ မဖုံးအုပ်ထားတဲ့အတွက် လေထဲက ဘတ်တီးရီးယားတွေ အသားတွေမှာ ကပ်ညှိနိုင်တာမျိုး စတဲ့ မသန့်ရှင်းတဲ့ ပြင်ဆင်မှုတွေ တွေ့နေရပြီဆို လတ်ဆတ်သန့်ရှင်းတဲ့ အသားတွေကို မရနိုင်တော့ပါဘူး။ ဒါကြောင့် လိုအပ်တဲ့အသားတွေကို သေချာရွေးချယ်နိုင်ဖို့ ပွင့်လင်းမြင်သာမှုရှိပြီး သန့်ရှင်းတဲ့အပြင်အဆင်ရှိတဲ့ ခင်းကျင်းမှုရှိတဲ့နေရာက အသားတွေကိုသာ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။  

အပူချိန်

အသားတွေက သူတို့လိုအပ်တဲ့အပူချိန်နဲ့ အေးခဲနေမှ လတ်ဆတ်မှုရှိမှာပါ။ အသားတွေကို ကြည့်မိလို့ အေးခဲမထားရင် မဝယ်တာအကောင်းဆုံးပါပဲ။ အရောင်အနေနဲ့ ကြည့်မယ်ဆိုလည်း ကြက်သားဝယ်မယ်ဆို ပန်းနုရောင်သန်းနေတာမျိုး ရွေးချယ်သင့်ပါတယ်။ ဘယ်လိုအသားအမျိုးအစားဖြစ်ဖြစ် အသားစိမ်းတွေဆိုတာ အေးမြတဲ့အပူချိန်မှာပဲ ရှိနေသင့်တာမို့ မဝယ်ခင်ရော၊ ဝယ်ပြီးချိန်မှာပါ အအေးခန်းထဲရှိနေသင့်ပါတယ်။ မဟုတ်ဘဲ အခန်းအပူချိန်မှာပဲ ထားထားမယ်ဆို အသားအရည်အသွေးကျဆင်းစေတဲ့အပြင် ဘတ်တီးရီးယားပေါက်ဖွားနိုင်နှုန်း များစေလို့ ဟင်းချက်စားသုံးဖို့ မသင့်တော်တော့ပါဘူး။ ဒါကြောင့်မို့ စျေးဝယ်တဲ့အခါ တခြားအစားအစာနဲ့ အိမ်သုံးပစ္စည်းတွေသာ အရင်ဝယ်ပြီး အသားတွေကိုတော့ ငွေရှင်းခါနီး နောက်ဆုံးမှ သူ့အအေးဓာတ်ရှိနေအောင် ရွေးချယ်ဝယ်ယူသင့်ပါတယ်။ 

ကဲ ဒီနည်းလမ်းတွေ အကုန်ဖတ်ပြီးသွားပြီဆိုတော့ အမြဲတမ်းစျေးဝယ်နေကျသူဖြစ်ဖြစ်၊ အခုမှ စျေးစဝယ်သူဖြစ်ဖြစ် လတ်ဆတ်တဲ့ အသားတွေကို အရင်ကထက် လွယ်လွယ်ကူကူ အချိန်၊ နေရာမရွေး ရွေးချယ်နိုင်သွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ စျေးဝယ်ထွက်ရင် ဒီနည်းလမ်းတွေနဲ့ ‌ရွေးချယ်ဝယ်ယူကြည့်ပြီး အဆင်ပြေ၊ မပြေ အောက်မှာ ကောမန့်မှာ ပြောခဲ့ကြဉီးနော်။ 


Share

Comments

Related Posts