အိပ်မက်တွေနဲ့ အလှမ်းဝေးနေသလို ခံစားနေရလား

Posted in လူမှုဘဝ, ကိုယ်ရည်ကိုယ်သွေး


ဘဝတစ်သက်တာမှာ အိပ်မက်တွေကို ခြေရာကောက်ရတာက စိတ်လှုပ်ရှားမှုအပြည့် ခံစားရပြီး အဲဒီ အိပ်မက်တွေကြောင့် ကိုယ့်ဘဝမှာ အပြောင်းအလဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒီလို ကိုယ့်အိပ်မက်တွေ နောက်လိုက်တာက ဘဝမှာ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုတွေရှိတယ်ဆိုတဲ့ ခံစားချက်ကောင်းတွေကို ရရှိစေပါတယ်။ ဒါပေမယ့်လည်း အိပ်မက်တွေကို အကောင်အထည်ဖော်ရတာ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ အိပ်မက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် အလိုမကျမှုတွေ၊ တာဝန်ဝတ္တရားတွေ၊ ကတိကဝတ်တွေကြားမှာ ဗျာများရတတ်ပါတယ်။ 

ပြောရရင်တော့ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲအတားအဆီးတွေ ကြုံရပေမယ့်လည်း ဒီအခက်အခဲတွေကပဲ လူတွေကို ခံနိုင်ရည်ပိုရှိစေပြီး  ပိုမိုသန်မာလာစေတဲ့ အဖိုးတန်အတွေ့အကြုံတွေ ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်မက်တွေကို လက်မလျှော့ဘဲ အတွေးအမြင်ကောင်းတွေ၊ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ပြီး အောင်မြင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့က အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာဆိုရင် ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကြုံတွေ့ရမယ့် အခက်အခဲအတားအဆီးတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

ဖြစ်နိုင်ခြေရှိတဲ့ ပန်းတိုင်တွေထားရှိပါ

ကိုယ်တစ်ကယ်အကောင်အထည်ဖော်နိုင်တဲ့ ပန်းတိုင်တွေကို သတ်မှတ်ခြင်းက အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ လုပ်ဆောင်ရမယ့် ပထမဆုံးအချက် ဖြစ်ပါတယ်။ ကိုယ်က ဘယ်အရာကို ပြီးမြောက်အောင် လုပ်ဆောင်ချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်းသတ်မှတ်ပြီး ကိုယ့်ပန်းတိုင်ကို သေးငယ်ပြီး အကောင်အထည်ဖော်နိုင်တဲ့ အဆင့်ငယ်လေးတွေအဖြစ် ခွဲထုတ်လုက်ပါ။ ဥပမာပြောရရင် ကိုယ်က ကိုယ်ပိုင်လုပ်ငန်းတစ်ခုစလုပ်ချင်တာမျိုးဆိုရင် ပထမဆုံးအနေနဲ့ လုပ်ငန်းအစီအဉ်ရေးဆွဲတာ၊ website တစ်ခုဖန်တီးတာ၊ ဈေးကွက်ရှာဖွေတာမျိုးတွေကို တစ်ဆင့်ချင်းစီလုပ်‌ဆောင်ပါ။ အခုလိုလုပ်ဆောင်ခြင်းက ကိုယ့်အိပ်မက်တွေကို စနစ်တကျဖြစ်စေရုံသာမက ဒီခရီးလမ်းမှာ ဆက်လက်ရှေ့ဆက်နိုင်အောင် အားပေးကူညီပေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပုံမှန်သုံးသပ်ပြီး ပြင်သင့်တာမျိုး ပြင်ပါ

အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့ခရီးလမ်းတစ်လျှောက်မှာ ကိုယ် ဘယ်အရာတွေကို အောင်မြင်စွာရယူနိုင်ခဲ့တယ်နဲ့ ဘယ်လောက်ထိခရီးရောက်ခဲ့လဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် အမြဲပြန်လည်သုံးသပ်ပေးပါ။ ဘယ်အရာတွေကတော့ ကိုယ်ချမှတ်ထားတဲ့အစီအစဉ်အတိုင်း ကောင်းကောင်းအလုပ်လုပ်နေသလဲ၊ ဘယ်အရာတွေမှာတော့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ပြီးတော့ ဘယ်လိုအရေးပါတဲ့အချက်အလက်တွေကို ဘဝသင်ခန်းစာအနေနဲ့ သင်ယူခဲ့ရလဲဆိုတာ သုံးသပ်ပေးပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ မမျှော်လင့်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေ ရှိလာနိုင်တဲ့အတွက် အခြေအနေအပေါ်လိုက်ပြီး လိုက်လျောညီထွေလုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။ ဘဝက ပုံသေကားချပ်မဟုတ်တဲ့အတွက် ကိုယ့်လုပ်ဆောင်ချက်တွေကပဲ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေဆီကို ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ 

အခက်အခဲတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှားပါ

ကိုယ်မျှော်မှန်းထားတဲ့ အိပ်မက်လမ်းကို လျှောက်လှမ်းနေချိန်မှာ စိတ်ဓာတ်မကျသွားဖို့က အရေးကြီးပါတယ်။ ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အကောင်းမြင်တဲ့စိတ်ထားက အခရာကျတဲ့ လက်နက်အစိတ်အပိုင်းတစ်ခုအဖြစ် ကိုယ့်ကို ဆက်လက် ကြံ့ကြံ့ခံရပ်တည်နေနိုင်စေမှာ ဖြစ်ပါတယ်။ ရှင်သန်နေထိုင်လာရတဲ့ လူ့လောကမှာ စိန်ခေါ်မှုတွေနဲ့ လက်လျှော့အရှုံးပေးခြင်းတွေဆိုတာ ရှောင်လွှဲလို့မရတဲ့အရာတွေ ဖြစ်ပေမယ့်လည်း ဒီအခက်အခဲတွေက ကိုယ့်ကိုယ်ရှေ့ဆက်သွားလို့မရအောင် တားဆီးနေတဲ့ အတားအဆီးတွေလား (ဒါမှမဟုတ်) ကိုယ့်ကို အမြင့်ကိုပို့ပေးမယ့် လှေကားထစ်တွေလားဆိုတာကို ကိုယ်ရှုမြင်တဲ့စိတ်နေသဘောထားကပဲ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ အမြဲတမ်း ကိုယ်နေထိုင်ကျင်လည်ချင်တဲ့ အသိုင်းအဝိုင်းကို  ကိုယ်တိုင်တည်ဆောက်ရယူထားပါ။ ကျရှုံးမှုတွေမှန်သမျှ ကိုယ့်အတွက် သင်ယူနိုင်တဲ့ အခွင့်အရေးလို့ သဘောထား သင်ယူပြီး နောက်တစ်ချိန်ရလာမယ့်အောင်မြင်မှု အပေါ်မှာပဲ ကိုယ့်ရဲ့အာရုံစိုက်မှုတွေအားလုံးကို ပေးအပ်ထားပါ။

အသိပညာဗဟုသုတတွေကနေတစ်ဆင့် ရင့်ကျက်ပြီး သင်ယူပါ

အသိပညာဗဟုသုတဆိုတာ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အစွမ်းအစကြီးမားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချကာ သင်ယူနိုင်တဲ့ဘယ်အရာကိုမဆို ကြိုးစားရှာဖွေသင်ယူပြီးတော့ ကိုယ့်ရဲ့ပညာ အစွမ်းသတ္တိတွေကို တိုးတက်အောင်လုပ်ဆောင်ပါ။  ကြီးပွားတိုးတတ်လိုစိတ်ကို လက်စွဲကိုင်ထားပြီး အတွေ့အကြုံသစ်တွေကို အမြဲလေ့လာသင်ယူနေတာက အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ကိုယ့်ကိုရင့်ကျက်စေနိုင်မှာဖြစ်ပါတယ်။

တိုးတက်မှုတွေကို အသိအမှတ်ပြုပါ

ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှုဖြစ်နေပါစေ အသိအမှတ်ပြုပေးပါ။ ဒီလိုလုပ်တာက ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ့်အိပ်မက်တွေ အမှန်အကန်အကောင်အထည်ဖော်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ဇွဲရှိရှိနဲ့ကြိုးစားနိုင်ဖို့ အားပေးကူညီနိုင်မှာဖြစ်ပါတယ်။ 

 ကိုယ့်ကို အမြဲအားပေးထောက်ခံပေးမယ့် အပေါင်းသင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ

အခုလျှောက်လှမ်းနေတဲ့ ဘဝခရီးစဉ်တစ်လျှောက်လုံးမှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။ ကိုယ့်လို အိပ်မက်ဆိုတဲ့ ပန်းချီကားကိုရေးခြယ်နေပြီး ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ကြိုးစားအားထုတ်မှုတွေကို ခံစားနားလည်းပေးနိုင်တဲ့ ရင်ဘတ်ချင်းနီးတဲ့ မိတ်တွေအပေါင်းအသင်းတွေနဲ့ မိတ်ဖွဲ့ထားပါ။ ကိုယ့်ရဲ့ကြိုစားအားထုတ်မှုတွေကို အပြန်အလှန်မျှဝေနိုင်တဲ့ သူငယ်ချင်းမိတ်ဆွေရှိခြင်းက တန်ဖိုးရှိတဲ့အတွေးအမြင်တွေ၊ အားပေးထောက်ခံမှုတွေနဲ့ တာဝန်ယူတတ်တဲ့ စိတ်ထားတွေ ရှိလာအောင် ကူညီအားပေးနေတာဖြစ်ပါတယ်။ လမ်းပြသွန်သင်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းနဲ့ လိုအပ်တဲ့အချိန်တွေတိုင်းမှာ နောက်ကနေတွန်းပို့ပေးနိုင်မယ့် သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေ (ဒါမှမဟုတ်) ဆရာသမားတွေအပေါ်မှာ မှီခိုအားထားပေးပါ။ 

ကိုယ်စလှမ်းလိုက်တဲ့ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ကိုယ်သွားချင်တဲ့ပန်းတိုင်ဆီရောက်အောင် ပို့ပေးနေတယ်ဆိုတာကို အမြဲသတိရပါ။ မိတ်ဆွေတို့ဆီမှာ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ အစွမ်းသတ္တိတွေ အပြည့်အဝရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ့။


Share

Comments

Anonymous

အိမ်မက်‌တွေအကောင်ထည်ဖော်တဲ့အခါကိုယ့်အိမ်မက်က ကိုယ်တစ်ယောက်ထဲအတွက်အသုံးဝင်တာမျိုးမဖြစ်ချင်ဘူး မလိုအပ်တဲ့နေရာမှာ တိမ်ဖြစ်ဖို့ထက်လိုအပ်တဲ့နေရာမှာတိမ်လေးဖြစ်လိုက်တာက ပိုလှပြီး ပိုအဓိပ္ပါယ်ရှိလို့ လိုအပ်တဲ့နေရာမှာပဲတိမ်ဖြစ်မဲ့ အိမ်မက်လေးပဲ အကောင်ထည်ဖော်ချင်တယ်

AungMinnHtike

မလိုအပ်တဲ့နေရာမှာ တိမ်လေးဖြစ်ဖို့ထက် လိုအပ်တဲ့နေရာမှာ တိမ်လေးဖြစ်လိုက်တာက ပိုလှပြီး ပိုအဓိပ္ပါယ်ရှိလို့ လိုအပ်တဲ့နေရာမှာ တိမ်လေးဖြစ်အောင်ကြိုးစားမှာက ကျွန်တော့်အိမ်မက်ပါပဲဗျ

Ma Than Nar

အိမ်မက်တွေက ဈေးကြေီးတယ်လေ ဒါပေမဲ့လူတိုင်းတော့အိမ်မက် မက်ခွင့်ရှိကြတာပဲလေ

Tin Phyu Phyu Kyaw

အခက်အခဲတွေ တွေ့တိုင်း စိတ်ဓါတ်ကျနေမိတယ် လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက ရည်မှန်းချက်ပန်းတိုင် ကိုအရောက်လှမ်းနိုင်တယ် ဆိုတာလေးကို မေ့နေခဲ့မိတယ်

Vanmang

အိမ်မက်နောက်လိုက်တဲ့လမ်းမှားခဲ့တော့ကျရှုံးမှုတွေပဲရခဲ့တယ်၊အခုဆောင်းပါးကြောင့် အလှမ်းဝေးနေတဲ့အိမ်မက်ကိုပြန်အသက်သွင်းဖို့နည်းလမ်းကောင်းတွေရခဲ့ပါပြီ၊မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်စေလို့ ကျေးဇူတင်ပါတယ်။

Si Lay Si Lay

လူတိုင်းမှာအိမ်မက်ကိုယ်စီရှိကြပေမဲ့ အိမ်မက်တွေနောက်လိုက်ရင်း ကိုယ်တိုင်ပျောက်ဆုံးသွားတာမျိုးမဖြစ်အောင်ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ပြီးရှင်သန်နေဖို့အတွက်အရေးကြီးဆုံးအရာက ကိုယ့်ရဲ့ပန်းတိုင်ကိုသိဖို့နဲ့ နေ့တိုင်းကြိုးစားနေဖို့ပါပဲ အိမ်မက်တွေလက်တွေ့ဖြစ်လာပါစေ

Annaphyo

စိတ်ဓါတ်ကျနေတာ စာလေးဖတ်ပီး အားရှိသွားတယ် မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်

Related Posts