ကျန်းမာနုပျိုနေဖို့ အရောင်အသွေးစုံပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေက တစ်နေ့တာစားသုံးဖို့အတွက် မပါမဖြစ်ပဲနော်။ ဒီလိုအသီးအရွက်တွေကို စျေးကနေဖြစ်ဖြစ် Martကနေဖြစ်ဖြစ် ဝယ်လာပြီး အိမ်ရောက်မှ အသီးကမမှည့်သေးတာ၊ အရသာမရှိ၊ စားမခံဘဲ တစ်မနက်တည်း အရွက်တွေ လျောနွမ်းသွားတာ၊ မှိုတက်သွားတာတွေ ကြုံဖူးကြလား။ ဒီလိုဆို ပိုက်ဆံကုန်၊ လူပင်ပန်းပြီး ကိုယ်စားချင်တာ လတ်လတ်ဆတ်ဆတ် အရသာရှိရှိ မစားရတော့ စိတ်ရှုပ်စရာပေါ့။ ဒီလိုစိတ်မရှုပ်ရဘဲ လတ်ဆတ်တဲ့ အသီးအရွက်တွေစားနိုင်ဖို့ စျေးမှာ ဘယ်လိုရွေးချယ်မလဲ၊ ဒီလိုစျေးဝယ်လာပြီး အိမ်မှာဘယ်လို သိမ်းဆည်းမလဲဆိုတာတွေကို အားလုံးသိရအောင် မျှဝေလိုက်တယ်နော်။
အမြင်၊ အနံ့နဲ့ ရွေးပါ
အသီးတွေက ရင့်မှည့်ပြီဆို သူ့ရဲ့ရေဓာတ် ပါဝင်မှုများလာပြီး အလေးချိန်လည်း လေးလာတာ သတိထားမိမှာပါ။ အနံ့ကလည်း မွှေးနေတတ်ပြီး အရောင်အဆင်းက သူ့ရဲ့ပါဝင်တဲ့Nutrientsတွေကြောင့် စိုပြေလာပါပြီ။ အညိုရောင်အဆင်းတွေနဲ့ အသီးက လျောနေတာ၊ ဖိမိပြီး အညိုမဲစွဲနေတာ၊ မှိုတက်နေတာတွေကိုတော့ သတိပြုမှာပါ။ နောက်ပြီးတော့ အသီးရဲ့အညှာကို ကြည့်ပြီး ရွေးချယ်နိုင်ပါသေးတယ်။ ဥပမာ လိမ္မော်သီးဆိုရင် သူ့အညှာက စိမ်းစိမ်းစိုစိုဖြစ်နေတယ်ဆို ရင့်မှည့်ပြီး စားလို့ကောင်းတဲ့ အခြေအနေမှာရှိပါတယ်။ ဒီလိုမဟုတ်ဘဲ အညှာက ခြောက်နေပြီး အသီးကလည်း မာနေတယ်ဆို အရသာပေါ့ပေါ့နဲ့ စားမကောင်းတဲ့အသီး ဖြစ်ဖို့များပါတယ်။
အရွက်တွေမှာတော့ အသီးတွေနဲ့မတူ အဖူးဆိုအဖူး၊ အရွက်ဆိုအရွက် ဘယ်လိုအဆင့်မှာမဆို လတ်လတ်ဆတ်ဆတ် ဝယ်ချက်စားလို့ရပါတယ်။ အရွက်တွေရဲ့ လတ်ဆတ်မှုကတော့ သူ့ရဲ့ အကိုင်းဖြတ်ထားတဲ့ ပင်စည်ပိုင်းကို ကြည့်ကြည့်ရင် ညိုနေတာ၊ တွန့်နေတာတွေဆို ဒီဟင်းရွက်က ခူးပြီးတာ ကြာနေပြီး မလတ်ဆတ်တော့တာကို သတိပြုရမှာပါ။
အထိအတွေ့နဲ့ ရွေးပါ
ကိုင်ကြည့်၊ နမ်းကြည့်ပြီးရွေးတာက အသီးရဲ့ အရသာ ချိုလား၊ ချဉ်လား၊ မှည့်လား၊ မမှည့်လားကို အနီးစပ်ဆုံး သိနိုင်ပါတယ်။ ဥပမာ ထောပတ်သီးဆို ကိုင်ကြည့်လိုက်ရင် တောင့်တောင့်တင်းတင်းရှိနေရပြီး အသီးအတွင်းထဲက အဆံက လှုပ်ခါလိုက်ရင် ဂလုံဆန်နေပြီး အသားနဲ့သက်သက် ဖြစ်မနေရပါဘူး။ တစ်ခုသတိထားရမှာကတော့ ဒီလို ထောပတ်သီး၊ ပန်းသီး၊ သစ်တော်သီးတို့လို မာတဲ့အသီးတွေဆို ကိုင်တွယ်စမ်းသပ်လို့ အဆင်ပြေနိုင်ပေမဲ့ မက်မွန်သီးတို့လို ပျော့တဲ့အသီးတွေဆို လက်ပူမိပြီး ပျက်စီးတတ်လို့ သတိပြုကိုင်တွယ်ပြီး ရွေးချယ်သင့်တာပါ။
အရွက်တွေမှာဆို အပင်ထိပ်ပိုင်းအနုလေးတွေကို ဦးစားပေး ရွေးသင့်ပြီး အရွက်/အပင်က မညှိုးနေဘဲ တောင့်တင်းလတ်ဆတ်နေရမှာပါ။ ဥပမာ ပန်းဂေါ်ဖီဆိုရင် ကိုင် မ ကြည့်ရင် သူ့အပွင့်ကြီးအတိုင်း သိပ်သိပ်သည်းသည်းနဲ့ တောင့်တောင်းတင်းတင်းရှိနေရပြီး အပွင့်က ဝါနေတာ အမဲစက်တွေဖြစ်မနေဘဲ အပွင့်အရောင်က ခရင်မ်ရောင်လေးနဲ့ လှလှပပဖြစ်နေရမှာပါ။
ပြည်တွင်းဖြစ်တွေ ဦးစားပေးရွေးချယ်ပါ
သူ့ရာသီမဟုတ်ဘဲ စျေးမှာတွေ့တွေ့နေတဲ့ အသီးတွေဟာ သဘာဝအရ သူတို့ပေါ်တဲ့ရာသီမဟုတ်တဲ့အတွက် အသီးရဲ့သဘာဝ အချိုအရသာရမှာ မဟုတ်ပါဘူး။ သူ့ရာသီနဲ့သူ သီးကြတဲ့ အသီးတွေရွေးချယ်တာ အရသာအရှိဆုံးဖြစ်ပြီး လတ်လတ်ဆတ်ဆတ်စားရမှာပါ။ နောက်ပြီး ပြည်တွင်းက ထွက်တာတွေက နိုင်ငံခြားက အသီးအရွက်တွေထက်စာရင် သယ်ယူပို့ဆောင်ချိန်ကြာမနေဘဲ ရိတ်သိမ်းပြီးတာနဲ့ ကိုယ်နဲ့အနီးစပ်ဆုံး စျေးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ အသီးတွေကလည်း ခူးတာ၊ ရိတ်သိမ်းပြီးတာနဲ့ သူရဲ့ပါဝင်တဲ့Nutrientsတွေ လျော့နည်းလာတတ်တာမို့ အမြန်ဆုံး လတ်ဆတ်တဲ့အချိန် စားမှသာ အကောင်းဆုံးပါ။
ကောင်းမွန်စွာ သိမ်းဆည်းပါ
သရက်သီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သစ်တော်သီး၊ မက်မွန်သီး စတာတွေဟာ ဝယ်ယူပြီးနောက် ဆက်လက် ပြောင်းလဲတတ်တဲ့ အသီးအနှံတွေပါ။ သူတို့ မရင့်မှည့်ခင်အဆင့်မှာ ဝယ်ထားမိတယ်ဆိုရင် သူတို့ရဲ့ ပုံသဏ္ဌာန်နဲ့ အနံ့ကို ကြည့်ကြည့်ပြီး စားဖို့ အဆင်သင့်မဖြစ်မချင်း အိမ်အခန်းအပူချိန်မှာပဲ ထားထားနိုင်ပြီး ကြာကြာခံအောင်နဲ့ ရင့်မှည့်တဲ့အဆင့်နှေးသွားအောင် ရေခဲသေတ္တာထဲ ထည့်ထားပြီးလည်း သိမ်းဆည်းနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကတော့ ဝယ်ယူပြီးတာနဲ့ အိမ်မှာမြန်မြန်ဆန်ဆန် ဆေးကြောပြီး ကြော်ချက်စားတာ အသင့်တော်ဆုံးဖြစ်ပြီး သိမ်းထားချင်ရင်လည်း ရေခဲသေတ္တာထဲမှာ စနစ်တကျ စက္ကူ၊ သတင်းစာတို့နဲ့ ပတ်ပြီး သိမ်းမယ်ဆို မညိုးနွမ်းပဲ အစားခံနိုင်ပါတယ်။
နောက်ထပ် အလွယ်နည်းလမ်းအနေနဲ့ကတော့ အသီးအရွက်တွေ ရွေးချယ်ရခက်လာပြီဆို ရောင်းချနေတဲ့ ဆိုင်ရှင်ကိုမေးပြီး ရွေးခိုင်းလိုက်တာလည်း လွယ်ကူတဲ့နည်းလမ်းပါပဲ။ သူတို့က သင်လိုချင်၊ ချက်ချင်တဲ့ ဟင်းလျာပေါ်မူတည်ပြီး သင့်တော်မယ့် အသီးအရွက်တွေကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးအတွက် လတ်ဆတ်ပြီး အရသာရှိတဲ့ အသီးအရွက်တွေကို နောက်တစ်ခါ စျေးဝယ်တဲ့အခါ ဒီနည်းလမ်းတွေနဲ့ အထာကျကျ စျေးဝယ်ကြစို့။
Comments