အလုပ်တွေမပြီးလို့ စိတ်ညစ်နေရရင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ

Posted in လူမှုဘဝ


လူဖြစ်လာတာနဲ့ များပြားလာတဲ့ လုပ်စရာလုပ်ငန်းဆောင်တာတွေ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေနဲ့ လုံးပမ်းနေရတော့တာပါပဲ။ ဘယ်လိုအလုပ်ပဲ လုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူဖြစ်ဖြစ်၊ ၀န်ထမ်းဖြစ်ဖြစ်၊ အိမ်ရှင်မဖြစ်ဖြစ် အလုပ်တွေပြီးမြောက်တဲ့ တစ်နေ့တာ ဖြစ်သန်းနိုင်ဖို့ အနည်းနဲ့အများတော့ စိန်ခေါ်မှုတွေ ရှိကြရောပေါ့ အလုပ်လုပ်ဖို့ လိုရင်းမရောက်ဘဲ တခြားကိစ္စဝိစ္စတွေ ပေါ်လာတာ၊ planမလုပ်ထားမိဘဲ လိုအပ်လာမှ ကပ်လုပ်ဖြစ်ပြီး စိတ်ပင်ပန်း၊လူပင်ပန်းရတာ၊ အလုပ်တွေပိပြီး ကိုယ်ပိုင်အချိန်၊ အားလပ်ချိန်တွေ ပျောက်ဆုံးကုန်တာ စသဖြင့သဖြင့် မျိုးစုံဖြစ်တတ်ကြတယ်မလား။ ဒီအခါမှာ အလုပ်တွေကလည်း မပြီး၊ ပုံလာပြီးတော့ ကိုယ့်ကိုကိုယ် အသုံးမကျသလို ခံစားရကာ စိတ်ဓာတ်တွေကျလာရ‌ရောပေါ့။ ဒီလိုတွေ မဖြစ်ရစေဘဲ ကိုယ့်ရဲ့အလုပ်တွေ သူ့အချိန်နဲ့သူ ပြီးမြောက်အဆင်ပြေပြီး ကိုယ်ပိုင်တဲ့အချိန်လေးနဲ့အတူ အလုပ်နဲ့ဘဝ မျှတနေစေဖို့ ဒီနည်းလမ်းလေးတွေ စလုပ်ကြည့်ရအောင်။  

ကိုယ့်ရဲ့ Productivity အမြင့်ဆုံး အချိန်တွေမှာ အလုပ်လုပ်ပါ 

အချို့က မနက်အစောတွေမှာ အလုပ်လုပ်ရတာ ကြိုက်နှစ်သက်တယ်၊ တချို့က ညဘက်မှာမှ ပိုအလုပ်တွင်တယ်ဆိုပြီး ကိုယ်ရဲ့ အချိန်လေးတွေ ရှိတတ်ကြမှာပါ။ အမှန်တကယ်လည်း ဒီလိုစိတ်အာရုံစိုက်နိုင်တဲ့ အချိန်တွေမှပဲ ပိုအလုပ်တွင်နိုင်တာပါ။ အဲ့လိုမဟုတ်ဘဲ အလုပ်တွေပြီးအောင် စိတ်ပါပါ၊ မပါပါ နေ့မအား ညမနားလုပ်နေမယ်ဆို အလုပ်လည်း ပြီးသင့်သလောက်မပြီးဘဲ ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ် အလုပ်လုပ်နိုင်ဆုံးအချိန်ကို ရှာဖွေကြည့်ကာ စိတ်ပါလက်ပါ အလုပ်တွေလုပ်လိုက်ပြီး အပြည့်အဝအနားယူလိုက်တာက နောက်ပိုင်းတွေမှာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးတော့ အားအင်အပြည့်နဲ့ လုပ်ဆောင်သွားနိုင်တာပေါ့။  

အလုပ် နှစ်ခု မလုပ်ပါနဲ့ 

တစ်ချိန်ထဲ အလုပ်တွေ အများကြီးလုပ်တာက အလုပ်တွေပိုပြီးလို့ ကိုယ့်ကို အားရကျေနပ်ကြပေမယ့် တကယ်တမ်းမှာတော့ တစ်ခုထက်ပိုတဲ့ အလုပ်ကို တစ်ချိန်တညး်မှာ လုပ်နေတာဟာ ဦးနှောက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို အလုပ်တစ်ခုစီ လုပ်ခိုင်းနေသလိုဖြစ်ပြီး အလုပ်နှစ်ခုလုံးကို အောင်အောင်မြင်မြင်ဖြစ်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒီကနေ အာရုံပျံ့လွင့်လွယ်စေပြီး အမှားတွေလည်း ဖြစ်နိုင်ခြေများကာ အလျင်လို အနှေးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို တစ်ချိန်ထဲမှာပဲ အာရုံစူးစိုက်ပြီး လုပ်ဖို့အကြံပေးပါရစေ။  

စားသောက်စရာတွေကို ကြိုတင်ပြင်ဆင်ထားလိုက်ပါ 

တယောက်တည်းနေတဲ့သူဖြစ်ဖြစ်၊ မိသားစုနဲ့နေပြီး အိမ်ရဲ့ ဟင်းချက်တာဝန်ယူထားတဲ့ အိမ်ရှင်မတွေဖြစ်ဖြစ်  နေ့တစ်ဒူဝ အလုပ်တွေအပြင်ကိုမှ တစ်နေ့‌၊ တစ်နေ့ ဘာဟင်းကို ဘယ်လိုချက်စားရမလဲ ဆိုတာကလည်း ဖြစ်နေကြ ခေါင်းရှုပ်စရာ တစ်ခုပါပဲနော်။ ဒါကြောင့် တပတ်စာ ကြိုတင်စာရင်းလုပ်ပြီး ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီပြီး ချက်ပြုတ်မယ့်ဟင်းလျာတွေအတွက် စျေးဝယ်ထားလိုက်ရင် သိပ်စဉ်းစားစရာ မလိုတော့ပါဘူး။ အချိန်ပိုရမယ်ဆို ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေကို လှီးထား၊ နှပ်ထား၊ အရွက်သင်ထားနိုင်တယ်ဆို စားခါနီး ထည့်ချက်ရုံနဲ့ အချိန်ကုန်သက်သာပြီး အာရုံမများတော့ပဲ တခြားအလုပ်တွေကို ဖိဖိစီးစီးလုပ်နိုင်ဖို့ အချိန်ပိုတွေ ထွက်လာနိုင်ပါတယ်။ 

 အနှောင့်အယှက်များ 

အလုပ်စလုပ်ပြီဆို တခြား ဟိုကိစ္စ ဒီကိစ္စလေးတွေ တွေးမိပြီး ထလုပ်လိုက်တာ၊ ဖုန်းက နိုတီတွေတွေ့လို့ စစ်ရင်း ဖုန်းကြည့်ချိန် များသွားတာ၊ အလုပ်စလုပ်ဖို့ ပြင်နေတာနဲ့ပဲ လိုရင်းမ‌ရောက်ဘဲ အချိန်တွေပဲ ကုန်သွားတတ်ပါတယ်။ အလုပ်တွေ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်လုပ်နိုင်ဖို့ အလုပ် စ မလုပ်ခင် စိတ်ကြည်ပြီး အာရုံစူးစိုက်မှုကောင်းကောင်းရဖို့ ပတ်ဝန်းကျင်က သန့်ရှင်းနေသင့်တဲ့အပြင် ဒီအချက်လေးတွေကို အချိန်အနည်းငယ်ပေးပြီး အရင်ပြင်ဆင်သင့်ပါတယ်။ သက်တောင့်သက်တာရှိတဲ့ နေရာထိုင်ခင်း ပြင်ဆင်ထားတာ၊ အစားစားထားတာ၊ အ‌ပေါ့အလေးသွားထားတာ စတဲ့ ကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကြိုတင်ဖြေရှင်းထားမယ်ဆို အလုပ်လုပ်မယ့်အချိန်မှာ အနှောင့်အယှက် မဖြစ်စေတော့ပါဘူး။ လုပ်နေကျ အလုပ်တွေ ငြီး‌ေငွ့လာတယ်ဆို ကိုယ့်ဘသာ ဘယ်အချိန်၊ ဘာပြီးရမယ်ဆိုတာမျိုး ပြိုင်ပွဲလေးလုပ်ကြည့်မယ်ဆို တနည်းနည်းမဟုတ် တစ်နည်းနဲ့ စိတ်ပါဝင်စားမှု ပြန်ရနိုင်ပါတယ်။ သီချင်းနားထောင်ရင်း အလုပ်လုပ်တာနှစ်သက်တဲ့သူတွေ အတွက်လည်း သီချင်းအေးအေးတွေ၊ စကားသံမပါတဲ့တီးလုံးလေးတွေ ဖွင့်ထားတာလည်း အလုပ်လုပ်တာကို တစ်ဖက်တလမ်းက အာရုံစိုက်နိုင်မှာပါ။ 

အနားပေးလိုက်ပါ 

ဘယ်လိုအလုပ်အမျိုးအစားကိုပဲလုပ်လုပ် နားချိန်မထားဘဲ နေ့တိုင်းဒီအလုပ်တွေနဲ့ပဲ ပတ်ချာလည်နေမယ်ဆို ကိုယ်ရဲ့လုပ်ကိုင်နိုင်စွမ်းရော စိတ်ပါဝင်စားမှုရော လျော့ကျလာပြီး ငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် မိနစ်အနည်းငယ်လောက် Break ယူရင်း အဆာပြေမုန့်စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်း အသေးစားလေးတွေ လုပ်တာ၊ လမ်းလျှောက်တာတို့ လုပ်သင့်ပါတယ်၊ အရေးကြီးတာက ဒီလိုအနားယူတဲ့အချိန်မှာ အလုပ်အကြောင်း မတွေးမိစေဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လက်ရှိအနားယူချိန်မှာပဲ နေထိုင်သင့်ပါတယ်။ အဲ့လို အနားယူပြီး ပြန်အလုပ်လုပ်တယ်ဆို စိတ်သစ်လူသစ်နဲ့ ပြန်လည်လုပ်ကိုင်နိုင်တာ တွေ့ရမှာပါ။ 

မနိုင်ဝန် မထမ်းပါနဲ့  

နောက်ဆုံးတစ်ချက်အနေနဲ့ ကိုယ်မလုပ်နိုင်တာတွေကို ငြင်းဆိုတတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။ “ငါလုပ်နိုင်တယ်”  “ဒါလေးတော့ နည်းနည်းထပ်လုပ်လိုက်ဦးမယ်” “အားနာလို့ လုပ်ပေးလိုက်ပါမယ်” စသဖြင့် ကိုယ့်မှာ လုပ်စရာ အလုပ်တွေ အများကြီးရှိနေတဲ့အပြင်ကိုမှ ကိုယ်လုပ်နိုင်တာထက် လောဘကြီးပြီး ပိုလုပ်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါမျိုး အမြဲတမ်းဖြစ်လာမယ်ဆို နားချိန်မရှိတော့ဘဲ ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ ဦးစားပေးလုပ်ရမယ့် အလုပ်တွေကို အရင်ဆုံးစီမံလုပ်ကိုင်ပြီး မလုပ်နိုင်တော့တဲ့ အလုပ်တွေကို ငြင်းဆန်လိုက်တာ၊ ရွေ့ဆိုင်းလို့ ရတာတွေကို ‌ရွေ့ဆိုင်းထားတာ ဒါမှမဟုတ် တခြားလုပ်ကိုင်နိုင်သူ တစ်စုံတစ်ယောက်ကို ခွဲဝေလိုက်တာ အကောင်းဆုံးဖြေရှင်းနည်းတွေပါပဲ။  

 အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေကို ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေထဲ ထည့်ပြီးလုပ်ကြည့်မယ်ဆို အရင်ကထက် အလုပ်တွေ ပြီးပြီးမြောက်မြောက် လုပ်လာနိုင်ပြီး မိမိကိုယ်ကိုလည်း ယုံကြည်မှုတွေတိုးလာမှာပါ။ ကိုယ်နဲ့ သင့်တော်တဲ့အချက်လေးတွေ စလုပ်ကြည့်ရင်း အလုပ်တွေ ပြီးမြှောက် အောင်မြင်တဲ့ တစ်နေ့တာဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 


Share

Comments

Related Posts