ချိုင်းချွေးနံ့ပြင်းသူတွေအတွက် နည်းလမ်း ၅ သွယ်

Posted in ကျန်းမာရေး


ခန္ဓာကိုယ်မှာ ချွေးထွက်များလာရာကနေ ချိုင်းချွေးနံ့ နံတယ်ဆိုတာဟာ တချို့တွေမှာ ဖြစ်သလို တချို့တွေမှာလည်း ကံကောင်းစွာ မဖြစ်တတ်ကြတာပါ။ ဂျိုင်းမှာရှိတဲ့ ချွေးအကျိတ်လေးတွေကနေ ထွက်တဲ့ အရည်ဂလင်းတွေကို ဘက်တီးရီးယားပိုးတွေက ဖြိုခွဲလိုက်တဲ့အခါ အမိုးနီးယားအပါအဝင် ဓာတ်ပစ္စည်းတွေထွက်ပေါ်လာပြီးတော့ အနံ့ဆိုးတွေ ထွက်လာစေတာပါ။ ဒီဂလင်းတွေက အမျိုးသားတွေမှာ ပိုပြီးတက်ကြွတဲ့အတွက် အမျိုးသားတွေမှာ ချိုင်းချွေးနံ့ပိုပြင်းစေပါတယ်။ နေ့စဥ်လူတွေနဲ့ တွေ့ဆုံစကားပြောနေကြရသူတွေအတွက် ဒီလိုချွေးထွက်များပြီး ချိုင်းချွေးနံ့ပြင်းတတ်တယ်ဆို လူတွေကြား မိမိရဲ့ပုံရိပ်ကို လျော့ကျစေပြီး ယုံကြည်မှုပျောက်ဆုံးစေပါတယ်။ ကျန်းမာရေးအရလည်း ဒီလိုချိုင်းချွေးနံ့ပြင်းတာက ရောဂါအခြေအနေတစ်ခုခုကြောင့် ဆက်စပ်နေနိုင်တာမို့ ဆောင်ရန်၊ ရှောင်ရန်အချို့ကို ဖတ်ကြည့်လိုက်ရအောင်။ 

အစားအသောက် ပြောင်းလဲပါ

သတိမထားမိဘဲ ကိုယ်ပုံမှန်စားနေတဲ့ အစားအသောက်တွေကလည်း ချိုင်းချွေးနံ့ကို တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။ အနီရောင်အသားငါးတွေ၊ သရေစာတွေ၊ အပူအစပ်နဲ့ အရသာပြင်းတာတွေ အစားများတာ၊ ကဖိန်းနဲ့ အယ်ကိုဟောသောက်တာ လွန်ကဲတယ်ဆို အနံ့အသက်ပြင်းနိုင်တာပါ။ ဒါကြောင့် အသားလျော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေတို့အပြင် အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေက ကိုယ်ခန္ဓာအနံ့ နံစေတဲ့ အဆိပ်အတောက်နဲ့ ဘတ်တီးရီးယားကို ဖယ်ရှားနိုင်တာကြောင့် ဒါတွေ အစားထိုး စားပေးမယ်ဆို ချိုင်းချွေးနံ့ နံတာကို အတတ်နိုင်ဆုံး လျော့ချနိုင်မှာပါ။ ရေများများသောက်တာကလည်း ကိုယ်တွင်းအဆိပ်အတောက်နဲ့ အနံ့အသက်တွေ ပြေလျော့နိုင်တာမို့ တစ်နေ့ကို ရေ ၂လီတာ ကနေ ၃လီတာအထိ သောက်ပေးဖို့ လိုအပ်ပါတယ်။ 

နေထိုင်မှုပုံစံ ပြောင်းလဲပါ

ချွေးနံ့နံတာက ‌ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်တာမို့ မပေါ့ဆသင့်ပါဘူး။ အရင်က ချိုင်းချွေးနံ့မထွက်တတ်ပေမဲ့ အခုမှ အနံ့အသက်တွေ မကောင်းတာ သတိထားမိတယ်ဆို ခန္ဓာကိုယ်ထဲ တစ်ခုခုမှားယွင်းနေလို့ ဖြစ်နိုင်တာမို့ စားနေတဲ့အစားအစာတွေနဲ့ နေထိုင်မှုပုံစံတွေကို ပြန်လည်ဆန်းစစ်သင့်တာပါ။ ဝတ်ဆင်ပြီးသား အဝတ်အစားတွေကို နည်းမှန်မှန်နဲ့ ပုံမှန်လျှော်ဖွတ်သင့်ပြီး အဝတ်အစားတွေကို ၂ရက်ထက် ပိုပြီး ဝတ်တာမျိုး၊ မလျော်ဖွတ်ဘဲ ချွေးနံ့နံနေတာကို ပြန်လည်ဝတ်ဆင်တာမျိုးတွေကို ရှောင်သင့်ပါတယ်။ အားကစားလုပ်ထားတဲ့ အဝတ်အစားတွေဆို ဘတ်တီးရီးယားနဲ့ ချွေးနံ့တွေ ပိုဆိုးနေနိုင်တာမို့ အားကစားလုပ်ပြီးတိုင်း လူရော အဝတ်အစားတွေပါ သန့်ရှင်းလန်းဆန်းသွားအောင် သန့်စင်သင့်တာပါ။ ဒါကြောင့် ခန္ဓာကိုယ် အနံ့အသက် ကောင်းမွန်စေဖို့အတွက်အပြင် ကျန်းမာရေးအတွက်ပါ ကိုယ်ခန္ဓာ အတွင်းအပြင် သန့်ရှင်းနေ‌အောင် ဂရုပြုနေထိုင်သင့်ပါတယ်။ 

စိတ်ဖိစီးမှုလျော့ချပါ

ကိုယ်ကာယပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်နဲ့ ချွေးထွက်များစေတဲ့အလုပ်တွေ လုပ်မှမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စိတ်ကိုအနားမပေးဘဲ အလုပ်လုပ်ခိုင်းရင်လည်း စိတ်ဖိစီးမှုကြောင့် ကိုယ်ခန္ဓာပေါ် မှာ တစ်ခုခု အကျိုးသက်ရောက်မှုရှိနိုင်တာပါ။ ဒါကြောင့်မို့ လူရော စိတ်ရော အနားပေးရင်း အေးချမ်းမှုရှိအောင် တရားထိုင်တာ၊ ယောဂကျင့်တာ၊ အိပ်ခါနီးတွေမှာ စိတ်ကိုလျော့ချပြီး ကောင်းကောင်းအနားယူတာမျိုးတွေကို ဉီးစားပေးလုပ်ဆောင်ရင်း အနံ့အသက်ဆိုးတွေကိုလည်း တစ်ဖက်တစ်လမ်းက လျော့ချနိုင်မှာပါ။ ဆီးချို‌၊ အသည်း၊ သိုင်းရွိုက်၊ ကျောက်ကပ်ရောဂါနဲ့ အဝလွန်‌ရောဂါတွေကလည်း ချွေးနံ့ပြင်းတဲ့ လက္ခဏာနဲ့ ဆက်စပ်နေတာမို့ လိုအပ်ရင် ကျွမ်းကျင်ရာဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပြီး ကျန်းမာတဲ့အစားအသောက်နဲ့ နေထိုင်မှုပုံစံအမှန် ထားရှိနေသင့်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပါ

ကိုယ်ခန္ဓာသန့်ရှင်းကျန်းမာပြီး အနံ့အသက်ကောင်းနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုက ပြောနေစရာမလို‌‌‌အောင် သေချာပေါက် အရေးကြီးဆုံးပါပဲ။ ဘယ်လောက်ပဲအလုပ်များများ၊ ပင်ပင်ပန်းပန်း တစ်ရက်မှာ အနည်းဆုံး တစ်ခါ ရေပုံမှန်ချိုးမှသာ တစ်နေ့တာအတွက် သန့်ရှင်းလန်းဆန်းနေမှာပါ။ အထူးသဖြင့် အားကစားလုပ်ပြီးချိန်နဲ့ လှုပ်လှုပ်ရှားရှားအလုပ်လုပ်ပြီး ပြန်လာချိန်ဆို ချွေးနဲ့ ဘတ်တီးရီးယားတွေကနေ အနံ့ဆိုးတွေထွက်စေတာမို့ ဆပ်ပြာနဲ့ ရေသေချာချိုးပေးသင့်ပါတယ်။ နောက်တစ်ခုက ချိုင်းမွှေးပုံမှန်ရိတ်ပေးသင့်ပြီး ချိုင်းလိမ်းဆီ (Roll On) အသုံးပြုတာက ချွေးထွက်တာကို မတားဆီးနိုင်ပေမဲ့လည်း အနံ့နံတာကို လျော့ချပေးတာမို့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကို ရွေးချယ်သုံးစွဲ‌ပေးပါ။ ဒီလိုမှ မဟုတ်ဘဲ အနံ့အသက်တွေ ဆိုးနေတုန်းဆိုရင် နီးစပ်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်ကုသနိုင်ပါသေးတယ်။

ပေါ့ပါးတဲ့ အဝတ်အစားဝတ်ပါ

ရာသီဥတုပူပူမှာ ကျပ်ကျပ်တည်းတည်းနဲ့ အပူစုပ်စေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာကလည်း အပူဒဏ်ပိုခံရနိုင်တဲ့အပြင် ချွေးထွက်များစေပြီး အနံ့အသက်လည်း မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့် လီနင်နဲ့ ချည်သားလို ချွေးစုပ်စေတဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အထည်တွေက ချွေးထွက်တဲ့အခါ အ‌လွယ်တကူ ချွေးငွေ့ပျံစေလို့ ရွေးချယ်ဝတ်ဆင်သင့်တာပါ။ နိုင်လွန် (Nylon)၊ ပိုလီယက်စတာ (Polyesters) တွေနဲ့ ချုပ်လုပ်ထားတဲ့ အဝတ်အထည်တွေက ချွေးမစုပ်တဲ့အပြင် ချွေးငွေ့ကျန်နေစေတာမို့ အနံ့အသက်ဆိုးတွေကို အားပေးပါတယ်။ ဒါကြောင့် ကိုယ်က ချွေးထွက်များတယ်၊ အားကစားလုပ်တယ်ဆို ချွေးစုပ်စေတဲ့ ချည်သားတွေ ဝတ်ဆင်ပြီး လိုအပ်ရင် လဲဖို့ ချည်ထည် အဝတ်တစ်စုံ ဆောင်ထားသင့်ပါတယ်။ 

အကျဉ်းချုပ်အနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သက်တောင့်သက်တာရှိတဲ့ ဝတ်စားဆင်ယင်မှုနဲ့ စိတ်ဖိစီးမှုလျော့ချတာက ကိုယ်ခန္ဓာအနံ့အသက်ကောင်းဖို့ကို အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ပေးနိုင်မှာပါ။ အပေါ်မှာ ပြောပြထားတဲ့အချက်တွေ လိုက်လုပ်ကြည့်ပြီး တခြားအသုံးဝင်စေတဲ့နည်းလမ်းတွေ ရှိရင်လည်း ကောမန့်မှာ မျှဝေခဲ့ဦးနော်။ 


Share

Comments

Related Posts