ကလေးငယ်တွေဘေးကင်းစေဖို့ အရေးကြီးတဲ့ကားထိုင်ခုံများ

Posted in မိဘအုပ်ထိန်းခြင်း


ကိုယ့်ဘေဘီလေးနဲ့အတူ ကားနဲ့အပြင်ထွက်တဲ့အခါ ဒါမှမဟုတ် ခရီးသွားတဲ့အခါ တချိန်လုံး ရင်ခွင်ထဲထည့်ထား၊ ချီထားမယ်ဆိုရင် ပင်ပန်းတာပေါ့နော်။ အထူးသဖြင့် ကိုယ့်ကလေးက ရင်ခွင်ပိုက်အရွယ်ထက်ကြီးနေပြီဆိုရင် ပေါ့။ တချို့အချိန်တွေကျ ကလေးကို ချီထားလို့အဆင်မပြေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကားနဲ့ခေါ်သွားတဲ့အခါ ကလေးခုံတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ကလေး ကားထိုင်ခုံတွေ ဘယ်လို အသုံးပြုရမလဲနဲ့ ဘာကြောင့် ကလေးခုံအသုံးပြုဖို့ အရေးကြီးလဲဆိုတာ ဆက်ကြည့်လိုက်ရ‌အောင်။

ကလေးကားထိုင်ခုံ (Baby Car seat) ဆိုတာဘာလဲ 

ကလေးတွေ ကားထဲမှာလိုက်ပါတဲ့အခါ လုံခြုံမှုရှိတာ သေချာစေဖို့ အသုံးပြုရတဲ့ ကလေးနဲ့ကွက်တိ ကားထိုင်ခုံ ‌လေးတွေ ဖြစ်ပါတယ်။ ကိုယ့်ကလေးရဲ့ အသက်အရွယ်အလိုက် လိုအပ်တဲ့ ကလေးကားထိုင်ခုံ အမျိုးအစားတွေ ရွေးချယ်အသုံးပြုရပါမယ်။

ဘယ်အရွယ်ကလေးတွေအတွက်လိုတာလဲ 

လသားအရွယ်ကနေ အသက် (၁၂) နှစ်အထိ ကလေးငယ်တွေ ကားထဲမှာလိုက်ပါတဲ့အခါ ကလေးထိုင်ခုံ အသုံးပြု ဖို့ လိုအပ်ပါတယ်။ ကလေးရဲ့အသက်၊ အရွယ်အစားနဲ့ ကိုယ်မောင်းနှင်တဲ့ ကားအမျိုးအစားတွေပေါ်မူတည်ပြီး အသုံးပြုရမယ့် ကားထိုင်ခုံတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ကားခါးပတ်ပါပေမယ့် ကလေးခုံ ဘာလို့လိုသေးတာလဲ

ကားရဲ့ မူလပါတဲ့ ထိုင်ခုံမှာ ထိုင်တဲ့အခါ ထိုင်ခုံခါးပတ်ပတ်ခြင်းအားဖြင့် မတော်တဆဖြစ်တဲ့အခါ ထိခိုက်မှုတွေ ကို လျှော့ချပေးတာဖြစ်ပါတယ်။ ကားထိုင်ခုံခါးပတ်က ပတ်ထားတဲ့သူရဲ့ ပုခုံးကိုနဲ့ ဗိုက်မှာ နေရာတကျရှိနေ ရပါမယ်။ ဒါပေမယ့် ကလေးတွေက သေးငယ်တာကြောင့် ထိုင်ခုံခါးပတ်နဲ့ ချောင်ထွက်နေမှာပါ။ ခါးပတ်က ကလေးမေ့စေ့ကို ကျော်နေပြီး ကလေးရဲ့ခြေထောက်ကလည်း ကားကြမ်းပြင်ကို ထိမနေဘူးဆိုရင် မတော်တဆ တစ်ခုခုဖြစ်လာတဲ့အခါ ခါးပတ်က က‌လေးကို မကာကွယ်ပေးနိုင်ပါဘူး။ ကိုယ့်ကလေးနဲ့ အသင့်တော်ဆုံး အမျိုး အစား ကလေးခုံတွေကတော့ ကလေးငယ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။

ကလေးကားထိုင်ခုံ အမျိုးအစားများ 

နောက်ဖက်လှည့် ကလေးခုံ- အသက်(၂) နှစ်အောက်ကလေးငယ်တွေက အရိုးဖွဲ့စည်းပုံပျော့ပြောင်းပြီး ခေါင်း လည်းမခိုင်သေးတာကြောင့် မတော်တဆမှုတွေမှာ ထိခိုက် ကျိုးပဲ့နိုင်ချေ ပိုများပါတယ်။ (၂) နှစ်နဲ့ အောက် ကလေးငယ်တွေအတွက်ဆို လည်ပင်းနဲ့ ကျောရိုးကို ကာကွယ်ပေးနိုင်တဲ့ နောက်ဖက်လှည့် ကလေးခုံလေးတွေ ကို အသုံးပြုရပါမယ်။ ဒီခုံတွေ ကို အများအားဖြင့် မွေးကင်းစ၊ လသားကလေးငယ်တွေအတွက် အသုံးပြု ကြပါတယ်။

ရှေ့လှည့်ကလေးခုံ- ဒီနောက်လှည့် ကားခုံတွေကိုပဲ ရှေ့ဖက်ကိုလှည့်ပြီး ပြန်ပြောင်းသုံးလို့ရတဲ့ အမျိုးအစား ရှိပါတာကြောင့် ကလေး (၂) နှစ်ကျော် တဲ့အထိ ဆက်သုံးနိုင်ပါတယ်။ ရှေ့လှည့်ကားထိုင်ခုံတွေကိုတော့ ကလေး (၂) နှစ်ကနေ (၅) နှစ် အထိ အသုံးပြု သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

Booster seat - ကလေးက အသက် ၅ နှစ် (သို့) ပေါင် ၁၀၀ ထက်ကျော်လာပြီး မူလကားခုံမှာ ထိုင်ဖို့လည်း စိတ်မချရသေးတဲ့အခါ Booster seat တွေကို အသုံးပြုရပါမယ်။ Booster seat တွေက ပုံမှာ ပြထားတဲ့ အတိုင်း ကားထိုင်ခုံပေါ်မှာ ထပ်မံတပ်ဆင်ရပြီး ကလေးအတွက် သင့်တော်တဲ့ ခါးပတ်နဲ့ သိုင်းကြိုးတွေ ပါဝင်တဲ့ ကလေးခုံ တမျိုးဖြစ်ပါတယ်။ သူ့ကိုတော့ ကလေး အသက် ၈ နှစ် ကနေ ၁၂ နှစ် (သို့) အရပ် ၄ပေ ၁၀ လက်မအထိ အသုံး ပြုဖို့ လိုအပ်ပါတယ်။

ကလေးကားထိုင်ခုံတွေကို ဘယ်လိုတပ်ဆင်ရမလဲ 

ကလေးကားထိုင်ခုံတွေကို တပ်တော့မယ်ဆိုရင် ကိုယ်တိုင်တပ်လို့ စိတ်ချရရဲ့လား၊ ဘယ်လိုတပ်ဆင်ရမလဲ၊ တပ် ဆင်ရလွယ်ကူရဲ့လားဆိုတာကို လူတော်‌တော်များများ စိတ်ပူတတ်ကြပါတယ်။ ကလေးကားထိုင်ခုံတွေ ဝယ်ယူ တဲ့အခါ ဘယ်လိုတပ်ဆင်၊ အသုံးပြုရမလဲဆိုတဲ့ လမ်းညွှန်စာအုပ် တစ်ပါတည်း ပါရှိပါတယ်။ ဒီလမ်းညွှန်စာအုပ် ကို မဖြစ်မနေဖတ်ဖို့လိုအပ်ပါတယ်။ ကားထိုင်ခုံအမျိုးအစားတွေ ကွဲပြားတာကြောင့် ကိုယ်ဝယ်ထားတဲ့ ခုံအတွ က် ဘယ်လိုတပ်ရမလဲဆိုတာကို လမ်းညွှန်စာအုပ်ကနေပဲ အတိအကျ သိနိုင်တာကြောင့်ပါ။ အခြေခံအားဖြင့်  တော့ ကလေးခုံရဲ့ အခြေကို ခိုင်မြဲအောင် တပ်ဆင်မယ်၊ သိုင်းကြိုးတွေကို လျော့ရဲရဲဖြစ်မနေအောင် ဂရုစိုက်ရ မယ်၊ ခုံရဲ့ အနေအထားက ကလေးရဲ့ ကျောရိုးနဲ့ ဦးခေါင်းကို ကာကွယ်နိုင်တဲ့ လျောစောက်အနေအထား ရှိနေရ မယ် စတဲ့ အချက်တွေကို သေချာဂရုပြုရပါမယ်။ တကယ်လို့ ကိုယ်က ဒီလိုလုပ်ငန်းစဥ်နဲ့ မရင်းနှီးဘူးဆိုရင် အတွေ့အကြုံရှိပြီးသားသူတွေ၊ ကျွမ်းကျင်သူတွေဆီက အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။

WHO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ စစ်တမ်းတွေအရ ကားမတော်တဆမှုက ကမ္ဘာတဝှမ်း ကလေး များ ထိခိုက်ဒဏ်ရာ ရမှုနဲ့ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုလို့ သိရပါတယ်။ ကလေးကား ထိုင်ခုံတွေက မတော်တဆဖြစ်တဲ့အခါ ကျောရိုးနဲ့ ဦးခေါင်းလို အဓိကနေရာတွေကို ကာကွယ်ပေးလို့ အပြင်းအ ထန် ထိခိုက်မှုတွေကို ရှောင်ရှားနိုင်ပါတယ်။ ဒါကြောင့် ကလေးရှိတဲ့ မိသားစုတွေအတွက် ကလေးကားထိုင်ခုံဆို တာ အလှဆင်ခြင်းထက် ပိုတဲ့ မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်တာမို့ ကလေးခုံတပ်ဖို့ မနှောင့်နှေးနဲ့တော့နော်။




Share

Comments

Related Posts