ကြောင်လေးတွေ ဘာကြောင့်အန်တတ်တာလဲ

Posted in အိမ်မွေးတိရစ္ဆာန်


အိမ်မှာ မိညောင်လေးတွေ မွေးထားတယ်ဆို သူတို့လေးတွေရဲ့ ချစ်စရာအပြုအမူတွေအပြင် ကျန်းမာရေးကြောင့် နေထိုင်မကောင်းတဲ့အခါ မှိုင်တွေတွေဖြစ်နေတာ၊ အခန့်မသင့်လို့ ရုတ်တရက်ပျို့အန်တာတွေ ကြုံဖူးကြမှာပါ။ အဲ့အခါကျ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကြပြီး အကြောင်းရင်းလည်း သေချာမသိရတော့ တိပိုင်ရှင်တို့အနေနဲ့ စိုးရိမ်ပူပန်ဖြစ်တတ်ကြပါတယ်။ တခါတလေ ပျို့အန်တာမျိုးဆို ကိစ္စမရှိပေမယ့် ခဏခဏဖြစ်နေပြီဆို အစားအသောက်နဲ့ ကျန်းမာရေးကို ဂရုပြုပေးရတော့မှာပါ။ ဒီလိုကြောင်လေးတွေ ခဏခဏ အန်ရတဲ့အကြောင်းရင်းတွေနဲ့ တိပိုင်ရှင်တို့ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုပါ ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်။ 

အစားအသောက်

ကြောင်လေးတွေက သူတို့နဲ့ မတည့်တဲ့အစားအစာတွေ စားပြီး အစာအဆိပ်သင့်တာ၊ တွေ့ရာအပင်နဲ့ အမှိုက်တွေကို စားမိရင်း အစာအိမ် မအီမသာဖြစ်တာတွေကြောင့် အန်တတ်ကြပါတယ်။ သူတို့အတွက် စားစရာမဟုတ်တာတွေကို စားမိ၊ မျိုချမိရင်လည်း အစာလမ်းကြောင်းမှာ ပိတ်ဆို့ပြီး ပြန်အန်တတ်ပြီး နောက်ထပ် သူတို့အန်စေတတ်တဲ့အရာကတော့ သူတို့ရဲ့အမွှေးတွေပါပဲ။ ကြောင်လေးတွေ သူတို့အမွှေး သူတို့ပြန်လျက်ကြတဲ့အခါ အမွှေးတွေ ပါးစပ်တွေဝင်သွားပြီး အစာအိမ်ထဲ အမွှေးလုံးတွေ ဖြစ်သွားစေပါတယ်။ ဒါကြောင့် ပြန်အန်ထွက်တဲ့အခါ အမွှေးလုံးတွေလည်း ပါတတ်တာပါ။ ဒါကြောင့် ကြောင်ချစ်သူတို့အနေနဲ့ ကြောင်လေးတို့ တွေ့ရာမစားမိအောင် ဂရုပြုပေးသင့်ပြီး အစားခဏခဏစားတာ၊ တခါတည်း အများကြီးစားရင်း မအန်အောင် စားသမျှအစားအစာတွေကို စီစစ်စောင့်ကြည့်ပေးနေသင့်ပါတယ်နော်။

ရောဂါနဲ့ ပိုးမွှားများ 

အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သွေးပေါင်ချိန်တက်တတ်တဲ့ ရောဂါတွေကြောင့်လည်း အားနည်းစေပြီး ကြောင်လေးတို့ ကိုယ်အလေးချိန်ကျလာကာ အန်တတ်တဲ့ လက္ခဏာလည်း တွေ့ရတတ်ပါတယ်။ ဗိုက်ထဲက သန်ကောင်နဲ့ အခြားသောရောဂါပိုးတွေ၊ အူလမ်းကြောင်းမှာ ရှိတဲ့ ပိုးမွှားတွေကြောင့် အစာလမ်းကြောင်းကို ယားယံကာ အန်စေပြီး အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ခံစားရနိုင်တာပါ။ ဒီ့အတွက် ကျွမ်းကျင်တဲ့ တိရစ္ဆာန်ကုဆရာဝန်နဲ့ ဆေးစစ်နေသင့်ပြီး လိုအပ်တဲ့ ဆေးဝါးကုသတွေကို လုပ်ဆောင်ပေးနေသင့်ပါတယ်။

ခဏခဏမအန်ရအောင်

သူတို့လေးတွေ ကိုယ်ခန္ဓာပေါ်က အမွှေးတွေကျွတ်ပြီး ပါးစပ်ထဲမဝင်အောင် တိပိုင်ရှင်တို့အနေနဲ့ အမွှေးတွေကို မကြာခဏဖြီးပေးနေသင့်ပြီး မကြာခဏအလှဆင်၊ ပုံသွင်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှ သူတို့လေးတွေ အမွှေးကျွတ်တာနည်းကာ လျက်ပြီး မျိုချမိရင်လည်း အစာအိမ်ထဲမှာ အမွှေးလုံးတွေ ဖြစ်တာကို လျော့ချနိုင်မှာပါ။ အစာကျွေးတဲ့အခါမှာလည်း ကြောင်စာဆိုတဲ့အတိုင်း နည်းနည်းနဲ့ အကြိမ်ရေ စိတ်စိတ် ကျွေးတာမျိုးက ရင်ပြည့်၊ အန်တာကို ရှောင်ကြဥ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သူတို့လေးတွေ ပတ်ဝန်းကျင်မှာလည်း စားမိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ အစားအစာတွေကို ဖယ်ရှားပေးထားသင့်ပြီး အမြဲစောင့်ကြည့် ဂရုစိုက်ပေးနေသင့်ပါတယ်။ ကိုယ့်ကြောင်လေးအတွက် တိကုဆေးခန်းတွေမှာလည်း ပုံမှန်စစ်ဆေးပြသပေးနေသင့်ပြီး တခြားကျန်းမာရေးအခြေအနေတွေပါ ကြိုတင်သိထားနိုင်တော့ ဖြစ်လာနိုင်တဲ့ရောဂါတွေ မဆိုးရွားသွားအောင် ကာကွယ်နိုင်တာပေါ့။

ကြောင်လေးတွေ တစ်ခါတစ်ရံမဟုတ်ပဲ မကြာခဏ အန်တာ၊ ပင်ပန်းနွမ်းနယ်ပြီး ကိုယ်အလေးချိန်လျော့နည်းလာတာ ဒါမှမဟုတ် အစားအသောက်မစားတော့တာမျိုးဖြစ်နေပြီဆိုရင် အပေါ်မှာ ပြောပြထားတဲ့ အချက်လေးတွေနဲ့ ဆန်းစစ်လေ့လာကြည့်ပြီး ကျွမ်းကျင်ရာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသပေးသင့်ပါတယ်။


Share

Comments

Related Posts